မအီမသာဖြစ်ခြင်းကို သက်သာစေမည့် အစားအသောက်များ

health-visitor-and-a-senior-man-with-tablet-PV7MQT2.jpg

သင်သည် မအီမသာခံစားနေရပါလျှင် အရင်ဦးဆုံး သင်စားသောက်ခဲ့သော အစားအသောက်များကြောင့် ဖြစ်သည်ဟု စဉ်းစားမိပါလိမ့်မည်။ သို့သော် သင့် ကျန်းမာရေးအတွက် အာဟာရဓာတ် လုံလောက်စွာ စားသုံးရန် လိုအပ်ပါသည်။ အချို့သော အစားအစာများသည် မအီမသာ ဖြစ်စေသော်လည်း အချို့သော အစားအစာများ စားခြင်းဖြင့်လည်း ထို မအီမသာဖြစ်မှုများကို ပျောက်ကင်းစေပါသည်။

ပန်းသီး

ပန်းသီးသည် မအီမသာဖြစ်ခြင်းကို သက်သာစေသော်လည်း ပမာဏများစွာ တပြိုင်နက် စားလိုက်လျှင် သင့်ကို ပိုနေရဆိုးစေပါသည်။ တနေ့ပတ်လုံး ပန်းသီး၊ အသီးအရွက် စသည့် အမျှင်ဓာတ်များသော အစားအစာများကို ဖြေးဖြေးစားပေးပါ။ သင်သည် မာသော အစာများကို အစာခြေနိုင်စွမ်း မရှိပါက ပန်းသီးအနှစ်၊ ပန်းသီးဖျော်ရည်တို့ သောက်နိုင်ပါသည်။

ဌက်ပျောသီး

သင်သည် မအီမသာဖြစ်ပြီး ရေဓာတ်ခမ်းခြောက်မှု ဖြစ်ပါက သို့မဟုတ် အန်ပါက အချို့သော အသီးများက သင့်အတွက် သက်သာစေပါလိမ့်မည်။ ဌက်ပျောသီးသည် အန်ပြီး ဝမ်းလျှောပြီးတွင် ခန္ဓာကိုယ်မှ ဆုံးရှုံးသွားသော ပိုတက်ဆီယံဓာတ်ကို ပြန်ဖြည့်ပေးနိုင်သည်။ သင် ဝေဒနာသက်သာလာပြီး အစာ ပြန်စားနိုင်စအချိန်တွင် ဆရာဝန်က ဌက်ပျောသီးကဲ့သို့သော အစာပျော့မျိုးကို စကျွေးပါလိမ့်မည်။

ဘီစကစ်မုန့်

ပေါင်မုန့်၊ ပေါင်မုန့်ကြွပ်နှင့် ပေါင်မုန့်ကင်တို့ကဲ့သို့ ကစီဓာတ် ကြွယ်ဝသော အစားအစာများသည် အစာအိမ်တွင် အက်ဆစ်ဓာတ်ကို စုပ်ယူပေးပြီး ပျို့အန်ချင်ခြင်းကို လျော့ကျစေသည်။ သင်ညအိပ်ခါနီး ဘီစကွတ်အချို့ကို စားပေးခြင်းသည် မနက်မိုးလင်းလာလျှင် မအီမသာဖြစ်ခြင်းကို လျော့နည်းစေသည်။

ဂျင်း

ဂျင်းသည် ပျို့ခြင်း၊ အန်ခြင်းကို လျော့နည်းစေသည်။ ဂျင်းဖြင့်ပြုလုပ်ထားသော လက်ဘက်ရည်၊ ဘီယာ၊ ကွတ်ကီး၊ သကြားလုံးနှင့် ဆူရှီနှင့်တွဲစားရသော ဂျင်းဆားရည်စိမ် စသည်တို့ဖြင့် စားသုံးနိုင်သည်။

