အေဒါဇူဂိုင်းက ပစ္စည်းစုရတာကို ဝါသနာမပါဘူး။ သူ့အိမ်ကို ကြည့်လိုက်ရင် ဘာမှမရှိသလောက် ရှင်းလင်းနေတာပဲ။ ရုတ်တရက် သွားစရာပေါ်လာရင် အသင့်ဖြစ်စေဖို့ မရှိမဖြစ် ပစ္စည်းတွေကို အိတ်တစ်လုံးထဲ ထည့်ထားတယ်။ ပစ္စည်းစုရတာ ဝါသနာမပါပေမဲ့ ဆယ်စုနှစ် ၂ ခုကျော်အောင် သူ သိမ်းထားတဲ့ အရာတစ်ခုတော့ ရှိတယ်။ အဲဒါကတော့ သူတို့ညီအစ်မရဲ့ဘဝကို ပြောင်းလဲသွားစေခဲ့တဲ့ စာအိတ်တစ်လုံးပေါ့။ ဒါဟာ အခုချိန်အထိ သူ မဖြေရှင်းနိုင်သေးတဲ့ ပဟေဋ္ဌိတစ်ခုလည်း ဖြစ်နေပြန်တယ်။
၁၉၉၉ ခုနှစ်က ကိုဆိုဗိုစစ်ပွဲ ဖြစ်ပွားနေချိန်မှာ ၁၂ နှစ်အရွယ်ပဲ ရှိသေးတဲ့ ဇူဂိုင်းနဲ့ အစ်မဖြစ်သူ ဗန်ဂျာတို့ဟာ ဒုက္ခသည်ဘဝနဲ့ အမေရိကန်ကို ထွက်ပြေးလာခဲ့ကြတယ်။ အဲဒီလေယာဉ်ပေါ်မှာ သူစိမ်းအမျိုးသမီးတစ်ယောက်က သူတို့ကို စာအိတ်တစ်လုံး ပေးခဲ့တာပါ။ ” လေယာဉ်ပေါ်ကမဆင်းခင် စာအိတ်ကို မဖွင့်ဖို့ ” အဲဒီအမျိုးသမီးက သူတို့ကို ကတိတောင်းခဲ့တယ်။ လေယာဉ်ပေါ်က ဆင်းတဲ့အခါ စာအိတ်ကို ဖွင့်ကြည့်လိုက်တော့ နားဆွဲလေးတွေနဲ့ အမေရိကန်ဒေါ်လာ ၁၀၀ တန် တစ်ရွက် တွေ့လိုက်ရလို့ သူတို့အရမ်းအံ့သြသွားတယ်။
စာအိတ်ပေါ်မှာတော့ ” ကလေးတို့နိုင်ငံကို ဗုံးကြဲခဲ့လို့ ကလေးတို့မိသားစုတွေ ဒုက္ခရောက်ရတဲ့အပေါ် အရမ်းစိတ်မကောင်းဖြစ်ရပါတယ်။ အမေရိကမှာ နေထိုင်ရတာ ဘေးကင်းလုံခြုပြီး ပျော်ရွှင်ပါစေလို့ ဆန္ဒပြုပါတယ်။ အမေရိကကနေ ကြိုဆိုပါတယ်။ ဒီမှာ နေတဲ့ကာလအတွင်း ကလေးတို့ အဆင်ပြေစေဖို့ ဒါကို သုံးစွဲပါ။ လေယာဉ်ပေါ်က မိတ်ဆွေ – ထရေစီ”လို့ ရေးထားပါတယ်။ ထရေစီပေးခဲ့တဲ့လက်ဆောင်ဟာ ဇူဂိုင်းတော့ ညီအစ်မအတွက်တော့ ပေးကမ်းစွန့်ကြဲမှုတစ်ခုဆိုတာထက် ပိုပါတယ်။ သူတို့ဘဝတစ်လျှောက်လုံးမှာ အယူအဆ၊ အတွေးအခေါ်တွေကိုပါ ပြောင်းလဲသွားစေခဲ့တယ်။ ဒါကြောင့်လည်း ထရေစီကို ကျေးဇူးတင်စကားပြောဖို့ ဇူဂိုင်းက ဆယ်စုနှစ်တစ်ခုကြာ လိုက်ရှာခဲ့တာပါ။ ဒါပေမဲ့ ထရေစီကို သူ ပြန်မတွေ့သေးပါဘူး။
