အာနိသင်ထက်မြက်တဲ့ ကိုဗစ်-၁၉ ကာကွယ်ဆေး ဖော်စပ်မှုနောက်ကွယ်က တူရကီနွယ်ဖွား ဂျာမနီနိုင်ငံသား ဆရာဝန်လင်မယား

11-11-2020-yyl-013.jpg

ကနဦးရလဒ်တွေအရ ကိုဗစ်-၁၉ ရောဂါကို ၉၀ ရာခိုင်နှုန်း ကာကွယ်ပေးနိုင်တဲ့ Pfizer ကာကွယ်ဆေးက ပုံမှန်လူနေမှုဘဝ ပြန်ရောက်တော့မယ်ဆိုတဲ့ မျှော်လင့်ချက်တွေ ဖြစ်စေခဲ့ပါတယ်။ (ဒီအကြောင်းကို မနေ့တုန်းက ဖော်ပြခဲ့ပြီးပါပြီ)။ Pfizer ကာကွယ်ဆေးကို အမေရိကန်ဆေးဝါးကုမ္ပဏီ Pfizer နဲ့ ဂျာမနီ ဇီဝနည်းပညာကုမ္ပဏီ BioNTech တို့က ပူးပေါင်းဖော်စပ်ခဲ့တာပါ။ အခုအခါမှာတော့ အဲဒီကာကွယ်ဆေးကို ဖော်စပ်ရာမှာ အဓိကပဲ့ကိုင်ရှင်ဖြစ်တဲ့ တူရကီနွယ်ဖွား ဂျာမနီနိုင်ငံသား ဇနီးမောင်နှံနှစ်ဦးအကြောင်း ဖော်ပြပေးသွားမှာပါ။

BioNTech ဇီဝနည်းပညာကုမ္ပဏီကို အူဂါဆာဟင်က သူ့ဇနီး တူရက်ဆီ၊ သူ့ဆရာ ပါမောက္ခ ခရစ္စတိုဖာဟူဘာတို့နဲ့ ပူးပေါင်းတည်ထောင်ခဲ့တာပါ။ ဆာဟင်က အသက် ၄ နှစ်သားအရွယ်မှာ မိခင်နဲ့အတူ တူရကီကနေ ဂျာမနီကို ရောက်လာခဲ့တာပါ။ သူ့အဖေက ဂျာမနီနိုင်ငံ ကိုလုံးမြို့က ဖို့ဒ်ကားစက်ရုံမှာ ရွှေ့ပြောင်းလုပ်သားအဖြစ် အလုပ်လုပ်ပါတယ်။ အထက်တန်းပညာရေး ပြီးမြောက်အောင်မြင်ခဲ့တဲ့ ဆာဟင်က ကိုလုံးတက္ကသိုလ်မှာ ဆေးပညာသင်ယူတယ်။ သူက ကျောင်းဆင်းတာနဲ့ အိမ်ကို တန်းပြန်လေ့မရှိပါဘူး။ ဓာတ်ခွဲခန်းမှာ အချိန်နောက်ကျတဲ့အထိ တကုပ်ကုပ် လေ့လာနေတတ်သူပါ။ ကျောင်းသားဘဝကတည်းက စက်ဘီးနဲ့ပဲ အသွားအလာလုပ်တဲ့ ဆာဟင်ဟာ အခုချိန်မှာ ဘီလျံနာဖြစ်လာပေမဲ့လည်း စက်ဘီးတစ်စီးနဲ့ပဲ သွားလာနေဆဲပါပဲ။

ဆာဟင်ရဲ့ဇနီး တူရက်ဆီကတော့ ဂျာမနီနိုင်ငံမှာ မွေးဖွားသူပါ။ တူရက်ဆီရဲ့ ဖခင်ကတော့ တူရကီကနေ ဂျာမနီနိုင်ငံကို ပြောင်းရွှေ့လာတဲ့ ဆရာဝန်တစ်ယောက်ပါ။ သူက သူ့အိမ်မှာပဲ ဆေးခန်းဖွင့်ထားတယ်။ ဒါကြောင့် တူရက်ဆီကလည်း ငယ်ငယ်ကတည်းက သူ့အဖေလို ဆေးပညာနဲ့ပဲ အသက်မွေးဝမ်းကျောင်းမယ်လို့ ဆုံးဖြတ်ထားခဲ့တာပါ။ ပါမောက္ခဆာဟင်နဲ့ တူရက်ဆီတို့က ကိုယ်ခံစွမ်းအားကုထုံး အထူးပြုပညာရှင်တွေပါ။ ၂၀၀၂ ခုနှစ်က သူတို့နှစ်ယောက် မင်္ဂလာဆောင်တဲ့နေ့မှာတောင် နှစ်ယောက်လုံး ဓာတ်ခွဲခန်းထဲမှာ အလုပ်လုပ်ခဲ့ကြပါသေးတယ်။

