လွတ်လွတ်လပ်လပ်သွားလာချင်လို့ ကိုဗစ်-၁၉ တမင်အကူးခံခဲ့တဲ့ ချက်အဆိုတော် ကွယ်လွန်

19-2-2022-yyl12.jpg

ကိုဗစ်-၁၉ ရောဂါပိုး တမင် အကူးခံခဲ့တဲ့ ချက်ကျေးလက်အဆိုတော်ဟာ ရောဂါပြန်သက်သာလာပြီလို့ ကြေညာခဲ့ပြီး ၂ ရက်အကြာမှာပဲ ကွယ်လွန်သွားခဲ့ပါတယ်။ ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံထားခြင်းမရှိတဲ့ အသက် ၅၇ နှစ်အရွယ် အမျိုးသမီး ဟန်နာဟော်ကာဟာ ကိုဗစ်-၁၉ ကူးစက်ခံရပေမဲ့ ပြန်သက်သာလာပြီလို့ လူမှုကွန်ရက်ပေါ်မှာ ရေးသားပြီးနောက် ၂ ရက်အကြာမှာ သေဆုံးခဲ့တာပါ။

သူတို့ သားအဖ ၂ ယောက် ကိုဗစ်-၁၉ ကူးစက်ခံထားရချိန်မှာ သူ့အမေက သီးသန့်ခွဲခြားနေထိုင်သင့်ပေမဲ့ မနေခဲ့ဘူးလို့ သားဖြစ်သူ ဂျန်ရက်က ပြောပါတယ်။ ” ကျွန်တော်တို့ ရောဂါကူးစက်ခံထားရချိန်မှာ အမေက တစ်ပတ်လောက် ခွဲနေသင့်တာပါ။ ဒါပေမဲ့ သူက ကျွန်တော်တို့နဲ့ တချိန်လုံး အတူနေခဲ့တယ်” လို့ ဂျန်ရက်က ဆိုပါတယ်။

ဟန်နာဟော်ကာဟာ တချို့နေရာတွေကို ဝင်ခွင့်ရရေးအတွက် ကိုဗစ်-၁၉ ကနေ ပြန်သက်သာလာတယ်ဆိုတဲ့ သက်သေပြချက်ရအောင် ရည်ရွယ်ချက်ရှိရှိ ရောဂါ အကူးခံခဲ့တာလို့ ဂျန်ရက်က ပြောပါတယ်။ ချက်နိုင်ငံမှာ ရုပ်ရှင်ရုံ၊ ဘားနဲ့ ကော်ဖီဆိုင်တွေအပါအဝင် လူမှုရေးနဲ့ ယဉ်ကျေးမှုဆိုင်ရာ နေရာတော်တော်များများကို ဝင်ရောက်ခွင့်ရဖို့အတွက် ကာကွယ်ဆေး ထိုးနှံပြီးစီးကြောင်း သက်သေပြချက် (သို့) မကြာသေးခင်ကမှ ရောဂါပြန်သက်သာလာတယ်ဆိုတဲ့ သက်သေပြချက် လိုအပ်ပါတယ်။

ဟန်နာဟော်ကာဟာ ချက်နိုင်ငံရဲ့ ကျေးလက်တေးဂီတအဖွဲ့တွေထဲမှာ သက်တမ်းအရင့်ဆုံးတေးဂီတအဖွဲ့တစ်ခုဖြစ်တဲ့ Asonance အဖွဲ့ဝင်ဖြစ်ပါတယ်။ သူ့ရဲ့ သွားလာလှုပ်ရှားမှုကို တားဆီးပိတ်ပင်မှု နည်းပါးစေဖို့အတွက် သူ့အမေက ကိုဗစ်-၁၉ အကူးခံခဲ့တာလို့ ဂျန်ရက်က ပြောပါတယ်။ဟန်နာဟော်ကာဟာ မသေဆုံးမီ ၂ ရက်အလိုက လူမှုကွန်ရက်ပေါ်မှာ ” အခုတော့ ရုပ်ရှင်ရုံတွေ၊ ရေနွေးရေချိုးခန်းတွေ၊ တေးဂီတဖျော်ဖြေပွဲတွေ သွားနိုင်တော့မယ်” လို့ ရေးသားခဲ့ပါတယ်။

ဟန်နာဟော်ကာဟာ ပြီးခဲ့တဲ့တနင်္ဂနွေနေ့ နံနက်ပိုင်းမှာ လမ်းလျှောက်ထွက်ဖို့ ပြင်နေတုန်း ကျောအောင့်လာလို့ အိပ်ရာထဲ ပြန်လှဲနေရင်း ၁၀ မိနစ်အကြာမှာပဲ အသက်ရှူကျပ်ပြီး ကွယ်လွန်သွားခဲ့လို့ ဂျန်ရက်က ဆိုပါတယ်။ တခြားသူတွေအနေနဲ့ သူ့အမေရဲ့ဖြစ်ရပ်ကို နမူနာယူပြီး ကာကွယ်ဆေး ထိုးနှံကြဖို့ သူက တိုက်တွန်းခဲ့ပါတယ်။

Ref: BBC “Hana Horka: Czech singer dies after catching Covid intentionally”

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top