မီးလောင်နေတဲ့ကားတစ်စီးကနေ မိသားစုတစ်စုကို ဆွဲထုတ်ကယ်တင်ပေးခဲ့တဲ့ ဆယ်ကျော်သက်ကောင်လေး

21-9-2002-yyl-009.jpg

အခုနောက်ပိုင်း အပြင်လောကမှာလည်း ဟီးရိုးတွေများလာပါတယ်။ ဟီးရိုးတွေက ဆယ်ကျော်သက်လေးတွေပါပဲ။ ကွန်နက်တီကတ်ပြည်နယ်က ဂျက်စတင် ဂါဗင် (Justion Gavin) ဆိုတဲ့ လူငယ်လေးကလည်း ဆယ်ကျော်သက်ဟီးရိုးတွေထဲမှာ ပါဝင်ပါတယ်။ ဂျက်စတင်ကို ဘာလို့ ဟီးရိုးလို့ပြောရလဲဆိုရင် အကြောင်းအရင်းရှိပါတယ်။ မိသားစုတစ်စုရဲ့အသက်ကို ကယ်တင်ပေးခဲ့လို့ပါပဲ။ ဖြစ်ရပ်လေးကတော့ ဒီလိုပါ။

ဂျက်စတင်ဟာ လမ်းမထက်မှာ လမ်းလျှောက်လာနေတုန်း သူ့ရင်ဘတ်ကို အောင့်သွားစေခဲ့တဲ့ တစ်စုံတစ်ခုကို မြင်တွေ့ခဲ့ပါတယ်။ အဲဒါကတော့ မီးတောက်တွေဖုံးနေတဲ့ SUV ကားအမျိုးအစားက သူ့ဘေးကနေ ဖြတ်မောင်းသွားခဲ့လို့ပါပဲ။ ကားပြတင်းပေါက်ကနေ ကလေးမလေးတစ်ဦးထွက်နေတာကိုတော့ သူ မြင်တွေ့ခဲ့ရပါတယ်။ ဘေးကနေ ကားမီးလောင်နေတာကို မြင်တွေ့နေရတဲ့ ကားမောင်းသမားတွေကလည်း အမျိုးသမီးတစ်ဦးမောင်းနေတဲ့ကားက မီးတောက်နေပြီးဆိုတာကိုသိအောင် အချက်ပြဖို့အတွက် ဟွန်းတီးခဲ့ကြတဲ့အပြင် ကားထဲကနေလည်း ထွက်လာခဲ့ကြတယ်လို့ ဂျက်စတင်ရဲ့ပြောစကားအရ သိရပါတယ်။ “ကားကို ရပ်ဖို့ ကျွန်တော် အော်နေခဲ့တယ်။ ကားမီးလောင်နေတယ်။ ကားမီးလောင်နေတယ်” လို့ ဂျက်စတင်က ပြောပါတယ်။

ဒါပေမဲ့ ကားမောင်းနေတဲ့ ကလေး (၃) ဦးမိခင်က ကားကို ရပ်တန့်လို့မရခဲ့ဘူး။ အဲဒါနဲ့ပဲ ဂျက်စတင်က စဉ်းစားနေဖို့ အချိန်မရှိတော့ဘဲ သူကိုယ်တိုင်ကြိုးစားကြည့်ဖို့ လုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။ သူဟာ ကားထဲက မိသားစုကို ကယ်တင်ဖို့အတွက် မီးလောင်နေတဲ့ကားဆီ အပြေးအလွှားလိုက်သွားခဲ့ပါတယ်။ “ကျွန်တော်သာ အဲဒီအခြေအနေမျိုးမှာဆိုရင် ကျွန်တော့်ကို ကယ်တင်ပေးမယ့် သူကို လိုအပ်နေမှာပဲလို့ ခံစားမိခဲ့တယ်”လို့ ဂျက်စတင်ကပြောပါတယ်။ နောက်ဆုံးမှာ ဂျက်စတင် ကားဆီရောက်သွားတဲ့အခါမှာ ကားက ရပ်တန့်လာခဲ့တယ်။ သူက ကားတံခါးကို ဖွင့်ပြီး ကားမောင်းသမားထိုင်ခုံက အမျိုးသမီးကို အရင်ဆုံးဆွဲထုတ်ခဲ့တယ်။ မီးတောက်တွေက ပိုကြီးမားလာတဲ့အတွက် ကားနောက်ခန်းထဲက အသက် (၄)နှစ်၊ (၉) နှစ်၊ (၁) နှစ်ကလေး (၃) ဦးကို ဆွဲထုတ်ကယ်တင်ခဲ့ပါတယ်။