ထရေစီပေးခဲ့တဲ့ လက်ဆောင်ကြောင့် ဇူဂိုင်းတို့ ညီအစ်မ ၂ ယောက် နွေရာသီတစ်ခုလုံး စားရေးသောက်ရေး အဆင်ပြေခဲ့တယ်။ စစ်ရဲ့အနိဠာရုံတွေထဲကနေ ထွက်ပြေးလာတဲ့ ဒုက္ခသည်ကလေးငယ် ၂ ယောက်အတွက် ထရေစီရဲ့လက်ဆောင်က နွေးထွေးလှပမှု ခံစားခွင့်ရစေခဲ့တယ်။ အချိန်ကြာလာတာနဲ့အမျှ ထရေစီရဲ့မေတ္တာတရားကို ပိုခံစားမိလေလေ၊ ဇူဂိုင်းက သူ့ကို ပိုတွေ့ချင်လေ ဖြစ်ခဲ့တယ်။
သူတို့ညီအစ်မ ၂ ယောက် စတိုးဆိုင်မှာ ပစ္စည်းဝယ်တဲ့အခါ ဆိုင်ရှင်အမျိုးသမီးက အကြွေနဲ့ မရောင်းနိုင်ဘူး၊ နင်တို့က ဒီနိုင်ငံနဲ့မဆိုင်ဘူးလို့ ပြောလွှတ်တာ၊ နင်တို့တွေ ဒီနိုင်ငံကနေ ထွက်သွားကြလို့ ပြောခံရတာ၊ တချို့ဒုက္ခသည်တွေက အမေရိကနဲ့ မတန်ဘူးဆိုပြီး ပြောကြဆိုကြတာ . . . အစရှိတဲ့ ဖြစ်ရပ်တွေကိုလည်း သူတို့ညီအစ်မ ကြုံခဲ့ရပါတယ်။ ဇူဂိုင်းဆိုရင် သူ့ကိုယ်သူ ဒုက္ခသည်လို့ ပြောရမှာ ကြောက်လွန်းလို့ အမေရိကန်ဌာနေ လေယူလေသိမ်းမျိုးဖြစ်အောင် ပြောနိုင်ဖို့ သင်တန်းတွေ တက်ခဲ့တယ်။ အမေရိကန်က လူတွေ သူ့ကို လက်ခံလာစေဖို့ သူ့ရဲ့ဇာတိသညာတစ်ခုလုံး ပျောက်ကွယ်သွားအောင် ကြိုးစားမိခဲ့တယ်။ နောက်ကျတော့မှ လူဆိုတာ ဇာတိသညာကို လုံးဝဖျောက်ဖျက်ပစ်ဖို့ ဘယ်လိုမှ မဖြစ်နိုင်မှန်း သူ နားလည်သွားခဲ့တယ်။
အဲဒီလို ကြောက်စရာကောင်းတဲ့ အတွေ့အကြုံတွေကြောင့် ထရေစီရဲ့လက်ဆောင်ဟာ အမှောင်ထိုကြားက စိန်တစ်ပွင့်လို လင်းလက်တောက်ပနေခဲ့တယ်။ သူ့ကို မျှော်လင့်ချက်ရှိလာစေခဲ့တယ်။ သူတို့နဲ့ လေယာဉ်ပေါ်မှာ တွေ့ချိန်တုန်းက ထရေစီဟာ အသက် ၄၀ ဝန်းကျင်လောက် ရှိမယ်လို့ ဇူဂိုင်းက ပြောတယ်။ ထရေစီနဲ့အတူ မိတ်ဆွေအမျိုးသမီးတစ်ယောက်လည်း ပါလာတယ်။ သူ့နာမည်ကလည်း ထရေစီပဲတဲ့။
သူတို့မှာ တင်းနစ်ဘတ်တံတွေ ပါလာပြီး ပဲရစ်မြို့မှာ တင်းနစ်ရိုက်တဲ့အကြောင်းတွေ ပြောနေတယ်ဆိုတော့ တင်းနစ်မယ်များ ဖြစ်နေမလားလို့ ဇူဂိုင်းက ထင်တယ်။ ဇူဂိုင်းတို့ ညီအစ်မနဲ့ ထရေစီတို့ လေယာဉ်ပေါ်မှာ ဆုံတဲ့အချိန်က ပြင်သစ်အိုးပင်းတင်းနစ်ပြိုင်ပွဲ ကျင်းပတဲ့အချိန်နဲ့ တိုက်ဆိုင်နေတယ်။ ထရေစီက ပဲရစ်ကနေ အမ်စတာဒမ်၊ အမ်စတာဒမ်ကနေ အမေရိကန်ကို လေယာဉ်စီးခဲ့တာဖြစ်မယ်လို့ ဂိုင်းက တွက်တယ်။ ဒီတော့ တင်းနစ်အဖွဲ့အစည်းတွေနဲ့ လေကြောင်းကုမ္ပဏီကို စုံစမ်းကြည့်တော့လည်း မထူးခြားဘူး။
