ပါရီရဲ့ နှလုံးသည်းပွတ် သို့မဟုတ် လုဗ်ပြတိုက်

Louvre_2007_02_24_c-e1565873181796.jpg

အနုပညာတွေကို ချစ်မြတ်နိုးတဲ့သူတွေ နှလုံးသားနဲ့ ခံစားတတ်သူတွေအတွက် ပြင်သစ်နိုင်ငံ ပဲရစ် သို့မဟုတ် ပါရီမြို့ရဲ့ လုဗ်ပြတိုက် (Louvre) ကို သွားရောက် လေ့လာရမယ့်စာရင်းထဲမှာ ထည့်ထားသင့်ပါတယ်။ ကမ္ဘာ့အကြီးဆုံး အနုပညာပြတိုက်ဖြစ်သလို ကမ္ဘာ့ တန်ဖိုးအကြီးဆုံး အမွေအနှစ်ပစ္စည်းတွေ ပန်းချီ ပန်းပု အနုပညာလက်ရာတွေရဲ့အိမ်လို့ တင်စား ခေါ်ဝေါ်ရလောက်အောင် လူ့ဗ်က ခမ်းနားလွန်းလှပါတယ်။ သမိုင်းမတင်မီခေတ်ကစလို့  ၂၁ရာစုနှစ်အထိ နှစ်ကာလပေါင်းများစွာရဲ့ အဖိုးမဖြတ်နိုင်တဲ့ အနုပညာတွေကို လူ့ဗ်မှာ ခံစားကြည့်ရှုနိုင်ပါတယ်။ ၂၀၁၇ခုနှစ်ရဲ့ လေ့လာသူ အများဆုံး အနုပညာပြတိုက်လဲဖြစ်သလို ဝင်ရောက်လေ့လာသူပေါင်း ၈.၁သန်းကျော်ပါတယ်။

လူ့ဗ်ပြတိုက်ကို ၁၂ရာစုနှစ်နှောင်းပိုင်း ဘုရင်မင်းမြတ် ဖီးလစ် ၂ (Philip 2)လက်ထက်မှာ ခံတပ်တစ်ခုအဖြစ် စတင်တည်ဆောက်ခဲ့ပါတယ်။ အခုဆိုရင်​ ရာစုနှစ်ပေါင်းများစွာကို ဖြတ်ကျော်လာခဲ့ပြီဖြစ်ပါတယ်။ ခံတပ်စခန်းရဲ့ အကြွင်းအကျန် အပိုင်းအစတွေကို ပြတိုက်မြေအောက်ခန်းမှာ တွေ့မြင်နိုင်ပါတယ်။ ၁၆၈၂ခုနှစ်မှာ လူဝီ ၁၄ ဘုရင်ဟာ တော်ဝင်ပစ္စည်းများ ပြသရာ နေရာတစ်ခုအဖြစ် လုဗ်ကို အသွင်ပြောင်းခဲ့ပါတယ်။ အဲ့ဒီနောက်ပိုင်း ဆယ်စုနှစ်တစ်ခု ကြာပြီးနောက်မှာတော့ ဂရိနဲ့ရောမက အနုပညာလက်ရာတွေပါ စုဆောင်းထားရှိလာပါတယ်။

လူ့ဗ်ပြတိုက်ကို ၁၇၉၃ခုနှစ် ဩဂုတ်လ ၁ဝရက်နေ့မှာ စတင်ဖွင့်လှစ်ခဲ့ပေမယ့် ပြင်ဆင်မှုဆိုင်ရာအခြေအနေတွေအရ ၁၇၉၆ခုနှစ်ကနေ ၁၈၀၁ခုနှစ်အထိ ခေတ္တပိတ်ထားခဲ့ပါတယ်။ အဲ့ဒီနောက်ပိုင်းမှာ လုဗ်မှာရှိတဲ့ အနုပညာလက်ရာတွေဟာ ဂရိနဲ့ ရောမသာမက အီဂျစ်အပါအဝင် ကမ္ဘာ့နေရာအနှံ့က အနုပညာ လက်ရာပေါင်းများစွာ ပါဝင်လာပါတော့တယ်။ ယခုအချိန်မှာ အနုပညာပစ္စည်းပေါင်း သုံးသိန်းကျော် ပြသထားရှိပါတယ်။ ဒီလက်ရာတွေထဲမှာ လီယိုနာဒို ဒါဗင်ချီရဲ့ မိုနာလီဇာ၊ ကျောက်ဆောင်ပေါ်က မဒွန်နာစတဲ့ ကမ္ဘာကျော် ပန်းချီကားများ၊ ရက်ဖယ်နဲ့ မိုက်ကယ်အိန်ဂျလိုတို့ရဲ့ အနုပညာလက်ရာများ ပါဝင်ပြီး ​မျက်ဝါးထင်ထင် ရင်သပ်ရှုမော ခံစားရမှာပါ။ ဒါ့အပြင် ပိရမစ်တွေထဲက တူးဖော်တွေ့ရှိထားမှုတွေ၊ အီဂျစ်ပြည် နိုင်းမြစ်ဝှမ်းဒေသရဲ့ နေထိုင်မှုပုံစံကို ဖော်ကျုးနိုင်တဲ့ ရှေးဟောင်းပစ္စည်းတွေ တန်ဖိုးမဖြတ်နိုင်တဲ့ ကမ္ဘာ့ အနုပညာ နှလုံးသည်းပွတ်တွေဟာ လုဗ်မှာ တည်ရှိပါတယ်။