ကလေး (၃) ဦးနဲ့ မိခင်ကို ဂျက်စတင်ကယ်တင်ခဲ့ပြီး ခဏအကြာမှာ ကားကို မီးတောက်ကြီးက ဝါးမြိုသွားခဲ့ပါတယ်။ “ကားထဲက လူတိုင်းကို အချိန်မီဆွဲထုတ်နိုင်ခဲ့ရလားဆိုတာ မသိခဲ့လောက်အောင် ကြောက်စရာကောင်းပါတယ်။ ကံကောင်းစွာနဲ့ပဲ ကျွန်တော် ကားထဲကလူတွေအကုန်လုံးကို ကယ်တင်နိုင်ခဲ့တယ်”လို့ ဂျက်စတင်က ပြောပါတယ်။ အဲဒီဖြစ်ရပ်ဖြစ်ပွားခဲ့တဲ့ စက်တင်ဘာ (၉) ရက်နေ့မှာ The Waterbury Police Department ကလည်း မီးလောင်နေတဲ့ကားအတွင်းမှာ အမျိုးသမီးတစ်ယောက်ပိတ်မိနေတယ်ဆိုတဲ့အကြောင်း ဖုန်းဆက်အကြောင်းကြားတဲ့ ဖုန်းလက်ခံမှုတွေရရှိခဲ့တာပါ။

ရဲတပ်ဖွဲ့ရောက်မလာခင်မှာပဲ ဂျက်စတင် ဂါဗင်က အချိန်မီကယ်တင်လိုက်နိုင်ခဲ့တာပါ။ ကားပိုင်ရှင်အမျိုသမီးက သူ့မိသားစုရဲ့အသက်ကို ကယ်တင်ပေးခဲ့တဲ့အတွက် ဂျက်စတင်ကို ကျေးဇူးဆပ်တယ်လို့ သိရပါတယ်။ ရဲဌာနကလည်း ဂျက်စတင်ကို ဟီးရိုးအဖြစ် သတ်မှတ်ကာ ဂုဏ်ပြုခဲ့ပါတယ်။ ရဲမှူးချုပ် ဖာနန်ဒို စပါနိုလို (Fernando Spagnolo) က ဂျက်စတင်ရဲ့သတ္တိရှိတဲ့လုပ်ရပ်ကို အသိအမှတ်ပြုတဲ့အနေနဲ့ Challenge Coin နဲ့ဆုချီးမြှင့်ခဲ့ပါတယ်။ ရဲမှူးချုပ်က လက်ဆွဲနှုတ်ဆက်ပြီး ကျေးဇူးတင်လွှာပေးအပ်ခဲ့တဲ့အတွက် ဂျက်စတင်က အပျော်ကြီးပျော်ခဲ့ရပါတယ်။

“မင်း ဒီCoin ကို ရတဲ့အခါ အဲဒီနေ့ကို မင်းတို့ကို အမှတ်ရစေပြီး မင်းနဲ့ မင်းကယ်တင်ခဲ့တဲ့ အဲဒီမိသားစုအတွက် ကောင်းတဲ့အရာအားလုံးကို မင်း တန်ပြန်ခံစားရနိုင်တယ်လို့ ငါယုံကြည်ပါတယ်”လို့ ဖာနန်ဒိုက ပြောပါတယ်ယ။ ဒီအတွေ့အကြုံက Inspiration ဖြစ်စေတဲ့အပြင် ရဲတွေအပေါ်ထားတဲ့ သူ့ရဲ့သဘောထားကိုလည်း ပြောင်းသွားစေခဲ့တယ်လို့ ဂျက်စတင်က ပြောပါတယ်။ မိသားစုတစ်စုကို ကယ်တင်နိုင်ခဲ့တဲ့ သူ့လုပ်ရပ်ကြောင့် ဂျက်စတင် ဂါဗင်က နားလည်သွားခဲ့တာက “ဘဝက တိုတိုလေးပါ”တဲ့။

Ref: CNN “A Connecticut teen saves the lives of a mom and three children by pulling them from a burning car”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top