တစ်ခါတုန်းကတော့ တင်းနစ်ရိုက်ပြီး ထရေစီလို့အမည်ရတဲ့ အမျိုးသမီးတစ်ယောက်ကို ရှာတွေ့တယ်။ အဲဒီထရေစီမှာ နောက်ထပ်ထရေစီဆိုတဲ့ သူငယ်ချင်းတစ်ယောက်လည်း ရှိတယ်။ ဒါပေမဲ့ သေသေချာချာ မေးကြည့်လိုက်တော့ ၁၉၉၉ ခုနှစ်တစ်ဝိုက်မှာ သူတို့ ၂ ယောက်လုံး အမ်စတာဒမ်ကနေ အမေရိကန်ကို ပျံသန်းတဲ့ လေယာဉ်မစီးခဲ့ဖူးသလို လေယာဉ်ပေါ်မှာလည်း သူစိမ်းတွေကို ဒေါ်လာ ၁၀၀ ပေးတာမျိုး မလုပ်ခဲ့ဖူးဘူးတဲ့။ ဒီတော့ ဇူဂိုင်းရဲ့ ရှာပုံတော်က လမ်းစပျောက်သွားရပြန်တယ်။
ဇူဂိုင်းရဲ့ ရှာပုံတော်အကြောင်း သိသွားချိန်မှာ ဒုက္ခသည်အဖွဲ့အစည်းရဲ့ ယာယီညွှန်ကြားရေးမှူး ဆာရာကပါ သူ့ကို ကူညီပေးတယ်။ ဆာရာရဲ့အမြင်မှာတော့ ကမ္ဘာပေါ်မှာ ဒုက္ခသည်အရေး ပိုများပြားလာတဲ့ အခုလိုအချိန်မျိုးမှာ ထရေစီလို လူမျိုးတွေ ပိုလိုအပ်တယ်။ ထရေစီရဲ့ အပြုအမူဟာ တချို့သူတွေအတွက် အသေးအဖွဲလေး ဖြစ်ကောင်းဖြစ်နေနိုင်ပေမဲ့ အမှန်တကယ် လိုအပ်နေသူတွေအတွက်တော့ ဘဝတစ်ခုလုံးကိုပါ ပြောင်းလဲသွားစေနိုင်တဲ့ လုပ်ရပ်ဖြစ်တယ်လို့ ဆာရာက ဆိုပါတယ်။
ဇူဂိုင်းက ထရေစီကို ရှာပုံတော်ဖွင့်ဖို့ Reddit ပေါ် တင်ချိန်မှာ လူတစ်ယောက်ရဲ့ မှတ်ချက်ကလည်း သူ့ကို အလင်းပွင့်စေခဲ့ပါတယ်။ ” ထရေစီကို ရှာဖို့ မင်းကို ငါ ကူညီနိုင်စွမ်း မရှိပါဘူး။ ဒါပေမဲ့ ငါ့ရဲ့အိမ်နီးချင်းသစ်၊ မိတ်ဆွေသစ်၊ နိုင်ငံသားသစ် ဖြစ်လာမယ့်သူတွေအတွက် ငါ ကိုယ်တိုင် ထရေစီ ဖြစ်လာအောင် ဘယ်လိုလုပ်ရမလဲဆိုတာ ပြောပြပေးနိုင်မလား ”လို့ မေးခဲ့တာပါ။ ဇူဂိုင်းရဲ့အစ်မ ဗန်ဂျာကတော့ အခုချိန်မှာ မေ့ဆေးဆရာဝန် ဖြစ်နေပါပြီ။ သူတို့ငယ်ငယ်က ထရေစီရဲ့ မေတ္တာတရားကြောင့် နွေးထွေးခဲ့ရသလို အခုချိန်မှာလည်း အကူအညီလိုတဲ့သူတိုင်းကို တတ်နိုင်သလောက် ကူညီပေးဖို့ စိတ်ပိုင်းဖြတ်ထားသူပါ။
ထရေစီနဲ့ ဇူဂိုင်းတို့ညီအစ်မအကြောင်း သိတဲ့သူတွေ ပိုများလာလေလေ၊ ဒုက္ခရောက်နေသူတွေ၊ အကူအညီလိုအပ်နေသူတွေကို နွေးနွေးထွေးထွေး ဖေးဖေးမမ ကူညီပေးမယ့် လက်တွေ ပိုများလာလေလေလို့ပဲ ဆိုရမှာပါ။
Ref: CNN ” A stranger on an airplane gave her $100 years ago and changed her life. Now she’s trying to find the mystery woman to thank her”
Team (ရိုးရာလေး)