ပင်လယ်ထဲ (၂၄) ရက်ကြာ လမ်းပျောက်နေခဲ့တဲ့ အမျိုးသား ခရမ်းချဉ်သီးဆော့နဲ့ကြက်သွန်ဖြူမှုန့်တွေစားပြီး အသက်ရှင်

23-1-2023-yyl-175.jpg

ပင်လယ်ပြင်မှာ ၂၄ ရက်ကြာ လမ်းပျောက်နေခဲ့တဲ့ အမျိုးသားတစ်ဦးကို ကယ်တင်နိုင်ခဲ့ပါတယ်။ အယ်လ်ဗစ် ဖရန်ကို့စ်ဆိုတဲ့ အဲဒီအမျိုးသားဟာ သူ့လှေပေါ်ပါလာတဲ့ ခရမ်းချဉ်သီးဆော့နဲ့ ဟင်းခတ်အမွေးအကြိုင်တွေစားပြီး အသက်ရှင်ခဲ့တာပါ။

လေယာဉ်တစ်စင်းက ကိုလံဘီယာနိုင်ငံရဲ့ပွာတိုဘိုလီဗာဆိပ်ကမ်းမြို့ကနေ ရေမိုင် ၁၂၀ အကွာမှာ ဖရန့်ကိုရဲ့ရွက်လှေကိုယ်ထည်မှာ ထွင်းထားတဲ့ “Help” ဆိုတဲ့ စာလုံးကို မြင်ပြီး သူ့ကို တွေ့ရှိခဲ့တာဖြစ်တယ်လို့ ကိုလံဘီယာရေတပ်က ပြီးခဲ့တဲ့ ကြာသပတေးနေ့က ထုတ်ပြန်ခဲ့ပါတယ်။ ဒိုမီနီကာကျွန်းနိုင်ငံသား ဖြစ်တဲ့ အသက် ၄၇ နှစ် အရွယ် ဖရန့်ကိုဟာ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလက စိန့်မာတင်ကျွန်းအနီးမှာ သူ့ရဲ့လှေကို ပြုပြင်နေတဲ့အချိန် ဆိုးရွားတဲ့ရာသီဥတုအခြေအနေက လှေနဲ့အတူ သူ့ကို ပင်လယ်ပြင်ထဲ ဆွဲခေါ်သွားခဲ့တာပါ။ ဖရန့်ကိုက လမ်းကြောင်းရှာဖွေခြင်းဆိုင်ရာအသိမရှိခဲ့တဲ့အတွက် သူ့ကို ပင်လယ်ထဲ လမ်းပျောက်သွားစေခဲ့တယ်လို့ ကိုလံဘီယာရေတပ်က ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

” (၂၄) ရက်မှာ မြေမရှိ၊ ဘယ်သူနဲ့မှ စကားပြောလို့မရ၊ ဘာလုပ်လို့လုပ်ရမှန်းမသိ၊ ဘယ်နေရာမှာ ရှိနေမှန်းလဲမသိ၊ ဒါက ခက်ခဲကြမ်းတမ်းခဲ့တယ်။ အဲဒီအချိန်မှာ ကျွန်တော် မျှော်လင့်ချက်မဲ့ခဲ့တယ်။ ကျွန်တော့်မိသားစုအကြောင်း တွေးနေမိတယ်”လို့ ဖရန့်ကိုက ဆိုပါတယ်။

ဖရန့်ကိုက သူ့သူငယ်ချင်းတွေနဲ့ လုပ်ဖော်ကိုင်ဖက်တွေကို ဆက်သွယ်ဖို့ကြိုးစားခဲ့ပေမဲ့ ပင်လယ်ထဲ လှေမျောပါသွားတာကြောင့် ဖုန်းလိုင်းပြတ်တောက်သွားခဲ့ပါတယ်။ သူက “ကျွန်တော် ထိုင်စောင့်နေရုံကလွဲလို့ တခြားဘာမှလုပ်လို့မရတော့ဘူး”တဲ့။ သူ အသက်ရှင်ဖို့အတွက် လှေပေါ်ပါလာတဲ့ အစားအစာတွေကို အားကိုးခဲ့ရတာပါ။ “ကျွန်တော့်မှာ အစားအစာမရှိဘူး။ လှေပေါ်မှာတော့ ခရမ်းချဉ်သီးဆော့တစ်ပုလင်း၊ ကြက်သွန်ဖြူမှုန့်နဲ့ Maggi အသင့်စားစွပ်ပြုတ်တွေပဲ ရှိခဲ့တယ်။ ဒါကြောင့် ရေနည်းနည်းနဲ့ ရောပြီး စားခဲ့တယ်”လို့ ဖရန့်ကိုက ဆိုပါတယ်။

ရေသောက်ဖို့အတွက် အဝတ်စနဲ့မိုးရေကို စုဆောင်းခဲ့တာပါ။ ဖရန့်ကိုက ကျန်းမာရေးကောင်းမွန်လျက်ရှိနေပေမဲ့ ကိုယ်အလေးချိန်တော့ ကျသွားခဲ့ပါတယ်။ သူ ကယ်ဆယ်ခံရပြီးနောက် ဆေးကုသမှုခံယူခဲ့ပါတယ်။ အဲဒီနောက် သူ့ကို လူဝင်မှုကြီးကြပ်ရေးအာဏာပိုင်တွေဆီ လွှဲပြောင်းပေးခဲ့ပြီး အမိမြေကို ပြန်လည်ပို့ဆောင်ပေးဖို့ စီစဉ်နေပါတယ်။

Ref: People “Sailor Survives 24 Days at Sea Eating Ketchup and Food Seasoning”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top