သုတေသနလုပ်ရတာနဲ့ ကင်ဆာရောဂါကုထုံးကို စိတ်အားထက်သန်တဲ့ သူတို့လင်မယားဟာ ၂၀၀၁ ခုနှစ်မှာ သူတို့ရဲ့ ပထမဆုံးကုမ္ပဏီဖြစ်တဲ့ Ganymed Pharmaceuticals ကုမ္ပဏီကို စတင်တည်ထောင်ခဲ့တာပါ။ ဓာတုသတင်းပို့မော်လီကျူးဖြစ်တဲ့ mRNA မော်လီကျူးတွေကို အသုံးပြုပြီး ကိုယ်ခံအားစနစ်ကို ကင်ဆာဆဲလ် တိုက်ဖျက်နိုင်စွမ်းရှိအောင် လုပ်နိုင်မလားဆိုတာ သုတေသနလုပ်ဖို့ ရည်ရွယ်ခဲ့တာပါ။ သူတို့ရဲ့သုတေသနကလည်း အောင်မြင်ခဲ့ပါတယ်။ ၂၀၀၈ ခုနှစ်မှာတော့ ကင်ဆာရောဂါ ကုသရေး ကိုယ်ခံအားကုထုံးအတွက် နောက်ထပ်လုပ်ဆောင်ချက်အသစ်တွေကို ရှာဖွေဖော်ထုတ်နိုင်ဖို့ BioNTech ဇီဝနည်းပညာကုမ္ပဏီကို တည်ထောင်ခဲ့ပြီး အလုပ်အရမ်းများလာတဲ့အတွက် ၂၀၁၆ ခုနှစ်မှာတော့ Ganymed Pharmaceuticals ကုမ္ပဏီကို ပေါင် ၁ ဘီလျံနဲ့ (Sky News သတင်းဌာနတွင် ပေါင် ၁ ဘီလျံဟု ဖော်ပြသော်လည်း ဘီဘီစီသတင်းဌာနတွင် ပေါင် ၃၇၆ သန်းဟု ဖော်ပြသည်) ရောင်းချခဲ့ပါတယ်။

mRNA မော်လီကျူးတွေရဲ့ စွမ်းဆောင်မှုနဲ့ပတ်သက်ပြီး သူတို့လင်မယားရဲ့ အားထုတ်မှုတွေက ကိုဗစ်-၁၉ ကာကွယ်ဆေး ဖော်စပ်ရာမှာ အဓိကကျခဲ့ပါတယ်။ mRNA မော်လီကျူးတွေက ဆဲလ်ထဲမှာ ပရိုတိန်းဓာတ်တွေ ဖြစ်ပေါ်လာအောင် လုပ်ပြီး အဲဒီပရိုတိန်းဓာတ်တွေကတစ်ဆင့် ကိုယ်ခံအားစနစ်ကို ရောဂါတိုက်ဖျက်နိုင်စွမ်းရှိလာအောင် လေ့ကျင့်ပေးတဲ့ပုံစံမျိုးဖြစ်ပါတယ်။ BioNTech ကုမ္ပဏီဟာ ၂၀၁၈ ခုနှစ်မှာကတည်းက mRNA မော်လီကျူးကို အသုံးပြုပြီး တုပ်ကွေးကာကွယ်ဆေး ဖော်စပ်ဖို့ Pfizer ကုမ္ပဏီနဲ့ ပူးပေါင်းဆောင်ရွက်နေတဲ့အတွက် ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလက တရုတ်နိုင်ငံ ဝူဟန်မြို့မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှု အကြီးအကျယ် ဖြစ်နေပြီဆိုတဲ့ သတင်းထွက်ပေါ်လာချိန်မှာ ကိုဗစ်-၁၉ ကာကွယ်ဆေးထုတ်လုပ်နိုင်မယ့် လမ်းကြောင်းပေါ် ရှိနေခဲ့တာပါ။

