သူစိမ်းတစ်ယောက်ရဲ့စာနာမှုကြောင့် နာဇီလက်က လွတ်ပြီး နိုဘယ်ဆု ရခဲ့သူ

17-6-2022-yyl23.jpg

ညအချိန်မတော်မှာ သူစိမ်းတစ်ယောက်က ကိုယ့်အိမ်တံခါး လာခေါ က်ပြီး ကိုယ်နဲ့မသိတဲ့ ရွှေ့ပြောင်းနေထိုင်သူ မိသားစုကို ငွေကြေးအကူအညီပေးဖို့ ထောက်ခံချက် လာတောင်းရင် သင် ဘယ်လို တုံ့ပြန်မလဲ။ အများစုကတော့ ငြင်းလွှတ်ကြမှာပါ။

ဒါဟာ ၁၉၃၈ ခုနှစ်တုန်းက ဘားနက်ယုဒင် ကြုံတွေ့ခဲ့ရတဲ့ ဖြစ်ရပ်ပါပဲ။ ဂျာမနီကနေ အမေရိကကို ထွက်ပြေးလာမယ့် ဂျူးမိသားစုတစ်စုကို ငွေကြေးထောက်ပံ့ပေးမယ်လို့ အာမခံဖို့ သူစိမ်းတစ်ယောက်က သူ့ကို အကူအညီ လာတောင်းခဲ့တာပါ။

ရုရှား-အမေရိကန် ဂျူးတစ်ယောက်ဖြစ်တဲ့ ဘားနက်ယုဒင်ဟာ နယူးဂျာစီပြည်နယ်၊ ဘယ်လီဗီးလ်မြို့မှာ နေထိုင်ပြီး အိမ်သုတ်ဆေးအရောင်းဝန်ထမ်းအလုပ် လုပ်သူပါ။ တစ်လကို ဒေါ်လာ ၁၂၀ လောက်ရလို့ အဲဒီခေတ်တုန်းက ချောင်လည်တယ်လို့ ဆိုနိုင်ပါတယ်။

သူ ကူညီပေးရမယ့် ရွှေ့ပြောင်းနေထိုင်သူမိသားစုက အမေရိကန်တောင် ရောက်မလာသေးပါဘူး။ အမေရိကန်ကို ရောက်လာချိန်မှာ အဲဒီမိသားစုက ကိုယ့်ခြေထောက်ပေါ် ကိုယ် မရပ်တည်နိုင်မချင်း စားဝတ်နေရေးအဆင်ပြေအောင် ငွေကြေးထောက်ပံ့ပေးပါမယ်ဆိုတဲ့ ကျမ်းကျိန်လွှာကိုလည်း ဘားနက်ယုဒင်က လက်မှတ်ထိုးပေးရဦးမှာပါ။

အဲဒီလို လက်မှတ်ထိုးပေးဖို့အတွက် သူ့ရဲ့ပိုင်ဆိုင်မှု၊ လစဉ်ဝင်ငွေ၊ ဘဏ်အကောင့်အချက်အလက်တွေနဲ့ အသေးစိတ်အချက်အလက် တော်တော်များများ ရေးသားဖြည့်သွင်းပေးရမှာပါ။ ဒါမှပဲ ရွှေ့ပြောင်းနေထိုင်သူမိသားစု ပြည်ဝင်ခွင့်ဗီဇာရမှာပါ။ တကယ်လို့ ဗီဇာမရခဲ့ဘူးဆိုရင်တော့ နာဇီတွေရဲ့ အလုပ်ကြမ်းစခန်းတွေကို ပို့ဆောင်ခံရမှာပါ။

ဘားနက်ယုဒင်က ပန်ဇီယာမိသားစု အမေရိကန်ရောက်လာရင် သူ့ကို မဆက်သွယ်ဖို့ ကတိတောင်းပြီး ဗီဇာရအောင် ကူညီပေးခဲ့ပါတယ်။ ပန်ဇီယာမိသားစုမှာ သားနှစ်ယောက်ရှိပြီး အကြီးဖြစ်သူ အာနိုကတော့ ရူပဗေဒပညာရှင် ဖြစ်လာခဲ့ပါတယ်။ စကြဝဠာရဲ့ မဟာပေါက်ကွဲမှုသီအိုရီကို အခိုင်အမာသက်သေပြနိုင်ခဲ့တဲ့ Cosmic Microwave Background(စကြဝဠာရဲ့အစမှာ ကြွင်းကျန်ရစ်တဲ့ လျှပ်စစ်သံလိုက်လှိုင်းများ) ကို ရှာဖွေတွေ့ရှိခဲ့လို့ ရူပဗေဒဆိုင်ရာ နိုဘယ်ဆု ဆွတ်ခူးခဲ့သူပါ။

အာနိုက အခုတော့ အသက် ၈၉ နှစ်ရှိပါပြီ။ သိပ်မကြာသေးခင်မှာ သူ့ရဲ့သားဖြစ်သူ ဒေးဗစ်က မိသားစုရဲ့စာရွက်စာတမ်းတွေကို ကြည့်ရင်း စာအိတ်တစ်လုံးကို တွေ့ခဲ့ပါတယ်။ အဲဒီစာအိတ်ထဲမှာတော့ ဘားနက်ယုဒင်ရဲ့ ဘဏ်စာရင်းအချက်အလက်တွေ ပါပါတယ်။သူတို့နဲ့ လုံးဝမသိတဲ့ သူစိမ်းတစ်ယောက်က သူ့အဘိုးနဲ့ သူ့အဖေအပေါ် မေတ္တာထားပြီး ကူညီခဲ့တဲ့ဖြစ်ရပ်အကြောင်း သိသွားချိန်မှာ ဒေးဗစ်က ဘားနက်ယုဒင်မိသားစုကို တွေ့ဆုံခွင့်ရဖို့ ကြိုးစားခဲ့ပါတယ်။ ဘားနက်ယုဒင်ကတော့ ကွယ်လွန်ခဲ့ပါပြီ။ ဒါပေမဲ့ သူ့ရဲ့မြေးမြစ်တွေကိုတော့ အာနိုနဲ့ ဒေးဗစ်တို့ ဆုံစည်းခွင့်ရခဲ့ပါတယ်။

” ဘားနက်ယုဒင်သာ မကူညီခဲ့ဘူးဆိုရင် ကျွန်တော်တို့မိသားစုတွေ ဖြစ်တည်လာဖို့ အကြောင်းမရှိပါဘူး” လို့ ဒေးဗစ်က ကျေးဇူးတင်စကားဆိုပါတယ်။ ” အဘေး(ဘားနက်ယုဒင်)က တစ်နေ့ကျရင် ဒီကောင်လေး နိုဘယ်ဆုရမှာလား၊ အမေရိကန်ဖွတ်ဘောအသင်းမှာ ဝင်ကစားပေးမှာလားဆိုတဲ့ အတွေးမျိုး မရှိခဲ့ပါဘူး။ သူ လုပ်သင့်လုပ်ထိုက်တာကိုပဲ လုပ်ခဲ့တာပါ။ သူဟာ လူသားချင်းစာနာထောက်ထားမှုကို ပုံဖော်ခဲ့သူပါ” လို့ ဘားနက်ဒ်ယုဒင်ရဲ့မြစ် ဂျိုးယုဒင်က ဆိုပါတယ်။

Ref: A Stranger’s Kindness Helped Boy Escape the Nazis Who Would Go On to Win Nobel Prize–And He Never Knew it

NZ(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top