ချောင်းဆိုးနေတာကို သက်သာစေမယ့် သဘာဝဖျော်ရည်တစ်ခု

shutterstock-403419514-661x467-1.png

ချောင်းဆိုးတာကပြောတော့သာ ဘာမှမဟုတ်သလိုနဲ့ လူကြားထဲမှာချောင်းဆိုးချင်ရင် တော်တော်လေးတော့နေရခက်တယ်နော်။ ချောင်းဆိုးချင်ထားတာအောင့်ထားလို့မရတဲ့ ပြဿနာတစ်ခုပါ။ ဒီပြဿနာကိုဖြေရှင်းဖို့ ဆေးလည်း မသောက်ချင်ဘူးဆိုတဲ့ ပရိသတ်ကြီးများရှိလား။ ဒါဆိုရင်တော့ ဒီဆောင်းပါးလေးကို ဖတ်ကြည့်စေချင်ပါတယ်။

ချောင်းဆိုးပြီဆိုတာနဲ့ ဆေးသောက်ရမှာလား

ချောင်းဆိုးတိုင်းတော့ ဆေးသောက်ဖို့လိုလားဆိုတော့ မလိုပါဘူး။ ချောင်းဆိုးတာကိုသက်သာစေမယ့် အိမ်တွင်းကုထုံးတွေ အများကြီးရှိပါတယ်။ ဥပမာပြောပြရရင်

  • ရေနွေးငွေ့ခံတာ
  • ကြက်သွန်ဖြူစားတာ
  • ဂျင်း (ချင်း) စားတာ
  • ငရုတ်ကောင်းခတ်ထားတဲ့ ဟင်းချိုပူပူလေးသောက်တာ
  • ရေနွေးနဲ့ရေချိုးတာ
  • ရေနွေးထဲကို ပျားရည်နဲ့ သံပရာရည်ထည့်ပြီးသောက်တာမျိုးတွေ လုပ်ပေးလို့ရပါတယ်။

ချောင်းဆိုး ပျောက်ဆေးတွေ ထက်စွမ်းတဲ့ နည်းလမ်းတစ်ခု

ချောင်းဆိုးတာကို ပျောက်ကင်းစေမယ့် ချောင်းဆိုးပျောက်ဆေးထက်စွမ်းတဲ့ နည်းလမ်းတစ်ခုရှိပါတယ်။ ဒါကတော့ အလုပ်လည်းမရှုပ်ဘဲ ဆေးသောက်ရမှာ ကြောက်သူတွေအတွက်လည်း အဆင်ပြေစေနိုင်မယ့် နာနတ်သီးဖျော်ရည် သောက်ပေးခြင်းပါပဲ။ နာနတ်သီးဖျော်ရည်သောက်ပေးခြင်းကြောင့်

  • ချွဲတွေကိုပျော်စေနိုင်တယ်
  • အသက်ရှုလမ်းကြောင်းကို ကျန်းမာစေနိုင်တယ်
  • လည်ချောင်းတွင်းက အစိုဓါတ်ကို ထိန်းပေးနိုင်တယ်
  • ဓါတ်မတည့်မှုကြောင့်ဖြစ်တဲ့ အသက်ရှုလမ်းကြောင်းတလျှောက် ရောင်ရမ်းမှုတွေကို သက်သာစေနိုင်တယ်
  • ပန်းနာရင်ကျပ်ရောဂါကြောင့်ဖြစ်တဲ့ အသက်ရှုလမ်းကြောင်းဆိုင်ရာပြဿနာတွေကို သက်သာစေနိုင်တယ်
  • ထိပ်ကပ်နာကြောင့်ဖြစ်တဲ့ အသက်ရှုလမ်းကြောင်းပြဿနာကို သက်သာစေနိုင်တယ်
  • ဝတ်မှုန်နဲ့ ဓါတ်မတည့်မှုကြောင့်ဖြစ်တဲ့ ချောင်းဆိုးတာကို သက်သာစေနိုင်ပါတယ်။

