နိုင်ငံတကာ သတင်းတိုကဏ္ဍ

FB_IMG_1521206362730.jpg

ကမ္ဘာ့ပျော်စရာ အကောင်းဆုံးနိုင်ငံများစာရင်း

မတ်လ ၂၀ ရက်နေ့မှာ ကျရောက်မည့် ကုလသမဂ္ဂ ပျော်ရွှင်ရေးနေ့ မတိုင်မီ ထုတ်ပြန်ခဲ့တဲ့ ပျော်စရာအကောင်းဆုံး နိုင်ငံတွေ စာရင်းမှာ နော်ဝေနိုင်ငံကို ကျော်ဖြတ်ပြီး ဖင်လန်နိုင်ငံက အဆင့်(၁) ရပ်တည်ခဲ့ပါတယ်။ ဝင်ငွေ၊ လူ့သက်တမ်း၊ အလှူအတန်း၊ လူမှုအထောက်အပံ့၊ လွတ်လပ်မှု၊ အကျင့်ပျက်ခြစားမှု စတဲ့အချက် (၆)ချက်ကို အခြေခံတွက်ချက်တဲ့ ဒီစာရင်းမှာ နိုင်ငံ(၁၅၆)နိုင်ငံကို ဖော်ပြထားပါတယ်။ ဖင်လန်နဲ့ နော်ဝေနိုင်ငံနောက်မှာ ဒိန်းမတ်၊ အိုက်စလန်၊ ဆွစ်ဇာလန်၊ ဟော်လန်၊ ကနေဒါ၊ နယူးဇီလန်၊ ဆွီဒင်၊ ဩစတြေးလျနိုင်ငံတွေ အစဉ်လိုက် ရပ်တည်နေပါတယ်။ အဝလွန်တာ၊ မူးယစ်ဆေးဝါးသုံးစွဲတာ၊ စိတ်ကျဝေဒနာခံစားရတာ စတဲ့ပြဿနာတွေ ရှိနေတဲ့ အမေရိကန်ကတော့ ဒီစာရင်းမှာ အဆင့်(၁၈) နေရာ ရောက်သွားခဲ့ပါတယ်။

မြန်မာနိုင်ငံကတော့ ဒီစာရင်းရဲ့ အဆင့်(၁၃၀)နေရာမှာ ရှိပါတယ်။ လူမျိုးတုန်းသတ်ဖြတ်မှု၊ အာဏာသိမ်းဖို့ ကြိုးပမ်းမှု၊ ပြည်တွင်းရေး မတည်ငြိမ်မှုတွေ ဖြစ်ပွားနေတဲ့ အရှေ့အာဖရိကနိုင်ငံ ဘူရွန်ဒီကတော့ ပျော်စရာအကောင်းဆုံးနိုင်ငံတွေ စာရင်းမှာ နောက်ဆုံးနေရာ ရပ်တည်နေပါတယ်။

ဆေးရုံက ပြန်ဆင်းသွားပြီဖြစ်တဲ့ မျိုးဗီဇတူ သုံးမြွှာပူး ညီအစ်ကို

သတ်မှတ်ရက်ထက် (၆)ပတ်စောပြီး မွေးဖွားခဲ့တဲ့ မျိုးဗီဇတူ အမြွှာသုံးဦး(Identical Triplets)ဟာ မွေးကင်းစကလေးငယ် အထူးကြပ်မတ် ကုသဆောင်မှာ သီတင်းပတ်(၂)ပတ်ကျော် စောင့်ရှောက်မှု ခံယူခဲ့ပြီးနောက် ဆေးရုံက ပြန်ဆင်းသွားခဲ့ပါပြီ။ အမေရိကန်နိုင်ငံ ကန်းဆက်မြို့မှာ နေထိုင်တဲ့ နီကိုးနဲ့ ကင်ညာနိုင်ငံသား ကာလက်တို့ ဇနီးမောင်နှံက မျိုးဗီဇတူ သုံးမြွှာပူးညီအစ်ကို မွေးဖွားခဲ့တာပါ။

