ဟာဝိုင်ယီမှာပျောက်သွားတဲ့ ရေလွှာလျှောစီးဘုတ်ပြားကို မိုင် (၅၂၀၀) ဝေးတဲ့ဖိလစ်ပိုင်မှာ ပြန်တွေ့

22-9-2020-yyl-002.jpg

စာဖတ်ပရိသတ်တွေရော မိမိပျောက်သွားတဲ့ပစ္စည်းတစ်ခုကို မိုင်ပေါင်းအများကြီးဝေးတဲ့နေရာတစ်ခုမှာ ပြန်တွေ့ခဲ့မယ်ဆိုရင် ဘယ်လိုဖြစ်သွားမလဲ..။ အမျိုးသားတစ်ဦးကတော့ ဟာဝိုင်ယီမှာ ပျောက်သွားတဲ့ရေလွှာလျှောစီးဘုတ်ပြားကို မိုင် (၅၂၀၀) ဝေးတဲ့ဖိလစ်ပိုင်မှာ ပြန်ရှာတွေ့ခဲ့ရလို့ တအံ့တသြဖြစ်လို့နေပါတယ်။ ဟာဝိုင်ယီမှာ နေထိုင်တဲ့ ဓာတ်ပုံဆရာနဲ့ ရေလွှာလျှောစီးသမား ဒေါ့ချ် ဖော်တာ (Doug Falter) က သူ့ရဲ့ဘုတ်ပြားကို ၂၀၁၈ခုနှစ် ဖေဖော်ဝါရီလက Waimea Bay မှာ ပျောက်သွားခဲ့တယ်လို့ သူ့ရဲ့လူမှုကွန်ယက်စာမျက်နှာထက်မှာ ဖော်ပြချက်အရ သိရပါတယ်။

“ကျွန်တော့်ဘဝမှာ ဒီဘုတ်ပြားပေါ်မှာပဲ လှိုင်းလုံးကြီးတွေစီးနိုင်ခဲ့တာမို့ ကျွန်တော် တကယ်စိတ်ပျက်မိခဲ့တယ်။ ဒီဟာက ကျွန်တော့်အတွက် တကယ်အဓိပ္ပာယ်ရှိပါတယ်”လို့ ဒေါ့ချ်က သြဂုတ်လ ၁၇ ရက်နေ့မှာရေးသားခဲ့ပါတယ်။ ဒေသတွင်းငါးဖမ်းသမားတစ်ယောက်ယောက်ကတော့ ဘုတ်ပြားကို တွေ့သွားနိုင်တယ်။ ဘုတ်ပြားတွေပျောက်ပြီး သောင်တင်နေတတ်တဲ့နေရာတစ်ခုဖြစ်တဲ့ Kauai မှာများရှိနေနိုင်တယ်လို့ ဒေါ့ချ်က တွေးထားခဲ့တာပါ။ ဖိလစ်ပိုင်မှာ ပြန်ရှာတွေ့လိမ့်မယ်လို့တော့ သူ ဘယ်တုန်းကမှ မတွေးမိခဲ့ဘူး။ “ဒါက မိုင် ၅၂၀၀ အဝေးမှာနော်။ ကျွန်တော် အဲဒါကို ပျောက်သွားတုန်းက စိတ်မကောင်းဖြစ်ခဲ့တယ်။ အခုတော့ ရေလွှာလျှောစီးသိချင်တဲ့ တစ်စုံတစ်ယောက်လက်ထဲ ကျွန်တော့်ဘုတ်ပြားရောက်သွားတာသိရလို့ ကျွန်တော်ပျော်ပါတယ်”လို့ ဒေါ့ချ်က ပြောပါတယ်။

