အရေပြားရောဂါအခြေအနေကြောင့် “မြွေလူသား” အဖြစ် သတ်မှတ်ခံခဲ့ရတဲ့ အိန္ဒိယအမျိုးသား

17-6-2022-yyl18.jpg

အိန္ဒိယနိုင်ငံက အသက် ၂၅ နှစ်အရွယ် အမျိုးသားတစ်ဉီးက အရေပြားရောဂါအခြေအနေကြောင့် အရေပြားတွေ အက်ကွဲကွာကျလေ့ရှိပါတယ်။ အဲဒါကြောင့်ပဲ သူ့ရဲ့မိတ်ဆွေသူငယ်ချင်းတွေက သူ့ကို မြွေလူသားလို့ ခေါ်ဝေါ်ခဲ့ကြပါတယ်။

အိန္ဒိယနိုင်ငံက မြွေလူသားကတော့ မာဂျီဘာ ရက်ချ်မန်း မာလစ်ခ် ဆိုသူပါပဲ။ သူဟာ Erythroderma (အသက်အန္တရာယ်ဖြစ်စေတဲ့ အရေပြားရောင်ရမ်းခြင်း) လို့ခေါ်တဲ့ ရှားပါးရောဂါကို ခံစားနေရတာပါ။ မကြာခဏ အရေပြားတွေ အနီရောင်သမ်းပြီး အလွှာလိုက်ကွာကျတဲ့ အခြေအနေမျိုးဖြစ်ပါတယ်။

မာဂျီဘာမွေးဖွားပြီး မကြာခင်မှာ ဒီအရေပြားပြဿနာ စဖြစ်လာခဲ့တာပါ။ သူ့ရဲ့မွေးရပ်မြေဖြစ်တဲ့ အိန္ဒိယနိုင်ငံ၊ အနောက်ဘင်ဂေါပြည်နယ်၊ ဘီယာမြို့က ဆရာဝန်ဆီ သွားပြတော့ ကုသမှုခံယူဖို့အတွက် ဆေးရုံကြီးတွေဆီ သွားပြဖို့ အကြံပြုခဲ့ပါတယ်။ ဒါပေမဲ့ ငွေကြေးအခက်အခဲကြောင့် သူ့မိသားစုက နောက်ထပ်ဆေးကုသမှုခံယူဖို့အတွက် မလုပ်ပေးနိုင်ခဲ့ဘူး။

မာဂျီဘာ ကြီးပြင်းလာတဲ့အချိန်မှာ ကျောင်းတက်ခဲ့ပါတယ်။ ဒါပေမဲ့ အတန်းထဲက အခြားကလေးတွေဟာ သူ့ကို မြင်ပြီး ကြောက်တာကြောင့် ကျောင်းကနေ ထွက်ခဲ့ရပါတယ်။ အခုဆို သူက အပတ်တိုင်း အရေပြားကွာကျတာကို ခံစားနေရပါတယ်။ သူ့ရဲ့အရေပြားပြဿနာက ဆောင်းရာသီအတွင်း အရေပြားအက်ကွဲခြောက်သွေ့တာထက်ပိုဆိုးပါတယ်။

မာဂျီဘာက သူ့ရဲ့တစ်နေ့တာဘဝကို ဗီဒီယိုအတိုလေးရိုက်ပြထားပါတယ်။ ဗီဒီယိုထဲမှာ မနက်ခင်းသွားတိုက်၊ မျက်နှာသစ်တာတွေကနေ စပြထားပါတယ်။ ပြီးရင် အရေပြားအက်ကွဲနေတဲ့၊ မျက်လုံးတွေနီရဲနေတဲ့ သူ့ရဲ့မျက်နှာကိုလည်း အနီးကပ်ပြထားပါတယ်။ အဲဒီနောက် လက်နဲ့ထမင်းစားသောက်ပြခဲ့ပါတယ်။

သူက အင်္ကျီချွတ်ပြီးတော့ သူ့ခန္ဓာကိုယ်ရဲ့အရေပြားပြဿနာအခြေအနေအားလုံးကို အပြည့်အစုံရိုက်ပြထားပါတယ်။ သူ့ရဲ့အရေပြားက ရှုံ့တွကာ အက်ကွဲခြောက်သွေ့ပြီး အထိခိုက်မခံတဲ့ပုံပါပဲ။ မျက်တောင်ခတ်လို့မရတဲ့အတွက် ခြောက်သွေ့တာ ကာကွယ်ဖို့အတွက် သူ့မျက်လုံးထဲ မျက်စဉ်းခတ်တာကိုလည်း တွေ့ရပါတယ်။

မာဂျီဘာက သူ့ရဲ့မိဘ (၂) ပါး၊ အစ်ကို (၂) ယောက်တို့နဲ့အတူ နေထိုင်ပါတယ်။ သူ့ရဲ့ဘဝတစ်လျှောက်မှာ အရေပြားအခြေအနေကြောင့် အခက်အခဲအများကြီး ရင်ဆိုင်ခဲ့ရပေမဲ့ ကိုယ့်ကိုယ်ကို ယုံကြည်ချက်အပြည့်နဲ့ ဆက်လက်အနိုင်ယူပြီး ဒီအရေပြားရောဂါအခြေအနေကို သူ့ရဲ့ထင်ရှားတဲ့လက္ခဏာတစ်စိတ်တပိုင်းဖြစ်စေခဲ့ပါတယ်။

အခုဆို မာဂျီဘာက အခြားသူတွေရဲ့အမြင်နဲ့ပတ်သက်ပြီး ဂရုမစိုက်တော့ဘူး။ အခြားသူတွေလိုပဲ ဘဝကို နေထိုင်ဖို့အတွက် သူ့ရဲ့မိသားစုအပြင် သူ့ရဲ့သူငယ်ချင်းတွေကလည်း သူ့ကို အားပေးကြပါတယ်။

Ref: TheMirror “Real-life ‘snake man’ sheds skin weekly due to rare life-threatening condition”

Team ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top