Identical Triplets ဆိုတဲ့ မျိုးဗီဇတူ သုံးမြွှာပူးကလေးငယ်တွေဟာ မျိုးအောင်တဲ့ ဥတစ်လုံးကနေ သန္ဓေသားသုံးခုဖြစ်ပြီး မွေးဖွားလာကြတာပါ။ ဒီလိုဖြစ်နိုင်ခြေက အကြိမ်ရေ သန်း(၂၀) ဒါမှမဟုတ် သန်း(၃၀)မှာ တစ်ကြိမ်ပဲ ဖြစ်လေ့ရှိတယ်လို့ ဆေးပညာရှင်တွေက ဆိုပါတယ်။ ရွန် (Ron)၊ အယ်ကာနာ (Elkanah)နဲ့ အဘီရှာ (Abishai)ဆိုတဲ့ မျိုးဗီဇတူ အမြွှာညီအစ်ကိုသုံးဦးဟာ မိနစ်ပိုင်းခြားပြီး မွေးဖွားလာခဲ့တာဖြစ်ပြီး အကြီးဆုံးဖြစ်တဲ့ ရွန်က လူကောင်နည်းနည်းညှက်လို့ ခွဲခြားဖို့ လွယ်ပေမယ့် ကျန်တဲ့နှစ်ယောက်ကိုတော့ ဆေးရုံက ပတ်ပေးလိုက်တဲ့ လက်ပတ်ကြည့်ပြီး ခွဲရတယ်လို့ ဆိုပါတယ်။

ဦးခေါင်းခွဲစိတ်မယ့်လူနာ မှားယွင်းခဲ့လို့ အတိတ်မေ့ခဲ့ရသူ

ဦးခေါင်းခွဲစိတ်မှုလုပ်ဖို့ လူနာမှားခေါ်သွားမိတယ်လို့ ကင်ညာနိုင်ငံက သူနာပြုဆရာမက ဝန်ခံခဲ့ပါတယ်။ ကင်ညာနိုင်ငံ နိုင်ရိုဘီမြို့ ကင်ယက်တာ အမျိုးသားဆေးရုံမှာ အခုလို ဖြစ်ပွားခဲ့တာပါ။ ခွဲစိတ်ဆရာဝန်တွေက လူနာရဲ့ဦးခေါင်းထဲမှာ သွေးခဲမတွေ့ဘူးလို့ပြောမှ သူနာပြုဆရာမ ဝါဟိုမီက လူနာမှားခေါ်လာတာ သိခဲ့တာပါ။ ဦးနှောက်မှာ သွေးခဲနေတဲ့ လူနာကို ခွဲစိတ်ရမှာဖြစ်ပေမယ့် ခွဲစိတ်ဖို့ မလိုတဲ့လူနာတစ်ယောက်ကို ခွဲစိတ်မိခဲ့ ဖြစ်ပါတယ်။ မှားပြီး ခွဲစိတ်ခံခဲ့ရတဲ့လူနာကတော့ အတိတ်မေ့သွားခဲ့ပါတယ်။

ဒီဖြစ်ရပ်အတွက် ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့မှာ လွှတ်တော်ကော်မတီက ဆေးရုံဝန်ထမ်းတွေကို ခေါ်ယူ မေးမြန်းခဲ့ပါတယ်။ အန်ဒါရီတူ (ခွဲစိတ်မှု လုပ်ရမယ့်လူနာ) ဆိုတဲ့ အမည်ခေါ်ရာမှာ မှားပြီးခွဲစိတ်ခံရသူက လက်ထောင်ခဲ့လို့ သူ့ကို ခွဲစိတ်ခန်းကိုခေါ်သွားခဲ့တာပါလို့ သူနာပြုဆရာမ ဝါချီယာက ပြောပါတယ်။ နိုင်ငံတကာခေါင်းကြီးသတင်းတွေမှာ ဟိုးလေးတကျော် ဖြစ်ခဲ့ပြီးနောက်မှာ ဦးခေါင်းခွဲစိတ်ဆရာဝန်၊ သူနာပြုဆရာမ၊ မေ့ဆေးဆရာဝန်အပါအဝင် ဆေးရုံဝန်ထမ်း လေးဦးကို တာဝန်က ဆိုင်းငံ့ခဲ့ပါတယ်။

