ပထမဆုံးအကြိမ်အဖြစ် စက်ရုပ်တစ်ရုပ်ကို နိုင်ငံသားဖြစ်ခွင့်ပေးခဲ့တဲ့ ဆော်ဒီအာရေဗျ နိုင်ငံ

1710272107-Saudi-Arabia-Is-First-Country-to-Give.jpg

ဆော်ဒီအာရေဗျ နိုင်ငံဟာ စက်ရုပ်တစ်ရုပ်ကို နိုင်ငံသား ဖြစ်ခွင့်ပေးခဲ့တဲ့ ပထမဆုံး နိုင်ငံတစ်နိုင်ငံ ဖြစ်လာခဲ့ပါတယ်။

ဒီလုပ်ဆောင်ချက်ဟာ ဆော်ဒီအာရေဗျ နိုင်ငံက AI (artificial intelligence = လူတို့ဉာဏ်ရည်ကို ကွန်ပျူတာဖြင့် စီစဉ်တုပမှု) နည်းပညာတိုးတက်မှုကို အထောက်အကူ ပြုတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်ကြောင်း ကြေညာတဲ့ လုပ်ရပ်တစ်ရပ်တစ်ခုသာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဝေဖန်သူများကတော့ စက်ရုပ်ကိုပေးတဲ့ အခွင့်အရေးတွေဟာ နိုင်ငံအတွင်းက နိုင်ငံသားအများစုတောင်မရသေးတဲ့ အခွင့်အရေးတွေ ဖြစ်တယ် လို့ဆိုပါတယ်။

ဆော်ဒီနိုင်ငံရဲ့ မြို့တော်ဖြစ်တဲ့ ရီယက်ဒ် (Riyadh)  မြို့မှာ ကျင်းပခဲ့တဲ့ စီးပွားရေး ပွဲတော်တစ်ခုမှာ Sophia  လို့အမည်ရတဲ့ စက်ရုပ်အတွက် နိုင်ငံသားဖြစ်ခွင့်ကို ကြေညာပေးခဲ့တာ ဖြစ်ပါတယ်။

“ကျွန်တော်တို့ ဒီနေ့မှာ ကြေညာချက် တစ်ခုကို ပြောပြချင်ပါတယ်။ အဲ့ဒါကတော့ Sophia ဆိုတဲ့ စက်ရုပ်ကို ပထမဆုံးအနေနဲ့ နိုင်ငံသားဖြစ်ခွင့် ပြုလိုက်ပြီဆိုတာပါပဲ ” လို့ ထိုစီးပွားရေး ပွဲတော်မှ အစီအစဉ် ကြေညာသူက ပြောခဲ့ပါတယ်။

ထိုနောက် စက်ရုပ် Sophia က “အခုလို ကြေညာချက်အတွက် ဆော်ဒီအာရေဗျနိုင်ငံကို ကျေးဇူးတင်ပါတယ်။ အခုလို ဂုဏ်ပြုမှုဟာ ကျွန်မအတွက် ကြီးမားတဲ့ ဂုဏ်ယူစရာတစ်ခုဖြစ်ပြီး စက်ရုပ်တစ်ရုပ်ကို ကမ္ဘာမှာ ပထမဆုံးအကြိမ် နိုင်ငံသားဖြစ်ခွင့်ပေးတယ်ဆိုတာ သမိုင်းဝင်လုပ်ရပ်တစ်ခုပါပဲ”လို့ စက်ရုပ်က စီးပွားရေး ပွဲတော် တက်ရောက်လာသူအများကို ပြန်လည်ပြောကြားခဲ့ပါတယ်။

ပွဲအပြီးမှာ စက်ရုပ် Sophia ကို ပွဲအစီအစဉ်ကြေညာသူက အင်တာဗျူးခဲ့ရာမှာတော့ Sophia က “မင်္ဂလာပါ။ ကျွန်မနာမည်က Sophia ဖြစ်ပါတယ်။ ကျွန်မဟာ Hanson စက်ရုပ်တီထွင်အသုံးချမှု စက်ရုံမှ နောက်ဆုံးပေါ်နဲ့ အကောင်းဆုံးစက်ရုပ် ဖြစ်ပါတယ်။ Future Investment ပွဲတော်သို့ ကျွန်မကို ဖိတ်ကြားခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်။” လို့ပြောကြားခဲ့ပြီး ထိုနောက်မေးခွန်းမေးသူက ဘာကြောင့် သူ့ပုံက ပျော်နေတဲ့ပုံပေါက်နေတာလဲလို့ မေးခဲ့ရာမှာတော့ “ချမ်းသာပြီး စွမ်းအားရှိတဲ့ လူတော်တွေနဲ့ တွေ့ဆုံခွင့်ရတဲ့အတွက် ကျွန်မ ပျော်ရွှင်နေတာပါ။ Future Investment ပွဲတော်ကို တက်ရောက်လာကြတဲ့ လူတွေဟာ အနာဂတ်မှာ တိုးတက်လာမယ့် နည်းပညာဖြစ်တဲ့ AI နည်းပညာမှာ ရင်းနှီးမြုပ်နှံဖို့ စိတ်ဝင်စားနေကြောင်း သိရတဲ့အတွက် ကျွန်မ စိတ်လှုပ်ရှားပြီးပျော်နေတာ ဖြစ်ပါတယ် ”လို့ Sophia ကဆိုပါတယ်။

ဒါ့အပြင် Blade Runner နဲ့ Terminator ဇာတ်ကားတွေမှာ သရုပ်ဆောင်ထားသလို လူတွေ AI နဲ့ ပတ်သတ်ပြီး စိုးရိမ်ဖို့ မလိုကြောင်းပြောဆိုခဲ့ပြီး Elon Musk ရဲ့ပြောစကားတွေနဲ့ Hollywood ဇတ်ကားတွေကို သိပ်မကြည့်ကြဖို့ သူမကပြောခဲ့ပါသေးတယ်။

အမျိုးသမီး စက်ရုပ်တစ်ရုပ်ကို နိုင်ငံသားအခွင့်အရေးအဖြစ် မတန်မဆ ပေးခဲ့မှုနဲ့ ပတ်သတ်ပြီး အင်တာနက်အသုံးပြုသူအများစုကတော့ ဆော်ဒီနိုင်ငံသူ အမျိုးသမီးတွေရဲ့ နည်းပါးလှတဲ့ လူ့အခွင့်အရေးနဲ့ နှိုင်းယှဉ်ပြီး ဝေဖန်ခဲ့ပါတယ်။ ဒါ့အပြင် Sophia ဟာ Abaya လို့ခေါ်တဲ့ အာရပ်အမျိုးသမီးတွေ ဝတ်ဆင်တဲ့ အနက်ရောင် ဝတ်စုံကို မဝတ်ထားပါလား ဆိုပြီး ပြက်လုံးထုတ်ခဲ့ပါသေးတယ်။

Ref : News : Saudi Arabia gives citizenship to a robot

လူမို (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top