ဒေါ့ချ်ရဲ့ဘုတ်ပြားကို လူတစ်ယောက်က ရေလွှာလျှောစီးသင်ဖို့အတွက် ဒေသတွင်းငါးဖမ်းသမားဆီကနေ ဝယ်ယူခဲ့ပြီး ဟာဝိုင်ယီက ဘုတ်ပြားလုပ်တဲ့သူ လိုင်လီ ကာဆန်ကို အဆက်အသွယ်လုပ်ခဲ့တာပါ။ ဘုတ်ပြားပိုင်ရှင်အသစ်ဟာ ဖိလစ်ပိုင်တောင်ပိုင်း မူလတန်းကျောင်းဆရာ ဂျီအိုဗန်နီ ဘရန်ဇူလာဆိုသူဖြစ်ပါတယ်။ ဘရန်ဇူလာက ဒေ့ါချ်ဆီက ပျောက်သွားပြီး (၆)လအကြာ သြဂုတ်လ ၂၀၁၈ခုနှစ်မှာ တွေ့ရှိခဲ့တဲ့ ဒေသတွင်းငါးဖမ်းသမားဆီကနေ ဒေါ်လာ ၄၀ နဲ့ ဘုတ်ပြားကို ဝယ်ယူခဲ့ပါတယ်။ ဘုတ်ပြားက ပစိဖိတ်သမုဒ္ဒရာကိုဖြတ်ပြီး မျောလွင့်နေတဲ့အတောအတွင်းမှာ ဖျော့တောာ့တဲ့အပြာရောင်ကနေ အဝါရောင်သမ်းသွားခဲ့ပါတယ်။ ဒါပေမဲ့ ဘုတ်ပြားပေါ်က လိုင်လီ ကာဆန်ရဲ့နာမည်ကတော့ မြင်နေရတုန်းပါပဲ။ အဲဒီနောက်မှာ ဘရန်ဇူလာက လိုင်လီ ကာဆန်ကို ဆက်သွယ်ခဲ့လို့ ဒေါ့ချ်က သူ့ဘုတ်ပြားကို ပြန်တွေ့ဖို့ အကြောင်းဖန်လာခဲ့တာပါ။

“ဒါက ဟာဝိုင်ယီက ဘုတ်ပြားဆိုတာ သိခဲ့ရတယ်။ ကျွန်တော် ကိုယ့်ကိုယ်ကိုယ်တောင် မယုံကြည်နိုင်ဖြစ်ခဲ့ရတယ်။ ရေလွှာလျှောစီးသင်ဖို့နဲ့ လှိုင်းလုံးကြီးတွေစီးဖို့က ကျွန်တော့်အိပ်မက်ဖြစ်ခဲ့တယ်။ အခုတော့ ကျွန်တော် သူ့ရဲ့ဘုတ်ပြားကို အသုံးပြုနိုင်သွားတယ်။ ကျွန်တော် ဒါကို ကောင်းကောင်းဂရုစိုက်ပါမယ်လို့ သူ့ကို ပြောခဲ့တယ်”လို့ ဘရန်ဇူလာက ပြောပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ကြောင့် တင်းကျပ်တဲ့ခရီးသွားစည်းမျဉ်းသာမရှိခဲ့ရင် ဘရန်ဇူလာဆီ အလည်သွားဖြစ်ခဲ့လိမ့်မယ်။ ဒါပေမဲ့ အခုတော့ ကျောင်းသူ၊သားတွေ အင်္ဂလိပ်စာသင်ယူနိုင်မယ့် အထောက်အကူပြုပစ္စည်းတချို့နဲ့ ဘရန်ဇူလာဆီ ဘုတ်ပြားအတွက်လိုအပ်တဲ့ ပစ္စည်းတချို့ပို့ပေးဖို့အတွက် ငွေစုဆောင်းနေပါတယ်။

ဒေါ့ချ်နဲ့ ဘရန်ဇူလာတို့က အွန်လိုင်းကနေ အဆက်အသွယ်ရှိကြပြီး ဒေါ့ချ်က ဘရန်ဇူလာဆီ သွားလည်ဖို့နဲ့ ရေလွှာလျှောစီးသင်ကြားပေးဖို့ စီစဉ်ရှိနေပါတယ်။

Ref: CNN “A surfer lost his board in Hawaii. It reappeared in the Philippines, more than 5,000 miles away”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top