ကလေးသရုပ်ဆောင်အဖြစ်နဲ့ အနုပညာလောကထဲ စတင်ဝင်ရောက်ခဲ့ပြီး သရုပ်ဆောင်ကောင်းလှတဲ့ မင်းသမီးချောလေး ကင်ဆေးရွန်ဟာဆိုရင် သူ့ကို ချစ်တဲ့ပရိသတ်တွေကို ထားသွားခဲ့ပါပြီ။ သူ့ကို ဖေဖော်ဝါရီ ၁၆ ရက်နေ့က ဆိုးလ်မြို့၊ ဆွန်ဒုန်ဂူခရိုင်ရှိ သူ့နေအိမ်မှာ သေဆုံးလျက်တွေ့ရှိခဲ့တာပါ။ သူ သေဆုံးချိန်မှာ အသက် ၂၄ နှစ်ပဲရှိပါသေးတယ်။
သူနဲ့တွေ့ဆုံဖို့ စီစဉ်ထားတဲ့ သူငယ်ချင်းတစ်ဦးက သူ့ရဲ့ရုပ်အလောင်းကို တွေ့ရှိခဲ့ပြီး ရဲတပ်ဖွဲ့ကို အကြောင်းကြားခဲ့တာပါ။ လက်ရှိမှာတော့ သေဆုံးရခြင်းအကြောင်းအရင်းကို စုံစမ်းနေဆဲပါပဲ။
ကင်ဆေးရွန်ဟာ ၂၀၂၂ ခုနှစ် မေလမှာ အရက်မူးပြီး အရှိန်ပြင်းပြင်းနဲ့ ကားမောင်းကာ ထရန်စဖော်မာကို တိုက်မိခဲ့တာကြောင့် ဒဏ်ကြေးဆောင်ခဲ့ရတဲ့ ပြဿနာဖြစ်ပေါ်ခဲ့ပြီးနောက် အနုပညာအလုပ်ကို ရပ်နားထားခဲ့တာပါ။ အဲ့ဒီအချိန်တုန်းက လူမှုကွန်ယက်အသုံးပြုသူတွေရဲ့ဝေဖန်တိုက်ခိုက်ပြောဆိုမှုတွေကိုလည်း ရရှိခဲ့တာပါ။
သူ မသေဆုံးခင်က သူဟာ ကင်အာအင်ဆိုတဲ့ နာမည်ပြောင်းထားပြီး အနုပညာအလုပ်ကို ပြန်စတင်ဖို့ စီစဉ်ထားပြီး သူ့သူငယ်ချင်းတွေနဲ့အတူ ကဖီးဆိုင်တစ်ဆိုင်ဖွင့်ဖို့ ပြင်ဆင်နေခဲ့တာလို့ သူ့သူငယ်ချင်းဖြစ်သူက E-Daily သတင်းဌာနကို ထုတ်ပြောခဲ့ပါတယ်။
“သူ့မိတ်ဆွေသူငယ်ချင်းတွေနဲ့ ကဖီးဆိုင်တစ်ဆိုင်ဖွင့်ဖို့ ပြင်ဆင်နေခဲ့ပြီး အနုပညာလောကထဲ ပြန်လာဖို့ စီစဉ်ထားတာပါ”တဲ့။
သူ့နာမည်အသစ်နဲ့ ကဖီးဆိုင်တစ်ဆိုင်မှာ အချိန်ပိုင်းအလုပ်လုပ်ခဲ့ပေမဲ့ အလုပ်လုပ်နေတဲ့ပုံတစ်ပုံ အရိုက်ခံရပြီး အင်တာနက်မှာ ပျံ့နှံ့သွားခဲ့ပြီးနောက် အလုပ်ထုတ်ခံခဲ့ရပါတယ်လို့လည်း သူ့သူငယ်ချင်းဖြစ်သူက ဆိုပါတယ်။ “သူ အသက်ရှင်နေထိုင်ဖို့အတွက် အချိန်ပိုင်းအလုပ်လုပ်ဖို့ လိုအပ်ခဲ့ပေမဲ့ ဒီလိုမျိုး ထပ်ခါထပ်ခါဖြစ်နေတော့ သူ စိုးရိမ်ပူပန်မှုတွေများလာခဲ့တယ်”လို့ ထုတ်ပြောပြခဲ့ပါတယ်။
ဆေးရွန်က ၂၀၀၉ ခုနှစ်မှာ ကလေးသရုပ်ဆောင်အဖြစ် အနုပညာလောကထဲဝင်ရောက်ခဲ့တာပါ။ နောက်နှစ်မှာတော့ The Man from Nowhere ဇာတ်ကားမှာပါဝင်ခဲ့ပြီး အဲ့ဒီဇာတ်ကားက ဝင်ငွေအကောင်းဆုံးဇာတ်ကားဖြစ်ခဲ့ပါတယ်။ သူ ခေါင်းဆောင်မင်းသမီးအဖြစ် သရုပ်ဆောင်ခဲ့တဲ့ ဇာတ်လမ်းတွဲတွေကိုလည်း ပရိသတ်တွေ အသိအမှတ်ပြုခဲ့ပါတယ်။ သူ နောက်ဆုံးပါဝင်သရုပ်ဆောင်ခဲ့တဲ့ ဇာတ်လမ်းတွဲ Bloodhound (2023) မှာဆိုရင် သူ အရက်မူးပြီးကားမောင်းတဲ့ဖြစ်စဉ်ကြောင့် သူ ပါဝင်ထားတဲ့ ဇာတ်ဝင်ခန်းတချို့ကို ဖြတ်ထုတ်ခံခဲ့ရပါသေးတယ်။
Ref: Actress Kim Sae-ron dies aged 24, had planned to open own cafe
WL(ရိုးရာလေး)