ဧဝရက်တောင်ကို အောက်ဆီဂျင်ဘူးမပါဘဲ ၁၀ ကြိမ်တက်နိုင်ခဲ့တဲ့ ဂင်းနက်စ်စံချိန်တင် နီပေါတောင်တက်လမ်းပြ ကွယ်လွန်

22-9-2020-yyl-004.jpg

ကမ္ဘာ့အမြင့်ဆုံး ဧဝရက်တောင်ကို အောက်ဆီဂျင်ဘူးမပါဘဲ ၁၀ ကြိမ်တိုင်တိုင် တက်ရောက်နိုင်ခဲ့တဲ့ ဂင်းနက်စ်စံချိန်တင် နာမည်ကျော် နီပေါတောင်တက်လမ်းပြ အန်းရီတာဟာ အသက် ၇၂ နှစ်အရွယ်တွင် ကွယ်လွန်သွားခဲ့ပါတယ်။ နှင်းကျားသစ်လို့ ချစ်စနိုးခေါ်ဝေါ်ကြတဲ့ အန်းရီတာဟာ ၁၉၈၃ ခုနှစ်က ဧဝရက်တောင်ထိပ်ကို အောက်ဆီဂျင်ဘူးမပါဘဲ ပထမဆုံးအကြိမ် တက်ရောက်နိုင်ခဲ့တာပါ။ သူဟာ ၁၉၈၃ ခုနှစ်ကနေ ၁၉၉၆ ခုနှစ်ကြားကာလအတွင်း ဧဝရက်တောင်ကို အောက်ဆီဂျင်ဘူးမပါဘဲ ၁၀ ကြိမ်တိုင်တိုင် တက်ရောက်နိုင်ခဲ့တဲ့ ကမ္ဘာ့တစ်ဦးတည်းသော တောင်တက်သမားအဖြစ် ၂၀၁၇ ခုနှစ်မှာ ဂင်းနက်စ်စံချိန်တင်နိုင်ခဲ့တာပါ။ ဒီနေ့အချိန်အထိလည်း သူ့စံချိန်ကို ဘယ်သူမှ လိုက်မမီသေးပါဘူး။

အန်းရီတာဟာ ၁၉၈၇ ခုနှစ်က အောက်ဆီဂျင်အပိုမပါဘဲ အမြင့်ပေ ၂၉၀၂၈ ပေ မြင့်တဲ့ ဧဝရက်တောင်ကို ဆောင်းရာသီမှာ ပထမဆုံး တက်ရောက်နိုင်ခဲ့တဲ့ တောင်တက်သမားအဖြစ်လည်း စံချိန်တင်ထားသူပါ။ သူ့ရဲ့တောင်တက်စွမ်းရည်ကြောင့် အန်းရီတာကို နှင်းကျားသစ်လို့ ချစ်စနိုးခေါ်ကြတာဖြစ်ပါတယ်။ အန်းရီတာဟာ ဟိမဝန္တာသဘာဝပတ်ဝန်းကျင်နဲ့ ဇီဝမျိုးကွဲစုံလင်မှု ကာကွယ်စောင့်ရှောက်ရေး စီမံကိန်းတွေမှာ ပါဝင်ဆောင်ရွက်ပေးနေသူပါ။

အန်းရီတာဟာ စက်တင်ဘာလ ၂၁ ရက်က ခတ္တမန္ဒူမြို့မှာ ကွယ်လွန်သွားခဲ့တာလို့ ကျန်ရစ်သူမိသားစုက ပြောပါတယ်။ အန်းရီတာဟာ ဦးနှောက်နဲ့အသည်းရောဂါတွေ ခံစားခဲ့ရသူပါ။ သူ ကွယ်လွန်သွားတာဟာ နီပေါနိုင်ငံနဲ့ တောင်တက်သူများ အသိုင်းအဝိုင်းအတွက် ကြီးမားတဲ့ ဆုံးရှုံးမှုတစ်ရပ်ဖြစ်တယ်လို့ မှတ်ချက်ပေးခဲ့ကြပါတယ်။ တောင်တက်ခြင်းကဏ္ဍမှာ အန်းရီတာရဲ့ ထည့်ဝင်ပံ့ပိုးမှုတွေကို ထာဝရအမှတ်ရနေမယ်လို့ နီပေါနိုင်ငံ ခရီးသွားလုပ်ငန်းဦးစီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။

Ref: BBC ” Nepalese Ang Rita Sherpa: Everest record-breaker dies aged 72″

Nz ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top