ဂျပန်လူမျိုးကမ္ဘာ့အသက်ကြီးဆုံးပုဂ္ဂိုလ်သေဆုံးပြီးနောက် ပြင်သစ်သီလရှင်တစ်ပါးက ကမ္ဘာ့အသက်ကြီးဆုံးပုဂ္ဂိုလ်ဖြစ်လာ

27-4-2022-yyl-07.jpg

ပြင်သစ်နိုင်ငံတောင်ပိုင်း ဘိုးဘွားရိပ်သာမှာ နေထိုင်နေတဲ့ အသက် ၁၁၈ နှစ်အရွယ် သီလရှင်တစ်ပါးက ကမ္ဘာ့အသက်ကြီးဆုံးပုဂ္ဂိုလ်ဖြစ်လာတယ်လို့ ကမ္ဘာ့ဂင်းနစ်မှတ်တမ်းအရ သိရပါတယ်။ ဧပြီလ ၁၉ ရက်နေ့က အသက် ၁၁၉ နှစ်အရွယ် ဂျပန်လူမျိုး ကမ္ဘာ့အသက်ကြီးဆုံးပုဂ္ဂိုလ် ကာနယ် တာနာကာ သေဆုံးသွားပြီးတဲ့နောက် သီလရှင်အန်ဒရီက ကမ္ဘာ့အသက်ကြီးဆုံးပုဂ္ဂိုလ်ဖြစ်လာခဲ့တာပါ။

၁၉၀၄ ခုနှစ် ဖေဖော်ဝါရီ ၁၁ ရက်နေ့မှာ မွေးဖွားခဲ့တဲ့ သီလရှင်အန်ဒရီဟာ ကမ္ဘာ့အသက်ကြီးဆုံးသီလရှင်လည်းဖြစ်ပါတယ်။ သူ့ဘဝကို ဘာသာရေးလုပ်ငန်းတွေမှာ အများဆုံးမြှပ်နှံထားခဲ့တာပါ။ ကက်သလစ်သီလရှင်မဖြစ်လာခင် ဒုတိယကမ္ဘာစစ်အတွင်း ကလေးငယ်တွေကို ပြုစုစောင့်ရှောက်ခဲ့ပါတယ်။ အဲဒီနောက် ဆေးရုံတစ်ခုမှာ မိဘမဲ့တွေနဲ့ သက်ကြီးရွယ်အိုတွေကို ၂၈ နှစ်တာ ပြုစုစောင့်ရှောက်ပေးခဲ့ပါတယ်။

သီလရှင်အန်ဒရီက ကိုဗစ်ရောဂါကနေ အသက်ရှင်လွှတ်မြောက်ခဲ့တဲ့ အသက်ကြီးဆုံးပုဂ္ဂိုလ်လို့ပြောရင်လည်းမမှားပါဘူး။ ၂၀၂၁ခုနှစ်အစမှာ ကိုဗစ်ရောဂါပိုးကူးစက်ခံခဲ့ရပေမဲ့ (၃) ပတ်အတွင်းမှာ ပြန်လည်ကောင်းမွန်လာခဲ့တယ်လို့ ကမ္ဘာ့ဂင်းနစ်မှတ်တမ်းက ပြောပါတယ်။

အင်္ဂါနေ့က French TV channel RMC Story နဲ့ အင်တာဗျူးတစ်ခုမှာ သီလရှင်အန်ဒရီက ကမ္ဘာ့အသက်ကြီးဆုံးပုဂ္ဂိုလ်ဖြစ်လာတာနဲ့ပတ်သက်ပြီး သူ့ရဲ့ခံစားချက်ကို ပြောပြခဲ့ပါတယ်။ “ကောင်းကင်ဘုံမှာ နေရတာ ပိုကောင်းလိမ့်မယ်လို့ ငါ ခံစားမိတယ်။ ဘုရားသခင်က ငါကို မလိုချင်ခဲ့ဘူး” လို့ ပြောကြားရင်း ကမ္ဘာ့အသက်ကြီးဆုံးပုဂ္ဂိုလ်ဆိုတဲ့ ဘွဲ့ကို “ဝမ်းနည်းစရာကောင်းတဲ့ချီးမြှောက်မှု” လို့ အမည်တပ်ခဲ့ပါတယ်။ ဒါပေမဲ့ သူ့မိသားစုရဲ့နှစ်သိမ့်ပေးမှုကို ခံရတဲ့အတွက် ပျော်ရွှင်တယ်လို့လည်း ဆိုပါတယ်။

သူက ချောကလက်နဲ့ဝိုင်ကို နှစ်သက်သဘောကျပြီး ဘိုးဘွားရိပ်သာမှာ နေ့တိုင်း ဝိုင်တစ်ခွက်သောက်ဖြစ်တယ်လို့ သိရပါတယ်။ အခုနှစ်အစောပိုင်း အသက် ၁၁၈နှစ်ပြည့်တဲ့အချိန်က ပြင်သစ်သမ္မတဆီက မွေးနေ့ဆုတောင်းပေးတဲ့ လက်ရေးစာတစ်စောင်ကို လက်ခံရရှိခဲ့ပါသေးတယ်။

ကမ္ဘာ့အသက်ကြီးဆုံးပုဂ္ဂိုလ်ဆိုတဲ့ ဘွဲ့ကို ၁၈၇၅ခုနှစ် ဖေဖော်ဝါရီ ၂၁ ရက်နေ့ မွေးဖွားခဲ့တဲ့ ဂျိန်နီ လူဝစ် ကယ်မက် (Jeanne Louise Calment) ဆိုသူ အမျိုးသမီးက ပိုင်ဆိုင်ခဲ့ဖူးပါတယ်။ သူ့ဘဝသက်တမ်းက ၁၂၂ နှစ်နဲ့ ၁၆၄ ရက်ကြာရှည်ခဲ့တယ်လို့ ကမ္ဘာ့ဂင်းနစ်မှတ်တမ်းက ထုတ်ပြန်ချက်မှာ ဖော်ပြခဲ့ပါတယ်။

Ref: CNN “The world’s oldest person is a French nun who enjoys chocolate and wine”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top