ကိုယ်ထူးကိုယ်ချွန် ကြိုးစားခဲ့လို့ ကမ္ဘာ့အချမ်းသာဆုံး အမျိုးသမီး ဖြစ်လာသူ

02-CHINAGLASS-JP1-master1050-701x460.jpg

လက်ရှိအချိန်မှာ ကမ္ဘာ့အသက်ငယ်ဆုံး ကိုယ်ထူးကိုယ်ချွန် အချမ်းသာဆုံး အမျိုးသမီးက ဘယ်သူလဲဆိုတာ သင်သိပါသလား။ Time မဂ္ဂဇင်းရဲ့ ဖော်ပြချက်အရ လက်ရှိအချိန်မှာ ကိုယ်ထူးကိုယ်ချွန် ကြိုးစားပြီး ကမ္ဘာ့အချမ်းသာဆုံး အမျိုးသမီးဘီလီယံနာ ဖြစ်လာသူ ကတော့ ဇူကန်ဖေ (Zhou Qunfei) ဖြစ်ပြီး သူမရဲ့အသက်ဟာ လက်ရှိအချိန်မှာ ၄၇ နှစ်သာ ရှိပါသေးတယ်။

ဇူဟာ Lens Technology ရဲ့ CEO လည်းဖြစ်ပြီး သူမရဲ့ကုမ္ပဏီဟာ iPhone အတွက် ဖန်သား မျက်နှာပြင်များ ထုတ်လုပ်ပေးတဲ့ကုမ္ပဏီ ဖြစ်ပါတယ်။ Lens Technology ကုမ္ပဏီဟာ ၂၀၁၅ ခုနှစ်မှာ အစုရှယ်ယာများကို စတင်ရောင်းချခဲ့ပြီးနောက်မှာ ဇူဟာ ဘီလီယံနာတစ်ယောက် ဖြစ်လာခဲ့တာဖြစ်ပြီး သူမရဲ့ပိုင်ဆိုင်မှုဟာ အမေရိကန်ဒေါ်လာ ၉ ဘီလီယံရှိပါတယ်။ ဇူဟာ ကိုယ်ထူးကိုယ်ချွန် ကမ္ဘာ့အသက်ငယ်ဆုံး  အမျိုးသမီး ဘီလီယံနာ တစ်ယောက်သာမကပဲ ကိုယ်ထူးကိုယ်ချွန် ကမ္ဘာ့အချမ်းသာဆုံး အမျိုးသမီး ဘီလီယံနာ တစ်ယောက်လည်း ဖြစ်ပါတယ်။

ဇူဟာ တရုတ်နိုင်ငံ၊ ဟူနန်ပြည်နယ်ရှိ ရွာလေးတစ်ရွာမှာ ဆင်းဆင်းရဲရဲနဲ့ ကြီးပြင်းလာရသူတစ်ယောက်ဖြစ်ပြီး အသက် ၁၆ နှစ်အရွယ်မှာ ကျောင်းထွက်ကာ နာရီမှန်သားများ ထုတ်လုပ်တဲ့စက်ရုံတစ်ခုမှာ စတင်အလုပ်လုပ်ကိုင်ခဲ့ပါတယ်။ အလုပ်ကို ကြိုးကြိုးစားလုပ်ကိုင်ခဲ့အပြီးမှာ ဒေါ်လာ ၃၀၀၀ ကျော်စုဆောင်းမိခဲ့ပြီး ၁၉၉၃ ခုနှစ်မှာ မှန်ဘီလူး လုပ်ငန်းတစ်ခုကို စတင်လုပ်ကိုင်ခဲ့ပါတယ်။ ဇူ မှန်ဘီလူးစက်ရုံကို စတင်ဖွင့်လှစ်တဲ့အချိန်ဟာ တရုတ်နိုင်ငံရဲ့ စီးပွားရေးစနစ် ဖြေလျှော့ပေးနေတဲ့အချိန်နဲ့ တိုက်ဆိုင်နေပြီး သူမရဲ့လုပ်ငန်းကို တည်ထောင်ချိန်မှာ ဇူဟာ အသက် ၂၂ နှစ် သာရှိပါသေးတယ်။