အခွံမာသီးများ

ပရိုတင်းဓာတ်နည်းခြင်းသည် ပျို့အန်ခြင်းကို ပိုဆိုးစေသည်။ ထို့ကြောင့် ပရိုတင်းဓာတ် ပြည့်ဝသော အခွံမာသီများ၊ မြေပဲထောပတ် (ဓာတ်မတည့်ခြင်း မရှိလျှင်) စသည်တို့သည် အစာခြေလွယ်စေသည်။ ထို့ပြင် ကုန်ဆုံးသွားသော အားအင်များကို လျှင်မြန်စွာ ပြန်ဖြည့်နိုင်ပြီး မအီမသာဖြစ်ခြင်းကိုလည်း သက်သာစေသည်။

အားကစားလုပ်ရာတွင်သောက်သော အချိုရည်များ

အားကစားလုပ်ရာတွင် သောက်သော အချိုရည် အများစုသည် ဆိုဒီယံနှင့် ပိုတက်ဆီယံဓာတ်များ ကြွယ်ဝကြသည်။ သို့သော် သင်သည် အားကစားသမား တစ်ဦး မဟုတ်လည်း ထို အားဖြည့် အချိုရည်များကို သောက်သုံးနိုင်ပါသည်။ ၎င်းတို့သည် မအီမသာဖြစ်ခြင်းကို သက်သာစေပါသည်။

ပူစီနံ

ပူစီနံသည် မအီမသာဖြစ်ခြင်းကို သက်သာစေကြောင်း လူသိများသည်။ ဂျင်းကဲ့သို့ပင် ပူစီနံကိုလည်း အလွယ်တကူ ဝယ်ယူနိုင်ပါသည်။ ပူစီနံ အနံ့ကို စိတ်ကြည်လင်စေရန် ရှူနိုင်ပါသည်။ သို့သော် ပူစီနံကို စားခြင်းက သင့်ဖြစ်နေသော မအီမသာ ခံစားမှုကို ထိရောက်စွာ သက်သာစေပါလိမ့်မည်။

ရေ နှင့် ရေခဲချပ်များ

ရေနည်းနည်းစီသောက်ပေးခြင်းဖြင့် ခေါင်းကိုက်ခြင်းနှင့် ပျို့ခြင်းတို့ကို လျော့နည်းစေသည်။ သင့်အစာအိမ်က လက်ခံနိုင်သလောက် ရေပမာဏကို နည်းနည်းချင်းစီ စသောက်ပါ။ ရေခဲချပ်များသည်လည်း အအေးမိခြင်း၊ ကား၊ သင်္ဘော၊ လေယာဉ်မူးခြင်း၊ အအေးမိ တုပ်ကွေးဖြစ်ခြင်း၊ ကိုယ်ဝန်ဆောင်ချိန် ပျို့ခြင်း၊ အစာ အဆိပ်သင့်ခြင်းနှင့် ကင်ဆာဆေးများကြောင့် ပျို့အန်ခြင်းတို့ကို သက်သာစေပါသည်။

ရေခဲသည် အန်ခြင်း၊ ဝမ်းလျှောခြင်းတို့ကြောင့် ရေဓာတ်ခမ်းခြောက်ခြင်းတို့ကိုလည်း လျှော့နည်းစေပါသည်။ သံပရာ၊ လီမွန် စသည့်အရသာများနှင့် ပြုလုပ်ထားသော ရေခဲတုံးများကို ဝါးမစားဘဲ ပါးစပ်ထဲတွင် ငုံထားခြင်းဖြင့်လည်း မအီမသာဖြစ်ခြင်းကို သက်သာစေပါသည်။

အထက်ဖော်ပြပါနည်းလမ်းများသည် သင် မအီမသာဖြစ်နေသောအခါ ကူညီပေးနိုင်သော နည်းလမ်းများဖြစ်ပါသည်။ ထိုအနက်မှ အချို့ အစားအစာများသည် ကင်ဆာရောဂါသည်များနှင့် မနက် အိပ်ရာထချိန် ပျို့အန်သော သူများအတွက် ကောင်းကျိုးများစွာ ရှိပါသည်။

ရေးသားသူ Hello Sayarwon

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top