ထီထိုးထားတာမေ့နေခဲ့တဲ့ အမျိုးသားတစ်ဉီး၊ ပိုက်ဆံအိတ်ထဲက ထီလက်မှတ်တွေ့မှ ထီကံထူးရှင်ဖြစ်မှန်းသိခဲ့ရတဲ့အဖြစ်

11-5-2022-yyl-05.jpg

မီချီဂန်ပြည်နယ်က အသက် ၆၅ နှစ်အရွယ် အမည်မသိအမျိုးသားတစ်ဉီးဟာ သူ ထီထိုးထားတာကို မေ့နေခဲ့ပါတယ်။ သူ့ပိုက်ဆံအိတ်ထဲက ထီလက်မှတ်ကို တွေ့မှ အမှတ်ရပြီး ထီတိုက်ကြည့်တဲ့အခါ ဒေါ်လာ ၂၄၂,၂၅၆ ဆုပေါက်မှန်းသိခဲ့ရပါတယ်။ အဲဒီအမျိုးသားက ဧပြီ၃၀ ရက်နေ့ ထွက်ရှိမယ့် Michigan Lottery ရဲ့ Fantasy 5 ထီလက်မှတ်ကို Clawson မြို့က ဓာတ်ဆီဆိုင်တစ်ခုကနေ ဝယ်ယူခဲ့တာပါ။ သူ့ရဲ့ထီထိုးထားတာမေ့နေတဲ့ဖြစ်ရပ်ကို အခုလိုပြောပြခဲ့ပါတယ်။

“ကျွန်တော် ဓာတ်ဆီဆိုင်မှာ ငွေရှင်းနေတုန်း ဒေါ်လာ ၂၀၀,၀၀၀ ကျော် ဆွတ်ခူးနိုင်မယ့် Fantasy 5 ထီလက်မှတ်ကို မြင်ခဲ့တယ်။ အဲဒါနဲ့ ထီလက်မှတ်အနည်းငယ်ဝယ်ဖို့ ဆုံးဖြတ်ခဲ့တယ်။ ရက်အနည်းငယ်ကြာတော့ ကျွန်တော့်ပိုက်ဆံအိတ်ထဲက ထီလက်မှတ်တွေမြင်မှ ထီထိုးတာကို အမှတ်ရခဲ့တယ်”လို့ ဆိုပါတယ်။ သူက ပိုက်ဆံအိတ်ထဲက ထီလက်မှတ်ကို တွေ့ပြီးတဲ့နောက် Fantasy 5 ပေါက်မဲနံပါတ်တွေကို အွန်လိုင်းမှာ စစ်ကြည့်ခဲ့ပါတယ်။

“ထီစစ်တဲ့အက်ပလီကေးရှင်းမှာ ပေါက်မဲနံပါတ်တွေကို စစ်ကြည့်လိုက်တော့ ကျွန်တော် မြင်တွေ့လိုက်ရတာကို မယုံကြည်နိုင်ဖြစ်ခဲ့ရတယ်။ အဲဒါနဲ့ ပိုပြီးသေချာအောင်လို့ ကျွန်တော် ကွန်ပျူတာကနေ ထီဝက်ဘ်ဆိုဒ်ကို ဝင်ပြီး ပေါက်မဲနံပါတ်တွေကို စစ်ကြည့်ခဲ့တယ်။ နံပါတ်တွေကို ဒုတိယအကြိမ် အတည်ပြုကြည့်တော့ ပေါက်တဲ့ထီလက်မှတ်ကို Clawson ကဝယ်ယူခဲ့တာကို မြင်တွေ့ခဲ့တယ်။ နောက်ဆုံးတော့ ကျွန်တော် ထီကံထူးခဲ့ပြီ”လို့ ထီကံထူးရှင်က ပြောပါတယ်။

အဲဒီအမျိုးသားက ထီဆုကြေးကို သူ့မြေးလေးတွေရဲ့ကောလိပ်ကျောင်းစရိတ်အတွက်ရော အငြိမ်းစားဘဝအတွက် ငွေစုဆောင်းဖို့ပါ အသုံးပြုသွားမှာပါ။ Fantasy 5 ထီမှာ ထီဆုကြီးကံထူးဖို့ အခွင့်အရေးက ၅၇၅,၇၅၇ မှာ တစ်ကြိမ်သာဖြစ်တယ်လို့ Michigan Lottery အရ သိရပါတယ်။

Ref: CNN “A lottery player found a forgotten $242,256 ticket in his wallet”

Team ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top