အမေရိကန်နိုင်ငံမှာ လူကူးခုံးကျော်တံတားပြိုကျလို့ အနည်းဆုံး လူလေးယောက် သေဆုံး

အမေရိကန်နိုင်ငံ မီယာမီမြို့မှာရှိတဲ့ ဖလော်ရီဒါ နိုင်ငံတကာတက္ကသိုလ်နားက လူကူးခုံးကျော်တံတား ပြိုကျခဲ့လို့ အနည်းဆုံး လူလေးယောက် သေဆုံးခဲ့ပြီး လူ ၁၀ ဦး ဒဏ်ရာရခဲ့တယ်လို့ အရာရှိတွေက ပြောပါတယ်။ ပြီးခဲ့တဲ့ ကြာသပတေးနေ့ မွန်းလွဲပိုင်းက ရှစ်လမ်းသွား ကားလမ်းပေါ်မှာ တည်ဆောက်ထားတဲ့ တံတားပြိုကျခဲ့ရာမှာ အနည်းဆုံး ကားရှစ်စီး ပိမိခဲ့ပါတယ်။

အလေးချိန် ၈၆၂ တန်ရှိပြီး ၁၇၄ ပေမြင့်တဲ့ ခုံးကျော်တံတားရဲ့ လျှောက်လမ်းကို ပြီးခဲ့တဲ့စနေနေ့က အချိန် ၆ နာရီအတွင်း တပ်ဆင်ခဲ့တာပါ။ ခုံးကျော်တံတားအောက်မှာ ပိတ်မိနေသူတွေကို ကယ်တင်ဖို့ ပြီးခဲ့တဲ့ကြာသပတေးနေ့ တစ်ညလုံး ကယ်ဆယ်ရေးအဖွဲ့တွေက အပျက်အစီးတွေကြားမှာ ရှာဖွေမှုလုပ်ခဲ့ကြပါတယ်။ အခင်းဖြစ်ပွားချိန်က ခုံးကျော်တံတားအောက်မှာ လူဘယ်လောက်ရှိလဲဆိုတာ တိတိကျကျ မသိရသေးသလို ခုံးကျော်တံတား ပြိုကျရတဲ့ အကြောင်းရင်းကိုလည်း မသိရသေးပါဘူး။

တရုတ်နိုင်ငံက အမျိုးသမီး ဦးစားပေး ရထားတွဲစနစ်

တရုတ်နိုင်ငံတောင်ပိုင်း ရှင်ကျန်းမြို့က မြေအောက်ရထားလမ်းတိုင်းမှာ အမျိုးသမီးဦးစားပေး ရထားတွဲစနစ် အကောင်အထည်ဖော် ဆောင်ရွက်နေပါပြီ။ အမျိုးသမီးခရီးသည်တွေ အနှောင့်အယှက်ကင်းကင်းနဲ့ ခရီးသွားနိုင်ဖို့ ရည်ရွယ်ပြီး ပြီးခဲ့တဲ့ ဇွန်လက ကွမ်တုံပြည်နယ် ရှင်ကျန်းမြို့ အာဏာပိုင်တွေက ဒီအစီအစဉ်ကို စမ်းသပ်ခဲ့ကြတာပါ။ စစချင်း ရှင်ကျန်းမြို့က ရထားလမ်းကြောင်းလေးခုမှာ အမျိုးသမီးဦးစားပေး ရထားတွဲစနစ် စတင်ခဲ့တာဖြစ်ပါတယ်။ ရှင်ကျန်းမြို့ဟာ တရုတ်နိုင်ငံမှာ ဒီအစီအစဉ်စတင်ခဲ့တဲ့ ပထမဆုံးမြို့ပါပဲ။

အဲဒီအစီအစဉ်မှာ အမျိုးသားတွေ စီးနင်းလိုက်ပါခွင့် လုံးဝပိတ်ပင်ခဲ့တာ မဟုတ်ဘဲ လူအသွားအလာ ရှုပ်ထွေးချိန်မှာ အမျိုးသမီးတွေ အနှောင့်အယှက်ကင်းဖို့ပဲ ရည်ရွယ်ထားတာဖြစ်ပါတယ်။ အခုအချိန်မှာတော့ ရှင်ကျန်းမြို့က ရထားလမ်းရှစ်ခုလုံးမှာ ဒီအစီအစဉ် အကောင်အထည် ဖော်နေပါပြီ။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top