ရှင်ဇိုအဘေးကို ဘာကြောင့် လုပ်ကြံခဲ့သလဲ

11-7-2022-37.jpg

ဂျပန်ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအဘေးကို သူ ဘာကြောင့်လုပ်ကြံခဲ့သလဲဆိုတာ ယာမာဂါမီက ဖြောင့်ချက်ပေးတယ်။ သူ့အမေက ဘာသာရေးအဖွဲ့အစည်းတစ်ခုကို အရမ်းကြီး ယုံကြည်သက်ဝင်လွန်းပြီး ရှိသမျှအကုန် လှူပစ်ခဲ့လို့ ငွေကြေးအကျပ်အတည်း ဖြစ်သွားတာကို ယာမာဂါမီက ဒေါသထွက်ခဲ့တာပါ။

အဲဒီဘာသာရေးအဖွဲ့အစည်းကို ရှင်ဇိုအဘေးက လူသိများထင်ရှားအောင် လုပ်ပေးခဲ့လို့ သူ့ဒေါသက ရှင်ဇိုအဘေးအပေါ် ပုံကျခဲ့တာလို့ ယာမာဂါမီက ဆိုတယ်။ အစောပိုင်းမှာ သူ့က ဗုံးနဲ့တိုက်ခိုက်ဖို့ စီစဉ်ခဲ့ပေမဲ့ နောက်ပိုင်းမှာတော့ အစီအစဉ်ပြောင်းပြီး လက်လုပ်သေနတ်နဲ့ ပစ်ခတ်ခဲ့တာပါ။

ယာမာဂါမီရဲ့အမေ ငွေကြေးအများအပြား လှူဒါန်းခဲ့တဲ့ ဘာသာရေးအဖွဲ့အစည်းအမည်ကိုတော့ ဂျပန်မီဒီယာတွေက ထည့်သွင်းဖော်ပြခဲ့ခြင်းမရှိပါဘူး။ ယာမာဂါမီဟာ ၂၀၀၂ ခုနှစ်ကနေ ၂၀၀၅ ခုနှစ်အထိ ဂျပန်ရေတပ်မှာ တာဝန်ထမ်းဆောင်ခဲ့တယ်လို့ ဂျပန်မီဒီယာတွေက ဖော်ပြပါတယ်။ ယာမာဂါမီဟာ အလုပ်အကိုင်ရှာဖွေရေးကုမ္ပဏီမှာ CV Form သွားတင်ခဲ့ဖူးပြီး ၂၀၂၀ ပြည့်နှစ် နှောင်းပိုင်းမှာတော့ ကျိုတိုမြို့က စက်ရုံမှာ forklift မောင်းသူအဖြစ် အလုပ်လုပ်ခဲ့ပါတယ်။

သူဟာ ၁ နှစ်ကျော်ကာလအတွင်း အလုပ်ထဲမှာ ပြဿနာတစ်စုံတစ်ရာ မရှိခဲ့ဖူးပါး။ ဒါပေမဲ့ ပြီးခဲ့တဲ့ ဧပြီလလယ်မှာတော့ ခွင့်မတိုင်ဘဲ အလုပ်ပျက်ခဲ့ပြီးနောက် အလုပ်ရှင်ဆီမှာ အလုပ်ထွက်ခွင့် တောင်းခဲ့ပါတယ်။ သူ့ရဲ့ခွင့်ရက်တွေ ကျန်နေသေးလို့ ခွင့်ဆက်ယူခဲ့ပြီး မေလ ၁၅ ရက်မှာတော့ ခွင့်ရက်စေ့လို့ အလုပ်ထွက်ခဲ့ပါတယ်။

ယာမာဂါမီက ၈ လွှာ တိုက်ခန်းကျဉ်းလေးမှာ နေထိုင်ပြီး သူတို့တိုက် အောက်ဆုံးထပ်မှာတော့ ဘားဆိုင်တွေ ရှိပါတယ်။ ယာမာဂါမီဟာ ပတ်ဝန်းကျင်က လူတွေနဲ့လည်း စကားပြောလေ့မရှိပါဘူး။ ရှင်ဇိုအာဘေးကို မလုပ်ကြံခင် ၃ ရက်အလိုမှာ ယာမာဂါမီကို တွေ့လို့ နှုတ်ဆက်ခဲ့ပေမဲ့ သူက ဘာမှ ပြန်မပြောဘူးလို့ သူ့အောက်ထပ်မှာ နေတဲ့ အမျိုးသမီးကြီးက ဆိုပါတယ်။

” ကျွန်မက ဟယ်လိုလို့ လှမ်းနှုတ်ဆက်လိုက်ပေမဲ့ သူက ဘာမှပြန်မပြောဘူး။ သူက နှာခေါင်းစည်းလည်း တပ်မထားဘူး။ ခေါင်းငိုက်စိုက်ချပြီး ကြမ်းပြင်ကို ကြည့်နေတယ်။ သူ့ပုံစံက စိတ်နဲ့လူနဲ့ မကပ်သလိုပဲ။ တစ်ခုခုကို စိတ်ပျက်နေပုံပေါ်တယ်” လို့ အဲဒီအမျိုးသမီးကြီးက ဆိုပါတယ်။

”ယာမာဂါမီကို ကြိမ်ဖန်များစွာ ဆုံဖူးတယ်။ ဒါပေမဲ့ ဓာတ်လှေကားထဲမှာ ဦးညွှတ်နှုတ်ဆက်ရင်တောင် သူက ဘာမှ ပြန်မပြောပါဘူး”လို့ ၆ လွှာမှာနေတဲ့ ဗီယက်နမ်အမျိုးသမီးတစ်ဦးကဆိုပါတယ်။ ယာမာဂါမီဟာ အွန်လိုင်းကနေ ဝယ်ယူထားတဲ့ အစိတ်အပိုင်းတွေကို အသုံးပြုပြီး သံပိုက်တွေကို တိတ်ပတ်ကာ လက်လုပ်သေနတ် ဖန်တီးခဲ့တာဖြစ်ပါတယ်။ ယာမာဂါမီ အသုံးပြုခဲ့တဲ့ သေနတ်က လုပ်ဖို့ လွယ်ကူလွန်းတယ်လို့ လေ့လာသူတွေက ဆိုကြပါတယ်။

ယာမာဂါမီဟာ ရှင်ဇိုအဘေးကို လုပ်ကြံဖို့ လပေါင်းများစွာအလိုကတည်းက စီစဉ်နေခဲ့တာဖြစ်ပြီး အခင်းမဖြစ်ပွားမီ တစ်ရက်အလိုကလည်း နာရာမြို့နဲ့ ကီလိုမီတာ ၂၀၀ ကွာဝေးတဲ့နေရာက ရှင်ဇိုအဘေးရဲ့ မိန့်ခွန်းပြောပွဲတစ်ခုကို သွားရောက်ခဲ့ပါသေးတယ်။

Ref: Abe killer wielded homemade gun, grudge over mother’s financial ruin, police say

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top