နာနတ်သီး ဖျော်ရည် ကဘာကြောင့် ချောင်းဆိုးသက်သာစေနိုင်ရတာလဲ

နာနတ်သီးဖျော်ရည်မှာ bromelain လို့ခေါ်တဲ့ အင်ဇိုင်းတစ်မျိုးပါဝင်နေတာကြောင့် နာကျင်ရောင်ရမ်းမှုကို သက်သာစေပြီး ချွဲတွေကိုပျော်စေနိုင်ပါတယ်။ ဒါတွေတင်လားဆိုတော့ မဟုတ်ပါဘူး။ နာနတ်သီးမှာ ဗီတာမင် C ပါဝင်နေတာကြောင့် ကိုယ်ခံအားကို ကောင်းစေနိုင်သလို အမြင်အာရုံကိုလည်း ကျန်းမာစေနိုင်ပါတယ်။ အမျှင်ဓါတ်ပါဝင်နေတာကြောင့် အစာခြေစနစ်ကို ကျန်းမာစေနိုင်ပါတယ်။ မဂ္ဂနိ ပါဝင်နေတာကြောင့် ဆဲလ်တွေပျက်စီးတာကို ကာကွယ်ပေးပါသေးတယ်။ ဒါတွေအပြင် နာနတ်သီးမှာခန္ဓာကိုယ်ကို ကျန်းမာစေနိုင်တဲ့ ဘီတာကယ်လ်ရိုတင်း၊ ကော့ပါး၊ ဇင့်၊ ဖောလိတ်တို့လည်း ပါဝင်နေပါသေးတယ်။ ကျန်းမာရေးအတွက်လိုအပ်တဲ့ ဗီတာမင် နဲ့ သတ္တုဓါတ်တွေကြွယ်ဝစွာပါဝင်နေတာကြောင့် ခန္ဓာကိုယ်ကို ကျန်းမာစေသလိုချောင်းဆိုးတာ၊ ချွဲကြပ်တာကိုလည်း သိသိသာသာသက်သာစေမှာပါ။

ချောင်းဆိုးသက်သာစေမယ့် နာနတ်သီး ဖျော်ရည်ကို ဘယ်လိုဖျော်မလဲ

ချောင်းဆိုးတာကိုသက်သာစေဖို့ နာနတ်သီးဖျော်ရည်သောက်မယ်ဆိုရင်တော့

  • နာနတ်သီးကိုကြိတ်ခြေထားတဲ့ဖျော်ရည်တစ်ခွက်စာ
  • ဆားနည်းနည်း
  • ငရုတ်ကောင်းမှုန့်နည်းနည်း နဲ့
  • ပျားရည် လက်ဖက်ရည်ဇွန်းတဝက်စာတို့ကို ရောဖျော်လိုက်ပါ။
  • ဒီတစ်ခွက်စာကို လေးခွက်အညီအမျှခွဲပြီး တစ်နေ့တာမှာ ၄ ကြိမ်သောက်ပေးပါ။ ဒီလိုသောက်ပေးမှုနဲ့အတူ တစ်နေ့တာမှာရေ ၈ ခွက်သောက်ပေးပါ။ ဒီလိုလုပ်ပေးတာကြောင့် ချွဲသလိပ်တွေကြေစေပြီးချောင်းဆိုးတာကို သက်သာစေမှာပါ။

ဒီရာသီမှာချောင်းကလည်းဆိုးနိုင်သလို နာနတ်သီးကလည်းပေါတဲ့ အချိန်ဆိုတော့ ချောင်းဆိုးလို့ဆေးသောက်ရမှာ ကြောက်တဲ့သူလေးတွေအနေနဲ့ နာနတ်သီးဖျော်ရည်လေး သောက်လို့အောင့်ရခက်တဲ့ လူကြားထဲချောင်းဆိုးချင်တဲ့ ပြဿနာကို ခပ်ဝေးဝေးမောင်းထုတ်လိုက်ရအောင်လား

Ref : hellosayarwon

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon

Team ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top