အဟောင်းဆိုင်ကနေ ၃၅ ဒေါ်လာနဲ့ဝယ်လာတဲ့ ရုပ်တုက နှစ် ၂၀၀၀ သက်တမ်းရှိ ရောမခေတ်ရုပ်တုဖြစ်နေ

11-5-2022-yyl-02.jpg

အဟောင်းဆိုင်ကနေ ၃၅ ဒေါ်လာနဲ့ ဝယ်ယူလာတဲ့ စကျင်ကျောက်ရုပ်တုက နှစ် ၂၀၀၀ သက်တမ်းရှိပြီး အဖိုးဖြတ်မရအောင်တန်တဲ့ ရောမခေတ် ရုပ်တု ဖြစ်နေခဲ့ပါတယ်။ အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ် အော်စတင်မြို့မှာ နေထိုင်တဲ့ အနုပညာပစ္စည်းစုဆောင်းသူ လော်ရာယန်းဟာ ၂၀၁၈ ခုနှစ်က ဒေသရန်ပုံငွေ အဟောင်းဆိုင်ကနေ စကျင်ကျောက်ရုပ်တုတစ်ခု ဝယ်ယူခဲ့တာပါ။

တိမ်မြုပ်ပျောက်ကွယ်နေတဲ့ အနုပညာပစ္စည်းတွေ၊ ရှေးဟောင်းပစ္စည်းတွေကို ရှာဖွေတဲ့ လော်ရာယန်းဟာ အဟောင်းဆိုင်ရဲ့ စားပွဲအောက်ကနေ အဲဒီရုပ်တုတွေကို တွေ့ရှိခဲ့တာပါ။ အဲဒီအချိန်တုန်းကတော့ ဒီရုပ်တုဟာ ဘာဗေးရီးယားဘုရင် လုဒ်ဝစ်(၁)ရဲ့ လက်ရွေးစင်အနုပညာပစ္စည်းတစ်ခုမှန်း သူ မရိပ်မိခဲ့ပါဘူး။ ဒါပေမဲ့ အဲဒီရုပ်တုက အိုဟောင်းလွန်းနေတာကို သတိထားမိလို့ ရှေးဟောင်းရုပ်တု အစစ် ဟုတ်၊ မဟုတ် သိရအောင် စုံစမ်းခဲ့ပါတယ်။

ယန်းဟာ တက္ကဆက်ပြည်နယ်တက္ကသိုလ် အနုပညာသမိုင်းဌာနက ကျွမ်းကျင်သူတွေ၊ လေလံကုမ္ပဏီတွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ ဒီရုပ်တုကို ရှေးဟောင်းရုပ်တုမှန်း စတင်ရိပ်စားမိခဲ့သူကတော့ Sotheby လေလံကုမ္ပဏီရဲ့ အကြံပေး ဒီတာလင်းပါ။ ဒီရုပ်တုက ရှေးဟောင်းပစ္စည်း ဟုတ်၊ မဟုတ် စစ်ဆေးဖို့အတွက် သူက ဘာဗေးရီးယားပြည်နယ်ရဲ့ အစိုးရပိုင် နန်းတော်၊ ပန်းခြံနဲ့ ရေကန်များဆိုင်ရာ အာဏာပိုင်အဖွဲ့နဲ့ ဆက်သွယ်ခဲ့ပါတယ်။


ဒီရုပ်တုဟာ ဘီစီ ၁ ရာစုနှောင်းပိုင်းကနေ အေဒီ ၁ ရာစုအစောပိုင်းကာလကြားမှာ ထုဆစ်ခဲ့တာဖြစ်ပြီး ဘာဗေးရီးယားပြည်နယ် အရှာဖင်ဘတ်မြို့မှာ လုဒ်ဝစ်(၁)ဘုရင် တည်ဆောက်ထားတဲ့ ရောမခေတ် ပွမ်ပေမြို့ပုံစံတူ စံအိမ်မှာ ခင်းကျင်းပြသထားခဲ့တာပါ။ ဒါပေမဲ့ ဒုတိယကမ္ဘာစစ်အတွင်းမှာ ပျောက်ဆုံးသွားခဲ့ပါတယ်။