၂၀၁၅ နိုဝင်ဘာ ၁၃မှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက် တိုက်ခိုက်မှု တစ်ခုကြောင့် လုဗ်ပြတိုက်မှာ လုံခြုံရေးတွေကို တိုးမြှင့်ထားရှိပါတယ်။ ဒါ့ကြောင့် လည်ပတ်သူအားလုံးဟာ တိကျတဲ့ လုံခြုံရေးစနစ်ကို အရင်ဖြတ်သန်းရပါမယ်။ ပြတိုက်ကို အင်္ဂါနေ့မှတစ်ပါး နေ့စဉ် မနက် ၉နာရီကနေ ညနေ ၆နာရီအထိ ဖွင့်လှစ်ပေးထားပါတယ်။ ဗုဒ္ဓဟူးနဲ့ သောကြာနေ့တွေမှာတော့ မနက် ၉နာရီကနေ ညနေ ၉နာရီ ၄၅မိနစ်အထိ ဖွင့်လှစ်ပေးထားပါတယ်။ အင်္ဂါနေ့၊ ဇန်နဝါရီ ၁ရက်နေ့၊ မေလ ၁ရက်နေ့နဲ့ ခရစ္စမတ်နေ့တွေမှာ ပြတိုက်ပိတ်ပါတယ်။ ပြတိုက်ထဲမှာ အနုပညာပစ္စည်းတွေ များလွန်းလို့ ဘယ်ဟာကို အရင်ခံစားလေ့လာရမလဲ စဉ်းစားရခက်နေစရာ မလိုပါဘူး။ ဖုန်းထဲထည့်ထားလို့ရတဲ့ အသံပိုင်းဆိုင်ရာ ရှင်းလင်းချက်ပါ ပါဝင်တဲ့ အပလီကေးရှင်းလေးကို downloadဆွဲထားနိုင်ပါတယ်။ ပြတိုက်ထဲက အစောင့်တွေကိုလည်း အလွယ်တကူမေးနိုင်ပါတယ်။

လုဗ်ပြတိုက်ဆီ လှမ်းဝင်လိုက်တာနဲ့ ကမ္ဘာကျော် ဖန်ပိရမစ်ဇောက်ထိုးက ဝံ့ကြွားစွာနဲ့ ကြိုဆိုနေမှာပါ။ Davinci Code ဇတ်ကားကို ကြည့်ဖူးတဲ့သူတွေကတော့ လူ့ဗ်ကို မစိမ်းနေလောက်ပါဘူး။ ဒီဇတ်ကားကျောရိုးမှာ လူ့ဗ်ဟာ အရေးကြီးတဲ့အခန်းကနေ ပါဝင်ခဲ့ပါတယ်။ သင်စာအုပ်တွေ ရုပ်ရှင်တွေထဲမှာ ဖတ်ဖူးကြည့်ဖူးတဲ့ ကမ္ဘာကျော် အနုပညာလက်ရာတွေဟာလည်း လုဗ်ရဲ့ရင်ငွေ့ထဲမှာ တည်ရှိပါတယ်။ တစ်ကယ်လို့များ ပါရီကိုရောက်ခဲ့မယ်ဆိုရင် သွားကိုသွားရမယ့်နေရာ တစ်ခုအဖြစ် တိုက်တွန်းလိုက်ပါရစေ။

Sophia (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top