“တရုတ်နိုင်ငံစီးပွားရေး တစ်ဟုန်ထိုး တိုးတက်လာတဲ့အချိန်မှာ ကျွန်မတို့လို မိန်းမသားတွေအပါအဝင် တခြားသော စွန့်ဦးတီထွင်သူတွေအတွက် အခွင့်အလမ်းများစွာ ပေါ်ထွက်လာခဲ့ပါတယ်။ ကျွန်မကြီးပြင်းလာတဲ့ ရွာလေးမှာဆိုရင် မိန်းကလေးအများစုဟာ အထက်တန်းကျောင်း ပြီးအောင်တက်ဖို့ အခွင့်အလမ်း မရခဲ့ကြပါဘူး။ သူတို့အများစု ရွေးချယ်ကြတာကတော့ လက်ထပ်ပြီး အဲ့ဒီရွာလေးမှာပဲ တစ်သက်လုံးအချိန် ကုန်ဆုံးသွားဖို့ပါပဲ။ ဒါပေမဲ့ ကျွန်မကတော့ စီးပွားရေးလုပ်ငန်း လုပ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။”လို့ ဇူက ၂၀၁၅ ခုနှစ်က Time နဲ့ အင်တာဗျူးတစ်ခုမှာ ပြောဆိုခဲ့ပါတယ်။

ဇူ ရဲ့ မှန်ဘီလူးလုပ်ငန်းလေးဟာ ဖြည်းဖြည်းချင်း တိုးတက်လာခဲ့ပါတယ်။ ၂၀၀၃ ခုနှစ်မှာ Motorola ဖုန်းကုမ္ပဏီမှ အခြစ်ရာများ မဖြစ်နိုင်တဲ့ မှန်သား Screen များကို Motorola Razr V3 ဖုန်းအတွက် ထုတ်လုပ်ပေးဖို့ အလုပ်စတင်အပ်နှံခဲ့ပါတယ်။ Lens Technology ကုမ္ပဏီရဲ့ စီးပွားရေး လမ်းကြောင်းဟာ ထိုအချိန်မှ စတင်ခဲ့ပြီး HTC, Nokia, Samsung အပြင် ၂၀၀၇ ခုနှစ်မှာ စတင်ထုတ်လုပ်တဲ့ Apple ရဲ့ ပထမဆုံး iPhone အတွက် ဖုန်း Screen များကိုလည်း ထုတ်လုပ်ပေးခဲ့ရပါတယ်။ ဇူ ရဲ့ကုမ္ပဏီဟာ တဖြည်းဖြည်းကြီးမားလာတဲ့အတွက် အခုဆိုရင် တရုတ်နိုင်ငံရဲ့ မြို့ ၇ မြို့မှာ စက်ရုံ ၃၂ ရုံအထိရှိနေပြီး အလုပ်သမားပေါင်း ၉ သောင်းကျော်ရှိနေပြီ ဖြစ်ပါတယ်။

ဇူမှာ ပထမ အိမ်ထောင်ကရတဲ့ကလေးတစ်ယောက်အပြင် စုစုပေါင်း သားသမီး နှစ်ယောက်ရှိပြီး သူမရဲ့ အလုပ်လုပ်ချိန်ဟာ တစ်နေ့ကို ၁၈ နာရီအထိရှိပါတယ်။ ဇူဟာ စည်းစနစ်ကျနစွာ အလုပ် လုပ်ကိုင်တတ်သူတစ်ယောက်ဖြစ်ပြီး နှိမ့်ချစွာ နေထိုင်သူတစ်ယောက် ဖြစ်ပါတယ်။ ဒါ့အပြင် သူမဟာ ငယ်ဘဝက ကြမ်းတမ်းမှုများ ကြုံတွေ့ခဲ့ရသူတစ်ယောက်ဖြစ်တဲ့အတွက် အလုပ်ကြိုးစားလုပ်ကိုင်သူတစ်ယောက်လည်း ဖြစ်ပါတယ်။

Ref : Time Motivation : Meet the High School Dropout Who Is Now the Richest Self-Made Woman on Earth

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top