ယူကရိန်းအနောက်ပိုင်းမြို့တစ်မြို့က စစ်ဘေးရှောင်တွေဆီ လာရောက်ခဲ့တဲ့ အိန်ဂျလီနာဂျိုလီ

2-5-2022-yyl01.jpg

UNHCR အထူးသံတမန်ဖြစ်တဲ့ ဟောလိဝုဒ်မင်းသမီး အိန်ဂျလီနာဂျိုလီဟာ ယူကရိန်းနိုင်ငံအနောက်ပိုင်း လူဗျူ့မြို့ (Lviv) ကို စနေနေ့က လာရောက်ခဲ့ပါတယ်။ အဲဒီမြို့မှာ စစ်ဘေးကြောင့် ရွှေ့ပြောင်းနေထိုင်နေရတဲ့သူတွေနဲ့ ထိခိုက်ဒဏ်ရာရနေတဲ့ ကလေးတွေကို တွေ့ဆုံခဲ့တာပါ။ အိန်ဂျလီနာဂျိုလီက အဲဒီမြို့ရဲ့ကော်ဖီဆိုင်တစ်ခုကို လာရောက်ခဲ့တာကိုလည်း တွေ့မြင်ခဲ့ရတယ်လို့ သိရပါတယ်။

လူဗျူ့မြို့ထံ ဂျိုလီ လာရောက်ခဲ့တာကို ဒေသဆိုင်ရာအုပ်ချုပ်ရေးမှူး မက်ဇင်မ် ကိုဇီစကီ (Maxim Kozytski) က “ကျွန်တော်တို့အတွက် သူ့ရဲ့ခရီးစဉ်က အံ့အားသင့်စရာပါပဲ” ဆိုတဲ့ စာသားနဲ့အတူ ဓာတ်ပုံ၊ ဗီဒီယိုတွေကို Telegram မှာတင်ခဲ့ပါတယ်။ဆေးရုံတစ်ခုမှာ ရုရှားဒုံးကျည်တစ်စင်းနဲ့ Kramotorsk ရထားဘူတာကို ဗုံးကြဲတိုက်ခိုက်မှုမှာ ထိခိုက်ဒဏ်ရာရခဲ့တဲ့ ကလေးတွေဆီ ဂျိုလီ အလည်သွားခဲ့ပါတယ်။ ဒါ့အပြင် ဂျိုလီက ရွှေ့ပြောင်းဒုက္ခသည်တွေရှိတဲ့ ရထားဘူတာကို သွားရောက်ခဲ့ပြီး သူတို့ကို ကူညီပေးနေတဲ့ စေတနာ့ဝန်ထမ်းတွေနဲ့ တွေ့ဆုံစကားပြောခဲ့ပါတယ်။

စေတနာ့ဝန်ထမ်းတွေက ဂျိုလီကို တာဝန်ကျစိတ်ပညာရှင်တစ်ဉီးစီက တစ်နေ့ကို လူ (၁၅) ဉီးလောက်ကို စိတ်ပိုင်းဆိုင်ရာအခြေအနေနဲ့ပတ်သက်ပြီး စကားပြောဆိုပေးရတယ်လို့ ဆိုပါတယ်။ ရထားဘူတာမှာ ရှိတဲ့ လူတော်တော်များများက အသက် ၂ နှစ်ကနေ ၁၀ နှစ်ကြား ကလေးတွေဖြစ်တယ်လို့ စေတနာ့ဝန်ထမ်းတွေဆီက သိရပါတယ်။

“သူတို့ ထိတ်လန့်တုန်လှုပ်သွားမှာ…ကလေးတွေရဲ့စိတ်ဒဏ်ရာက ဘယ်လောက်ထိခိုက်တယ်ဆိုတာ ကျွန်မ သိတယ်။ သူတို့ ဘယ်လောက် အရေးကြီးလဲ သူတို့ရဲ့အသံတွေက ဘယ်လောက် အရေးပါလဲဆိုတာကို တစ်စုံတစ်ယောက်က ပြပေးရမယ်ဆိုတာ ကျွန်မသိတဘ်။ သူတို့အတွက် ဘယ်လောက်ထိ ကုစားရမလဲဆိုတာ သိတယ်” လို့ ဂျိုလီက ပြောခဲ့ပါတယ်။

လူဗျူ့မြို့ခံတစ်ယောက်ကလည်း ဂျိုလီကို ကော်ဖီဆိုင်တစ်ခုမှာ မြင်တွေ့ခဲ့တယ်။ “ကျွန်မ ကော်ဖီသောက်နေတုန်း အိန်ဂျလီနာဂျိုလီကို မြင်တယ်” လို့ ပြောပါတယ်။ ပြီးခဲ့တဲ့လက အိန်ဂျလီနာဂျိုလီဟာ အထူးသံတမန်အနေနဲ့ စစ်ဘေးဒုက္ခသည် သန်းချီရှိတဲ့ ယီမင်ကို သွားရောက်ခဲ့ပါသေးတယ်။

Ref: Tribune & Angelina Jolie makes surprise Ukraine trip

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top