သမီးတွေက အဖေကို ပိုချစ်ကြပါသတဲ့။ အဖေတွေဆိုတာ သမီးတွေအတွက် ကာကွယ်သူ၊ ပံ့ပိုးသူ၊ ကမ္ဘာပေါ်မှာ စိတ်ချယုံကြည်ရဆုံး အမျိုးသားပါပဲ။ ရစ်ချီအန်းနီရဲ့ မွေးနေ့ဆုတောင်းက ဖတ်ရသူတွေရဲ့ နှလုံးသားကို ထိစေတယ်၊ မေတ္တာတရားကို ထင်ဟပ်စေတယ်။
ချစ်ရပါသော အဖေ
ဒီနေ့က အဖေ့ဘဝရဲ့ အရမ်းထူးခြားတဲ့၊ ထူးခြားအံ့ဘွယ်နေ့။ အသက် ၅၀ ပြည့်တဲ့နေ့နော်။ အဖေ အသက်ရှည်ရှည်နဲ့ လှပတဲ့ဘဝမှာ ဆက်နေထိုင်ခွင့်ရနေလို့ သမီး အရမ်းဝမ်းသာပါတယ်။ ဆရာဝန်တွေလည်း အံ့အားသင့်နေတုန်းပဲ။ အဖေ့မှာ ဖေ့ဘွတ်ခ် ရှိ၊ မရှိ မသိတော့ ဒီစာကို အဖေ ဖတ်ရပါ့မလား မပြောတတ်ဘူး။ ဒါပေမဲ့ အဖေ့သမီး ဖြစ်ရလို့ သမီး ဘယ်လောက်ဂုဏ်ယူသလဲဆိုတာ ကမ္ဘာကြီးသိအောင် ပြောပြချင်တယ်။ အဖေက အတွင်းစိတ်ရော၊ အပြင်မှာရော ဘယ်လောက်လှသလဲဆိုတာ ပြောပြချင်တယ်။
ဒီကိစ္စက ရှုပ်ထွေးတော့ လူတိုင်းက အမှန်ကို မသိနိုင်ဘူးလေ။ ဒီတော့ လူတွေအားလုံးကို ရင်ဆိုင်ရဲတဲ့ သတ္တိမွေးဖို့ သမီး နှစ်နဲ့ချီ အချိန်ယူခဲ့ရပါတယ်။ ကလေးဘဝတုန်းကလည်း အဖေ့ကို တစ်မျိုးမထင်ခဲ့ပါဘူး။ သမီးရဲ့အဖေလို့ပဲ သတ်မှတ်ထားတာပါ။ သူတို့တွေက သမီးကို ရယ်စရာလုပ်ပြီး ပုံမှန်မဟုတ်ဘူးလို့ ဘာကြောင့် ပြောကြသလဲဆိုတာတော့ နားမလည်ဘူး။ နောက်ပိုင်းကျမှ သမီးပိုနားလည်လာပြီး ကိုယ့်ကိုယ်ကိုယ် သတ္တိကြောင်မှန်း သိလာတယ်။
တကယ်တော့ အဖေက သမီးလို သတ္တိကြောင်တဲ့ သမီးမျိုးထက် ပိုရဲရင့်တဲ့သမီးမျိုးနဲ့ ထိုက်တန်သူပါ။ Down ဆင်ဒရုန်း ခံစားနေရတဲ့ တခြားသူတွေလိုပဲ အဖေကလည်း ချစ်ခြင်းမေတ္တာ၊ နားလည်မှု၊ စိတ်ရှည်သည်းခံမှုနဲ့ လက်ခံနိုင်မှုတွေနဲ့ ထိုက်တန်ပါတယ်။ အဖေက သမီး သိသမျှလူတွေထဲမှာ အသန်မာဆုံးနဲ့ အရဲရင့်ဆုံးလူသားတစ်ယောက်ပါ။ ကုသရေးစင်တာမှာ တစ်နေ့လုံးနီးပါး ပင်ပန်းနွမ်းနယ်ခဲ့ရင်တောင် အဖေ့မျက်နှာပြုံးနေတုန်းပဲ။ အဖေ ရင်ဆိုင်ခံစားခဲ့ရတာတွေ များလွန်းပေမဲ့ ဘယ်တော့မှ ကြောက်ရွံ့ဟန်မပြခဲ့တဲ့ အဖေက အရဲရင့်ဆုံးပါပဲ။ သမီးသာ အဖေ့နေရာမှာဆိုရင် မတွေးရဲအောင်ပဲ။
အဖေ စိတ်ဓာတ်ကျပြီး ” အဖေ ပင်ပန်းနေပြီ။ အရမ်းနာတယ်”လို့ ပြောတာမျိုးက အဖေ့ရဲ့အဆိုးဆုံးအခြေအနေပဲ။ အဲဒီလိုဆိုရင် သမီး ရက်တော်တော်ကြာ ငိုမိတယ်၊ ဆေးရုံကိုတောင် ပြန်မသွားချင်အောင်ပဲ။ ဒူးထဲက အရည်တွေကြောင့် အဖေ မျက်ရည်ကျတာ သမီး တွေ့ဖူးတယ်။ အဖေ နာကျင်မှုတွေ မခံစားရတော့အောင် အဖေ့နေရာမှာ သမီးပဲ အစားဝင်လိုက်ချင်တယ်။အဖေက သွားတွေ မရှိတော့တာတောင် အဖေကြိုက်တဲ့ စားစရာတွေတော့ စားတုန်းပဲ။ အဖေက အံကပ်လည်း အမြဲပျောက်နေကြပဲနော်။ အဲဒါ တမင်လုပ်တာ မဟုတ်လား။ သွားတွေ၊ ဆံပင်တွေရှိတဲ့ အဖေ့ပုံစံကိုတောင် သမီး မမှတ်မိတော့ဘူး။
အဖေ့ဘေး ရှိမနေပေးနိုင်လို့ သမီး ဘယ်လောက်ဝမ်းနည်းရသလဲဆိုတာ စာနဲ့ရေးပြလို့တောင် မရနိုင်ပါဘူး။ အဖေ့ကို ကမ်းခြေ ထပ်မခေါ်သွားနိုင်တာ၊ အဖေ့အကြိုက် ဒင်းဆမ်းမေကျွးနိုင်တာ၊ အဖေ့ဆီ မကြာခဏ လာမလည်နိုင်တာ စိတ်မကောင်းဖြစ်ရတယ်။ ဘဝမှာ နောင်တရမိတာတစ်ခုကတော့ သမီးဘဝထဲမှာ အဖေ့ကို ဖုံးကွယ်ထားမိတာပဲ။ သမီးက အနိုင်ကျင့် လှောင်ပြောင်ခံရမှာကြောက်နေသေးတဲ့ ကလေးတစ်ယောက်လို ဖြစ်နေဆဲမို့ပါပဲ။ အခုတော့ အနိုင်ကျင့် လှောင်ပြောင်မှုတွေကနေ ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်တဲ့အရွယ် ရောက်နေပါပြီ။
အဖေ့ကို အရမ်းချစ်တဲ့ အဖေ့သမီး
Ref: A Girl Wishes a Happy Birthday to Her Dad With Down Syndrome
NZ(ရိုးရာလေး)