တက္ကသိုလ်အဆောင်ထဲမှာ ဘင်္ဂလားဒေ့ရှ်ကျောင်းသား အသတ်ခံရမှုအတွက် လူ ၂၅ ယောက်ကို စွဲချက်တင်

yyl-013-6.jpg

ဘင်္ဂလားဒေ့ရှ်အစိုးရကို လူမှုကွန်ရက်ပေါ်မှာ ဝေဖန်ခဲ့တဲ့ တက္ကသိုလ်ကျောင်းသားတစ်ယောက် အသတ်ခံရတဲ့ဖြစ်ရပ်အတွက် ရဲတပ်ဖွဲ့က လူ ၂၅ ယောက်ကို စွဲချက်တင်လိုက်ပါတယ်။ အသက် ၂၁ နှစ်ရှိတဲ့ အေဘရာဖာဟတ်ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့မှာရှိတဲ့ ဘင်္ဂလားဒေ့ရှ်အင်ဂျင်နီယာတက္ကသိုလ်မှာ ပညာသင်ကြားနေသူပါ။

သူဟာ ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်း လူမှုကွန်ရက်ပေါ်မှာ ပို့စ်တစ်ခုကို ဝေမျှခဲ့ပြီး အိန္ဒိယအစိုးရနဲ့ ရေဝေမျှရေး သဘောတူစာချုပ် ချုပ်ဆိုတဲ့ ဘင်္ဂလားဒေ့ရှ်အစိုးရကို ဝေဖန်ခဲ့ပါတယ်။ အဲဒီလိုဝေဖန်ပြီး ရက်ပိုင်းအကြာမှာ တက္ကသိုလ် အဆောင်အခန်းထဲကနေ သူ့ရဲ့ ရုပ်အလောင်းကို တွေ့ရှိခဲ့တာပါ။
အေဘရာဖာဟတ် သေဆုံးမှုကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတစ်ဝန်းမှာရှိတဲ့ တက္ကသိုလ်ကျောင်းဝင်းတွေမှာ ဆန္ဒပြပွဲတွေ ဖြစ်ပွားခဲ့ပါတယ်။ အခုဖြစ်ရပ်မှာ စွဲချက်တင်ခံရသူ ၂၅ ယောက်အနက် ၁၁ ယောက်က အေဘရာဖာဟတ်ကို သတ်ရာမှာ တိုက်ရိုက်ပါဝင်ခဲ့ပြီး တခြားသူတွေကတော့ တိုက်ခိုက်မှုလုပ်ဖို့ ကူညီပ့ံပိုးခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

စွဲချက်တင်ခံရတဲ့ ကျောင်းသားတော်တော်များများက အာဏာရပါတီ (Awami League)ရဲ့ လူငယ်အဖွဲ့ဝင်တွေပါ။ Bangladesh Chhatra League (BCL)လို့ ခေါ်ဆိုကြတဲ့ ဒီအဖွဲ့ဟာ ကျောင်းသားတွေကို ညှဉ်းပန်းနှိပ်စက်တာ၊ ငွေညှစ်တာမျိုးလုပ်နေတယ်လို့ စွပ်စွဲခံထားရပါတယ်။ အေဘရာဖာဟတ်ကို ည ၈ နာရီလောက်ကတည်းက သူ့အခန်းထဲကနေ ခေါ်ထုတ်သွားကြပြီး အနည်းဆုံး လေးနာရီလောက် ရိုက်နှက်ခဲ့ကြတယ်လို့ မျက်မြင်သက်သေတွေက ဆိုပါတယ်။ အေဘရာဖာဟတ်ရဲ့ တစ်ကိုယ်လုံးနီးပါး ကြေမွနေတယ်လို့ သူ့ရဲ့အလောင်းကို စစ်ဆေးခဲ့တဲ့ ဆရာဝန်က ပြောပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top