၃ တန်းနဲ့ ကျောင်းထွက်ခဲ့ရပေမဲ့ စာအုပ်ဆိုင်မှာ ဥပဒေစာအုပ်တွေ ငှားဖတ်ပြီး ဓာတုကုမ္ပဏီကို ကိုယ်တိုင်တရားစွဲဆိုခဲ့သူ

13-1-2023-yyl-119.jpg

၁၀ နှစ်သားအရွယ်မှာ ၃ တန်းနဲ့ ကျောင်းထွက်ခဲ့ရပြီး မိရိုးဖလာ တောင်ယာလုပ်ငန်း လုပ်ကိုင်ခဲ့တဲ့ စိုက်ပျိုးရေးသမားကြီးဟာ ဓာတုကုမ္ပဏီတစ်ခုရဲ့ စွန့်ပစ်ပစ္စည်းတွေကြောင့် သူတို့ရွာကလေး ညစ်ညမ်းမှုတွေကြုံပြီး စိုက်ပျိုးမရ ဖြစ်နေတဲ့ ပြဿနာကို ရင်ဆိုင်ဖြေရှင်းနိုင်ခဲ့ပါတယ်။ သူကတော့ တရုတ်စိုက်ပျိုးရေးသမား ဝမ်အန်းလင်ပါပဲ။

ဟိုင်လောင်ကျင်းပြည်နယ်၊ ယုရှုတန်ရွာမှာ သူ နေထိုင်ပါတယ်။ သူ့အိမ်ထဲကိုရော၊ သူ့စိုက်ခင်းထဲမှာပါ အဆိပ်သင့်စွန့်ပစ်ရည်တွေ စီးဝင်နေတာ တွေ့ရှိခဲ့တဲ့ ဝမ်အန်းလင်က ဒီစွန့်ပစ်ရည်တွေ ဘယ်ကစီးလာသလဲဆိုတာ ရှာဖွေရင်း ချီဟွာဓာတုလုပ်ငန်းစုကြောင့်ဆိုတာ တွေ့ရှိခဲ့ပါတယ်။ အဲဒီအချိန်တုန်းက တရုတ်အစိုးရရဲ့ ထောက်ခံမှု အပြည့်အဝ ရရှိထားတဲ့ ချီဟွာဓာတုလုပ်ငန်းစုဟာ ပိုင်ဆိုင်မှုတန်ဖိုး အမေရိကန်ဒေါ်လာ သန်း ၃၀၀ ကျော်ရှိတဲ့ ဧရာမကုမ္ပဏီကြီးပါ။

သူတို့တစ်ရွာလုံးရဲ့ စိုက်ခင်းတွေမှာလည်း စွန့်ပစ်ဓာတုရည်တွေ စီးဝင်နေပါတယ်။ ဝမ်အန်းလင်က ချီဟွာဓာတုကုမ္ပဏီကို တရားစွဲဖို့အတွက် ရှေ့နေလည်း မငှားနိုင်ပါဘူး။ အစိုးရရုံးတွေကို စာပို့တော့လည်း အဆင့်ဆင့် လွဲချနေကြပါတယ်။ အဲဒီနောက်မှာတော့ ဝမ်အန်းလင်က သူကိုယ်တိုင် ဥပဒေပညာကို သင်ယူဖို့ ဥပဒေစာအုပ်တွေကို ဖတ်ခဲ့ပါတယ်။ စာအုပ်တွေ မဝယ်နိုင်လို့ စာအုပ်ဆိုင်တွေကိုသွားပြီး ဖတ်ပါတယ်။ သူ့အတွက် လိုအပ်တဲ့စာသားတွေကို စာအုပ်ထဲမှာ မှတ်သားပါတယ်။ သူက ဥပဒေပညာကို ၁၆ နှစ်ကြာ လေ့လာခဲ့ပါတယ်။

ပတ်ဝန်းကျင်ညစ်ညမ်းမှုနဲ့ပတ်သက်ပြီး ရင်ဆိုင်နေရသူတွေကို ကူညီပံ့ပိုးပေးတဲ့ တရုတ်ဥပဒေလုပ်ငန်းစုကလည်း သူ့ကို ကူညီခဲ့ပါတယ်။

တစ်ဖက်မှာ ဥပဒေပညာကို သင်ယူရင်း တစ်ဖက်မှာလည်း သက်သေအထောက်အထားတွေကို စုဆောင်းခဲ့ပါတယ်။ အဲဒီနောက် ချီဟွာဓာတုလုပ်ငန်းစုကို တရားစွဲဆိုရာမှာတော့ အန်ဂန်းရှီခရိုင်တရားရုံးက ယုရှုတန်ရွာသူ၊ ရွာသားတွေအနေနဲ့ နစ်နာကြေး အမေရိကန်ဒေါ်လာ ၁၂၅၀၀၀ ရရှိသင့်တယ်လို့ အနိုင်ပေးခဲ့ပါတယ်။

ဒါကြောင့်လည်း ဝမ်အန်းလင်ကို မျက်မှောက်ခေတ်ရဲ့ စစ်သည်တော်တစ်ယောက်လို့ ချီးကျူးတင်စားခဲ့ကြတာပါ။

Ref: The Story Of Wang Enlin Who Educated Himself For Environment

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top