ဘိုးဘွားရိပ်သာအတွက် နှစ်သစ်ဆုတောင်းစာလွှာတွေ ကိုယ်တိုင်လုပ်ပြီး ပေးပို့ခဲ့တဲ့ ၅ နှစ်သမီးလေး

6-1-2021-yyl11.jpg

နယူးယောက်ခ်မြို့က ဘိုးဘွားရိပ်သာမှာ နေထိုင်ကြသူတွေကတော့ နှစ်သစ်မှာ ဆုတောင်းလွှာတွေလက်ခံရရှိခဲ့ပါတယ်။ အဲဒီလိုနှစ်သစ်ဆုတောင်းလွှာတွေ ကိုယ်တိုင်လုပ်ပြီး ပို့ပေးခဲ့တဲ့ အာယာနာ ချိုပရာ (Aryana Chopra) ကို ကျေးဇူးတင်ရမှာပါပဲ။ အာယာနာလေးဟာ ဘိုးဘွားရိပ်သာက အဘိုးအဘွားတွေအတွက် နှစ်သစ်ဆုတောင်းလွှာ (၂၀၀) ကို ပြုလုပ်ရင်းနဲ့ အားလပ်ရက်ကို ကုန်ဆုံးနေခဲ့တာပါ။

အာယာနာလေးက ကိုရိုနာဗိုင်းရပ်စ်ကြောင့် အဘိုးအဘွားတွေက မိသားစု၊ သူငယ်ချင်းတွေနဲ့ မတွေ့နိုင်တဲ့အတွက် သူတို့ကို ပျော်စေချင်ခဲ့တယ်။ ဒါကြောင့် လက်ရေး၊ ရောင်စုံကာတွန်းပုံလေးတွေနဲ့ အလှဆင်ထားတဲ့ ဆုတောင်းလွှာတွေကို ဖန်တီးခဲ့တာပါပဲ။ အာယာနာရဲ့အမေကလည်း တစ်နေ့ သူ့သမီး ကတ်တွေကို လုပ်နေတာကို မြင်တွေ့တော့ ဘာလို့နေတာလဲလို့ မေးခဲ့ပါတယ်။ အာယာနာလေးက ဘိုးဘွားရိပ်သာက လူတွေကို ကတ်တွေပေးချင်တယ်လို့ ပြောခဲ့တဲ့အခါ သူ့အမေလည်း ဒေသတွင်းမှာရှိတဲ့ ဘိုးဘွားရိပ်သာတွေကို ဆက်သွယ်ပြီး ဘယ်နှစ်ယောက်နေထိုင်ကြလဲလို့ မေးမြန်းပေးခဲ့ပါတယ်။

အာယာနာကတော့ နှစ်သစ်ဆုတောင်းကတ်အရေအတွက်ကို ကန့်သတ်မထားပေမဲ့ အခု (၂၀၀) လုပ်ပေးဖို့ သူ့အမေက တောင်းဆိုခဲ့တာပါ။ အာယာနာလေးက နှစ်သစ်ဆုတောင်းကတ်တွေကို လုပ်ပြီးတော့လည်း ဒီတစ်ခုတည်းနဲ့ အားမရဘဲ သူ့ရဲ့စုဗူးထဲက ပိုက်ဆံတွေနဲ့ ကိတ်မုန့်၊ ခရစ်စမတ်ဘိုးဘိုးအရုပ်၊ ပန်းအိုးတွေကို ဝယ်ခဲ့သေးတယ်လို့ သိရပါတယ်။ အာယာနာလေးရဲ့အပြုအမူကြောင့် သူ့အမေတောင် တအံ့တသြဖြစ်ခဲ့ရတဲ့အပြင် သူ့သမီးအတွက် ဂုဏ်ယူမဆုံးဖြစ်နေပါတယ်။ “သမီးလေးက အဲဒီလိုကြင်နာတတ်တဲ့နှလုံးသားရှိတယ်။ တကယ်ကို ရက်ရောတဲ့သူပါပဲ။ သူ့ရဲ့အတွေးအခေါ၊အပြုအမူတွေကြောင့် ကျွန်မ အံ့သြရပါတယ်” လို့ အာယာနာရဲ့မိခင်က ပြောပါတယ်။

အာယာနာလေးက နှစ်သစ်အစမှာပဲ ဘိုးဘွားရိပ်သာတွေဆီ လက်ဆောင်တွေ ပို့ပေးခဲ့ပါတယ်။ အာယာနာတို့မိသားစုကလည်း ဘိုးဘွားရိပ်သာက လူတွေ နှစ်သစ်ဆုတောင်းကတ်ကို ဖတ်နေတဲ့၊ မျက်နှာမှာ ပြုံးပန်းဆင်နေတဲ့ ပုံတွေကိုလည်း လက်ခံရရှိပြီးသွားခဲ့ပါပြီ။ အာယာနာကတော့ ဘိုးဘွားရိပ်သာကလူတွေနဲ့ အဆက်အသွယ်မပျက်ဖို့နဲ့ ကိုဗစ်ငြိမ်သွားတဲ့အခါ လူချင်းတွေ့နိုင်ဖို့ မျှော်လင့်နေပါတယ်။

Ref: GMA “5-year-old girl makes hundreds of New Year’s cards for nursing home residents”
WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top