မကူညီရရင် မနေနိုင်တဲ့ ထီကံထူးရှင်က ဆုငွေ ပေါင် ၁၁၅ သန်း တစ်ဝက်ကျော်ကျော်ကို လှူဒါန်းပေးဝေခဲ့

28-4-2022-yyl-01.jpg

တခြားသူတွေကို မကူညီဘဲ မနေနိုင်တဲ့ ဖရန့်စ် ကွန်နွိုင်းလီ (Frances Connolly) ဆိုသူက ထီဆုကြေး ပေါင် ၁၁၅ သန်းရဲ့ တစ်ဝက်ကျော်ကျော်ကို အလကားပေးဝေခဲ့ပါတယ်။ နောက်ဆယ်စုနှစ်အတွက်လည်း သူ့ရဲ့ဝင်ငွေတွေကို လှူဒါန်းထားပြီးပါပြီ။ ဖရန့်စ်ဟာ သူ့ခင်ပွန်း ပတ်ထရစ်နဲ့အတူ နှစ်စဉ်ပရဟိတဘတ်ဂျက်တစ်ခုလုပ်ဖို့ သဘောတူခဲ့ပေမဲ့ ၂၀၂၃ခုနှစ်အထိ ပေါင် သန်း ၆၀ ကို လှူဒါန်းထားပြီးဖြစ်တယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ “ငွေအားနဲ့ဖြစ်ဖြစ် လုပ်အားနဲ့ဖြစ်ဖြစ် အခြားသူတွေကို ကူညီတာက Lockdown အတွင်း လူတွေရဲ့စိတ်ဓာတ်ကို မြှင့်တင်ပေးခဲ့တယ်။ ကူညီတာက စွဲလမ်းမှုတစ်ခုပဲ။ အခုဆို ကျွန်မ မကူညီဘဲ မနေနိုင်ဖြစ်နေပြီ”လို့ သူက ဆိုပါတယ်။

၂၀၁၉ခုနှစ် EuroMillions မှာ ဖရန့်စ်တို့ဇနီးမောင်နှံ ထီပေါက်ခဲ့တဲ့အချိန် ထီမထွက်ခင် ထီပေါက်မယ်လို့ ယုံကြည်ပြီး ဖရန့်စ် ပြင်ဆင်ထားတဲ့ အမည်စာရင်းထဲက သူငယ်ချင်းတွေ၊ မိသားစုတွေကိုလည်း ထီဆုကြေးတွေ ပေးဝေခဲ့ပါတယ်။ ဖရန့်စ်က ပရဟိတအဖွဲ့အစည်းနှစ်ခုကို တည်ထောင်ထားပါတယ်။ တစ်ခုက ကွယ်လွန်သူမိခင် ကိတ်လိန် ဂရာဟမ် (Kathleen Graham) ကို ရည်စူးတည်ထောင်ထားတာပါ။ နောက်တစ်ခုကတော့ သူတို့နေထိုင်ခဲ့ဖူးတဲ့ Hartlepool မှာ PFC Trust အမည်နဲ့တည်ထောင်ခဲ့ပါတယ်။

ဖရန့်စ်တို့ ထီပေါက်ပြီးနောက် အကြီးမားဆုံးကုန်ကုန်စရိတ်အနေနဲ့ အိမ်ခန်း (၆) ခန်းပါ အိမ်ကြီးကို ဝယ်ယူခဲ့ပါတယ်။ ဒါပေမဲ့ ဖရန့်စ်က ဇိမ်ခံပစ္စည်းတွေအပေါ် ငွေအများကြီးသုံးတာကိုတော့ မကြိုက်ပါဘူး။ တီဗီရှိုးတစ်ခုမှာ တစ်စုံတစ်ယောက်က ရှန်ပိန်ပုလင်းအတွက် ပေါင် ၂၅,၀၀၀ သုံးတာကို တွေ့တော့ ဒါနဲ့ပတ်သက်ပြီး အဲဒီငွေပမာဏက လူငယ်တစ်ယောက်ကို အိမ်တစ်အိမ် ဝယ်ဖို့ ကူညီပေးနိုင်တယ်လို့ သူ့ရဲ့အတွေးကို ပြောပြခဲ့ပါတယ်။

စနေနေ့က ကလေး (၃) ဉီးမိခင် ဖရန့်စ်က ဒေသတွင်းလူငယ်၊ လူကြီး၊ ဒုက္ခသည်တွေကို ကူညီပေးနေတဲ့ PFC Trust ဖောင်းဒေးရှင်းအတွက် ပေါင် ၁၀၀,၀၀၀ ကျော် ရရှိခဲ့တဲ့ ရန်ပုံငွေပွဲတစ်ခုကို ပြုလုပ်ခဲ့ပါတယ်။ ဖရန့်စ်က ဆင်းရဲနွမ်းပါးမှုကို ပပျောက်အောင် မလုပ်ပေးနိုင်ပေမဲ့ PFC Trust က အခြားသူတွေရဲ့ကျော်ထောက်နောက်ခံဖြစ်စေမယ်လို့ မျှော်လင့်ထားပါတယ်။

Ref: SkyNews “A lottery winner ‘addicted to helping’ gives away more than half of £115m winnings”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top