ပလတ်စတစ်အလေအလွင့်တွေကို ကွန်ကရစ်ထက် ငါးဆ ပိုခိုင်ခံတဲ့ အုတ်တွေအဖြစ် ပြောင်းလဲပစ်ခဲ့တဲ့ အမျိုးသမီး

13-1-2023-yyl-118.jpg

နာဇမ်ဘီ မာတီဟာ ကင်ညာနိုင်ငံရဲ့မြို့တော် နိုင်ရိုဘီမြို့အခြေစိုက်ကုမ္ပဏီ Gjenge Makers ရဲ့တည်ထောင်သူပါ။ သူ့ရဲ့လုပ်ငန်းက ပလတ်စတစ်အလေအလွင့်တွေကို ကွန်ကရစ်ထက် ၅ ဆမှ ၇ ဆအထိ ပိုခိုင်ခံတဲ့ အုတ်တွေအဖြစ် ပြောင်းလဲပစ်တာပါ။ နာဇမ်ဘီက ကုမ္ပဏီကို တည်ထောင်ခဲ့တဲ့အပြင် အုတ်ထုတ်လုပ်တဲ့စက်တွေကိုလည်း ဒီဇိုင်းထုတ်ခဲ့ပါတယ်။

တာရှည်ခံအိမ်ဆောက်ပစ္စည်းတွေထုတ်လုပ်ဖို့အတွက် ပြည်တွင်းထုတ်ပိုးမှုစက်ရုံတွေကနေ ပိုလီအီသိုင်လင်းနဲ့ ပေါ်လီပရိုပလင်းသိပ်သည်းဆနည်းတဲ့၊များတဲ့ ပလတ်စတစ်တွေကို အခမဲ့ရယူခဲ့ပါတယ်။ သူ ရယူခဲ့တဲ့ ပစ္စည်းတွေက အခြားသူတွေ ပြန်လည်အသုံးမပြုတော့မယ့် အလေအလွင့်တွေပါ။ ဒါကြောင့် နာဇမ်ဘီဟာ ဒီနည်းနဲ့ နိုင်ငံတစ်ဝှမ်းက မြေတွေမှာ တန်ချိန်များတဲ့ ပလတ်စတစ်အမှိုက်ပုံကြီးဖြစ်သွားမှာကို ဟန့်တားခဲ့တာပါ။ သူက သူ့ရဲ့လုပ်ငန်းကို ဒီထက်ကြီးအောင် ချဲ့ဖို့ မျှော်လင့်ထားပါတယ်။

သူ့ရဲ့ကုမ္ပဏီက ပလတ်စတစ်ပေါ်လီမာတွေကို အပူပေးပြီး သဲနဲ့ရောကာ အမျိုးမျိုးသော လမ်းခင်းအုတ်တွေကို ထုတ်လုပ်ပါတယ်။ နွားနို့ဗူး၊ ခေါင်းလျှော်ရည်ဗူးတွေလို ပစ္စည်းတွေကထွက်တဲ့ ပေါ်လီမာက အလေအလွင့်ပါပဲ။ Gjenge Markers ကုမ္ပဏီက ပလတ်စတစ်အလေအလွင့်တွေကို အသွင်ကူးပြောင်းတဲ့လုပ်ငန်းစဉ်လုပ်ဆောင်ပြီးတဲ့အခါ ဟိုက်ဒရောလစ်စက်နဲ့ ဖိထားတဲ့ ဆောက်လုပ်ရေးပစ္စည်းတွေကို အမျိုးမျိုးသောအထူအနေနဲ့ ထုတ်လုပ်နိုင်ပါတယ်။ အရောင်အမျိုးမျိုးနဲ့လာတဲ့ ပလတ်စတစ်အုတ်တွေကို တစ်စတုရန်းမီတာကို ပျမ်းမျှအားဖြင့် ဒေါ်လာ ၇.၇၀ နဲ့ ရောင်းချပါတယ်။

လက်ရှိမှာ Gjenge Makers က လူ (၁၁၀) ကျော်ကို အလုပ်ခန့်ထားပါတယ်။ အဲဒီဝန်ထမ်းတွေက တစ်နေ့ကို အုတ်ပေါင်း ၁၅၀၀ ထုတ်နိုင်ပြီး ၂၀၁၈ ခုနှစ်မှာ ကုမ္ပဏီစထောင်ကတည်းက ပလတ်စတစ်အလေအလွင့် မက်ထရစ်တန် ၂၀ လောက်ကို ပြန်လည်အသုံးပြုနိုင်ခဲ့ပါတယ်။ အစက Gjenge Makers က ပလတ်စတစ်အလေအလွင့်တွေကို အခြားပြန်လည်အသုံးပြုမယ့်ကုမ္ပဏီတွေဆီ ခွဲထုတ်ရောင်းချပေးတဲ့ ပလတ်စတစ်စုဆောင်းရေးကုမ္ပဏီတစ်ခုဖြစ်ခဲ့တာပါ။ နောက်ပိုင်းကျမှ အခုလုပ်ငန်းအစီအစဉ်ကို အကောင်အထည်ဖော်ဖို့ ဆုံးဖြတ်ခဲ့တာပါ။

အခုဆို Gjenge Maker က ပလတ်စတစ်ကို ပြန်လည်အသုံးပြုခြင်းဖြင့် လှပခိုင်ခံပြီး တာရှည်ခံတဲ့ အခြားဆောက်လုပ်ရေးထုတ်ကုန်တွေကို ထောက်ပံ့ပေးရင်း အမှိုက်ညစ်ညမ်းမှုပြဿနာတွေကို ဖြေရှင်းဖို့၊ ကင်ညာနဲ့အာဖရိက ကျွမ်းကျင်တဲ့၊ ကျွမ်းကျင်မှုမရှိတဲ့လူငယ်တွေအတွက် အလုပ်အကိုင်အခွင့်အလမ်း ပံ့ပိုးပေးဖို့၊ ကင်ညာနဲ့အာဖရိကက အလေအလွင့်ပစ္စည်းတွေကို ပြန်လည်အသုံးပြုဖန်တီးတဲ့ယဉ်ကျေးမှုကို မြှင့်တင်ဖို့၊ အင်ဂျင်နီယာနယ်ပယ်အတွင်း အမျိုးသမီးစွန့်ဦးတီထွင်လုပ်ငန်းရှင်မျိုးဆက်သစ်တွေကို ပံ့ပိုးပေးဖို့ဆိုတဲ့ ရည်ရွယ်ချက် (၄) ချက်ရှိပါတယ်။

Ref: Upworthy “A Kenyan woman’s startup recycles plastic into bricks that are five times stronger than concrete”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top