၁၉၄၄ ခုနှစ် ဇန်နဝါရီလမှာ မဟာမိတ်တပ်ဖွဲ့တွေက အရှာဖင်ဘတ်မြို့ကို ဗုံးကြဲခဲ့လို့ ရုပ်တုတည်ရှိရာ ပွမ်ပီဂျာနမ်စံအိမ် ဆိုးဆိုးရွားရွား ထိခိုက်ပျက်စီးခဲ့ပါတယ်။ ၁၉၆၀ ပြည့်နှစ်မှာ ဂျာမနီအာဏာပိုင်တွေက ပွမ်ပီဂျာနမ်စံအိမ်ကို ပြန်လည်မွမ်းမံပြင်ဆင်ခဲ့ပြီး ၁၉၉၄ ခုနှစ်မှာတော့ ပြတိုက်အဖြစ် ဖွင့်လှစ်ခဲ့ပါတယ်။ ဒါပေမဲ့ ရောမခေတ် ကိုယ်တစ်ပိုင်းပြတ်ရုပ်တုက ဂျာမနီကနေ အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ်ကို ဘယ်လိုရောက်လာခဲ့သလဲဆိုတာ အဖြေမထုတ်နိုင်သေးပါဘူး။

ဒုတိယကမ္ဘာစစ်အပြီးမှာ အမေရိကန်စစ်တပ်က အရှာဖင်ဘတ်မြို့မှာ စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းတွေ တည်ဆောက်ခဲ့ကြပြီး စစ်အေးခေတ်အထိ အဲဒီစခန်းတွေ တည်ရှိခဲ့ပါတယ်။ ဒါကြောင့် ဖြစ်နိုင်ခြေအရှိဆုံးကတော့ အရှာဖင်ဘတ်မြို့ကနေ ပြန်လာတဲ့ ဂျာမနီစစ်သားတစ်ယောက်က အဲဒီရုပ်တုကို တက္ကဆက်ပြည်နယ်ထံ သယ်ဆောင်လာခဲ့တာပါပဲ။

အဲဒီရုပ်တုဟာ ဂျူလီးယက်စ်ဆီဇာကို ရှုံးနိမ့်ခဲ့တဲ့ ပွမ်ပေသယ်ဂရိတ်ရဲ့ သားတော်ပုံ ဖြစ်ဖွယ်ရှိပါတယ်။ နဖူးပေါ်မှာ ဆံစကျနေတာ၊ ရှည်လျားတဲ့မျက်ခုံးရှိတာ၊ ပွမ်ပေသယ်ဂရိတ် ကွယ်လွန်ပြီးနောက်မှာ ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် သူ့ရဲ့သားတော်တွေ ထားသလို ပါးသိုင်းမွေးမျိုးရှိတာ စတဲ့ အသေးစိတ်အချက်အလက်တွေလည်း ကျော်ကြားတဲ့ စစ်သူကြီးတွေရဲ့ ရုပ်တုတွေရဲ့ ပုံသဏ္ဍာန်ခပ်ဆင်ဆင် ဖြစ်နေပါတယ်။

သူ့အနေနဲ့ ဒီရုပ်တုကို ဆက်သိမ်းထားခွင့်မရှိတော့လို့ ဝမ်းနည်းမိပေမဲ့ ရှည်လျားရှုပ်ထွေးတဲ့ ဒီရုပ်တုရဲ့သမိုင်းကြောင်းမှာ တစ်စိတ်တစ်ဒေသ ပါဝင်ခွင့်ရခဲ့လို့ ပျော်ရွှင်မိတယ်လို့ လော်ရာယန်းက ဆိုပါတယ်။ လက်ရှိအချိန်မှာတော့ ဒီရုပ်တုကို တက္ကဆက်ပြည်နယ်၊ အောစ်တင်မြို့က ဆန်အန်တိုနီယို အနုပညာပြတိုက်မှာ ပြသထားပြီး ၂၀၂၃ ခုနှစ် မေလအတွင်း မွမ်ပေဂျာနမ်စံအိမ်ထံ ပြန်လည်လွှဲပြောင်းပေးအပ်မှာဖြစ်ပါတယ်။

Ref: CNN ” A $34.99 Goodwill purchase turned out to be an ancient Roman bust that’s nearly 2,000 years old”

Team ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top