ကိုရိုနာဗိုင်းရပ်စ် အကြောင်းအရာ တွေပါတဲ့ ဝတ်စုံကို တိပ်တွေနဲ့ ဖန်တီးခဲ့တဲ့ ဆယ်ကျော်သက်

24-6-2020-yyl-002.jpg

အီလီနွိုင်းပြည်နယ်က အထက်တန်းကျောင်းသူလေးတစ်ဦးဟာ ကိုရိုနာဗိုင်းရပ်စ်အကြောင်းအရာတွေပါတဲ့ ဝတ်စုံတစ်စုံကို တိပ်တွေနဲ့ ဖန်တီးချုပ်လုပ်ခဲ့တာကြောင့် လူအများနှစ်သက်သဘောကျလို့နေပါတယ်။ အဲဒီအထက်တန်းကျောင်းသူလေးက ပီတွန် မန်ကာ ဆိုတဲ့ အသက် (၁၈) နှစ်အရွယ်ကောင်မလေးဖြစ်ပါတယ်။ သူဟာ ဇန်နဝါရီလတုန်းက Duckတိပ်တွေနဲ့ ဖန်တီးရတဲ့ 2020 Stuck at Prom Contest အကြောင်း ကြားမိခဲ့ပြီး ဝတ်စုံဖန်တီးချင်တာနဲ့ ဝင်ပြိုင်ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ မတ်လမှာ COVID-19 ကြောင့် သူ့ရဲ့ကျောင်းကပွဲနဲ့ ဘွဲ့နှင်းသဘင် အခမ်းအနားတွေကလည်း ဖျက်သိမ်းခဲ့ရပါတယ်။ ဒါကြောင့်ပဲ တိပ်တွေနဲ့ ဝတ်စုံဖန်တီးဖို့ဆိုရင် ကမ္ဘာ့တစ်ဝှမ်းမှာ ဖြစ်ပွားနေတဲ့ ဗိုင်းရပ်စ်ကို အဓိကထားပြီး ဖန်တီးရင်ကောင်းမယ်လို့ ပီတွန်က တွေးမိခဲ့တာပါ။

ကမ္ဘာတစ်ဝှမ်းက လူတော်တော်များများက ဒီကပ်ရောဂါကြောင့် တစ်နည်းနည်းနဲ့ ထိခိုက်ခံစားနေတဲ့အတွက် ဘာတွေဖြစ်နေလဲဆိုတာကို ပြချင်ခဲ့တယ်လို့ ပီတွန်က ဆိုပါတယ်။ ဝတ်စုံတစ်စုံလုံးနီးပါးက အပြာရောင်ဖြစ်ပြီး ဝတ်စုံပေါ်မှာမှ Mask ဝတ်ဆင်ပြီး ရှေ့တန်းကနေ ဗိုင်းရပ်စ်ကို တွန်းလှန်နေတဲ့ ဝန်ထမ်းတွေလို ကိုရိုနာဗိုင်းရပ်စ်နဲ့ ဆက်စပ်တဲ့ ပြကွက်တွေကို ထည့်ထားပါတယ်။ ကပ်ရောဂါအတွင်းမှာ ဖြစ်ပျက်နေတဲ့ မြင်ကွင်းတွေကို ဝတ်စုံမှာ ဖန်တီးခဲ့တာဖြစ်ပါတယ်။ သူက လက်ရှိကျွန်တော်တို့ ကြုံတွေ့နေရတဲ့ အခြေအနေနဲ့ပတ်သက်ပြီး လူတော်တော်များများက စိုးရိမ်ပူပန်နေရပြီး အထီးကျန်သလို ခံစားနေရတဲ့အတွက် ဝတ်စုံရဲ့ရှေ့ပိုင်းနဲ့ အလယ်တည့်တည့်မှာ ထည့်ကာဖန်တီးထားတယ်လို့ ဆိုပါတယ်။

ပီတွန်က ဝတ်စုံနဲ့လိုက်ဖက်တဲ့ Mask ကိုလည်း “FLATTEN THE CURVE” ဆိုတဲ့စာသားနဲ့ ဖန်တီးထားတဲ့အပြင် ဗိုင်းရပ်စ်ပုံစံ အနီရောင်ပိုက်ဆံအိတ်လေးကိုတောင် ဖန်တီးထားပါသေးတယ်။ သူ့ဆံပင်မှာလည်း “Separately Together” ဆိုတဲ့စကားလုံးတွေနဲ့ နှင်းဆီပွင့်တွေနဲ့ ဒီဇိုင်းဖော်ခဲ့ပါသေးတယ်။ “Separately Together” ဆိုတာက ကျွန်မတို့တွေ ခပ်ခွာခွာနေနေရပေမယ့် ဒါကို အတူတကွ ကျော်ဖြတ်လို့ ရနိုင်ပါသေးတယ်ဆိုတာကို လူတွေကို သိစေချင်တာပါလို့ ပီတွန်က ပြောပါတယ်။

ဒီဝတ်စုံကို ဖန်တီးဖို့အတွက် တိပ် (၄၁) လိပ် ကို အသုံးပြုခဲ့ရတဲ့အပြင် နာရီပေါင်း (၄၀၀) နီးပါး အချိန်ယူခဲ့ရတယ်လို့ သိရပါတယ်။ ပီတွန်က အလုပ်ကြိုးစား လုပ်နိုင်ဖို့ မိသားစု၊ မိတ်ဆွေသူငယ်ချင်းတွေနဲ့ သူစိမ်းတွေဆီကနေ ပံ့ပိုးမှုတွေရခဲ့တယ်လို့ ထုတ်ပြောပြထားပါတယ်။ Duck Brand က ဇူလိုင် ၂၁ ရက်နေ့ထိ ဝတ်စုံပြိုင်ပွဲမှာ ဆုရရှိတဲ့သူကို ကြေညာဦးမှာမဟုတ်ပါဘူး။ ဒါပေမဲ့ ပီတွန်ရဲ့ ဖန်တီးမှုကတော့ လှုမှုကွန်ယက်အကောင့်မှာ ပျံ့နှံ့နေပြီး လူတော်တော်များများက ချီးကျူးစကားတွေတောင် ဆိုထားပါတယ်။ Duck Brand က ဇွန်လ ၂၉ ရက်နေ့မှာ အွန်လိုင်းမဲပေးစနစ်ကို ဖွင့်ပေးသွားမှာဖြစ်ပြီး မကြာခင်ရက်အတွင်းမှာ ဒေါ်လာ ၁၀,၀၀၀ ပညာသင်ဆုအတွက် နောက်ဆုံးအဆင့်တက်ရောက်နိုင်မယ့်သူတွေကို ကြေညာပေးသွားမှာ ဖြစ်ပါတယ်။

Ref: Teen’s DIY coronavirus-themed prom dress made out of duct tape scores likes around the globe

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top