Pfizer ကုမ္ပဏီက ထုတ်လုပ်တဲ့ ကိုဗစ်-၁၉ ကာကွယ်ဆေးအတွက် ဇီဝနည်းပညာအားလုံးကို BioNTech ကုမ္ပဏီက ပံ့ပိုးပေးတာပါ။ Pfizer ကာကွယ်ဆေးကို စမ်းသပ်ထိုးနှံမှုခံယူသူ ၄၃၅၃၈ ယောက်ရှိတဲ့အနက် ၉၄ ယောက်ရဲ့ ရလဒ်တွေအရတော့ ပထမအကြိမ် ကာကွယ်ဆေးထိုးပြီး ၂၈ ရက်အကြာမှာ ရောဂါကာကွယ်နိုင်စွမ်း စရှိလာပြီး ဒုတိယအကြိမ် ကာကွယ်ဆေးထိုးပြီး တစ်ပတ်ကြာရင် ကိုဗစ်-၁၉ ရောဂါကူးစက်နိုင်မှုကို ၉၀ ရာခိုင်နှုန်းအထိ ကာကွယ်ပေးနိုင်တယ်လို့ တွေ့ရှိခဲ့ပါတယ်။


အဲဒီသတင်းထွက်ပေါ်လာပြီးနောက်မှာတော့ (လွန်ခဲ့တဲ့ တစ်နှစ်က ဈေးကွက်ရှယ်ယာတန်ဖိုး အမေရိကန်ဒေါ်လာ ၄.၆ ဘီလျံပဲရှိခဲ့တဲ့) BioNTech ကုမ္ပဏီရဲ့ ဈေးကွက်ရှယ်ယာတန်ဖိုးက အမေရိကန်ဒေါ်လာ ၂၁ ဘီလျံအထိ ရှိလာခဲ့ပါတယ်။ BioNTech ကုမ္ပဏီမှာ ရှယ်ယာ ၁၈ ရာခိုင်နှုန်း ပိုင်ဆိုင်တဲ့ ဆာဟင်ကလည်း နေ့ချင်းညချင်းအတွင်းမှာပဲ ဂျာမနီနိုင်ငံရဲ့ အချမ်းသာဆုံးပုဂ္ဂိုလ် ၁၀ ယောက်စာရင်းမှာ ပါဝင်လာခဲ့ပါတယ်။ ဒါပေမဲ့ ဆာဟင်ကတော့ အရင်အတိုင်းပဲ စက်ဘီးတစ်စီးနဲ့ အလုပ်အသွားအပြန်လုပ်ပြီး ဆေးပညာအလုပ်တွေကိုပဲ ရိုးရိုးကုပ်ကုပ် အာရုံစိုက် လုပ်နေဆဲပါ။

BioNTech ကုမ္ပဏီဟာ နိုင်ငံပေါင်း ၆၀ ကျော်မှာ လူ ၁၃၀၀ ကျော်ကို အလုပ်အကိုင်ဖန်တီးပေးထားနိုင်ပြီး တစ်ဝက်ကျော်ကတော့ အမျိုးသမီးတွေဖြစ်ပါတယ်။ ” ကျွန်တော့်ရဲ့ ကုမ္ပဏီရှယ်ယာတန်ဖိုးကို စိတ်မဝင်စားပါဘူး။ Amgen နဲ့ Genentech တို့လို ဇီဝနည်းပညာ ထိပ်တန်းကုမ္ပဏီတစ်ခု တည်ထောင်ချင်ပါတယ်။ ကျွန်တော်တို့က ကာလရှည်တန်ဖိုး ဖန်တီးချင်တာပါ။ ကျွန်တော်ကတော့ အဲဒီအချက်ကိုပဲ စိတ်ဝင်စားပါတယ်” လို့ ဆာဟင်က ပြောပါတယ်။

Ref: BBC & Sky News

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top