ဖခင်လိုအဖြစ်မျိုး မကြုံရဖို့ သူစိမ်းတွေကို ကျောက်ကပ် လှူဒါန်းပေးခဲ့တဲ့ ညီအစ်မ (၂) ယောက်

22-6-2020-yyl-013.jpg

အီလီနွိုင်းပြည်နယ်က ညီအစ်မ (၂) ယောက်က ကျောက်ကပ်အစာထိုးဖို့လိုအပ်နေချိန်မှာ သူတို့ရဲ့ဖခင်ကို ဆုံးရှုံးလိုက်ရတဲ့အတွက် သူတို့လို အခြားမိသားစုတွေလည်း မခံစားရအောင် သူတို့ရဲ့ကျောက်ကပ်တစ်ခုစီကို လှူဒါန်းပေးခဲ့ပါတယ်။ ညီအစ်မ (၂) ယောက်ထဲက တစ်ဦးဖြစ်သူ ဘီသနီ ဂိုရယ်လ်စကီက သူတို့အခုလိုလှူဒါန်းခဲ့တဲ့အတွက် သူတို့ရဲ့ဖခင်အရမ်းဂုဏ်ယူမယ်လို့ မျှော်လင့်ကြောင်း ဆိုပါတယ်။

သူတို့ရဲ့ဖခင်ဟာ ကျောက်ကပ်ရောဂါကို အချိန်အကြာကြီးခံစားခဲ့ရပြီးတဲ့နောက် ၂၀၁၈ခုနှစ် စက်တင်ဘာလမှာ သေဆုံးခဲ့တာပါ။ ဘီသနီက ၂၀၁၁ခုနှစ်မှာ ကျောက်ကပ်အစားထိုးခဲ့ဖူးတဲ့ သူ့အဖေကို သူ့ကျောက်ကပ်လှူပေးဖို့ လုပ်ခဲ့ပါသေးတယ်။ ဒါပေမဲ့ ဆရာဝန်တွေဟာ အဲဒီအချိန်တုန်းက ကျောက်ကပ်အစားထိုးဖို့အတွက် သူ့ဖခင်က ကျန်းမာရေး မကောင်းတော့ဘူးလို့ သူ့ကို ပြောခဲ့ပါတယ်။ ဘီသနီရဲ့ညီမ ဟန်နာ ဂိုရယ်လ်စကီကလည်း သူ့ဖခင် သေဆုံးပြီးတဲ့နောက်မှာ သူစိမ်းတစ်ယောက် အသက်ရှင်နိုင်ဖို့ လက်ဆောင်ပေးဖို့ ဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ “ကျွန်မရဲ့အဖေက အမြဲရက်ရောတယ်၊ အခြားသူတွေကိုလည်း အမြဲကူညီပေးတယ်။ သူ့ကို ဂုဏ်ပြုပေးနိုင်မယ့်နည်းကို စဉ်းစားခဲ့တာပါ။ အင်္ဂါအစိတ်အပိုင်း အစားထိုးရမယ့် လူတွေကို တွေ့မြင်ရရင် ကျွန်မရဲ့ကျောက်ကပ်ကို မလှူဘဲထားတာက တစ်ကိုယ်ကောင်းဆန်တယ်လို့ ခံစားရစေပါတယ်”လို့ ဟန်နာက ပြောပါတယ်။

သူ့ဖခင် သေဆုံးပြီး တစ်လအကြာမှာ Northwestern Memorial Hospital ကို ဆက်သွယ်ခဲ့ပြီး ၂၀၁၉ခုနှစ် မတ်လမှာ သူတို့ညီအစ်မ (၂) ဦးက အစားထိုးကုသမှု ခံယူခဲ့ရပါတယ်။ လူ့အသက်တစ်ချောင်းကို ကယ်တင်ခဲ့တယ်ဆိုတာကို သိရတဲ့ခံစားချက်က ပြောမပြတက်လောက်အောင်ပါပဲလို့ ဟန်နာက ပြောပါတယ်။ ဟန်နာက သူ့ကျောက်ကပ်ကို လက်ခံရရှိခဲ့တဲ့သူကို မြင်ယောင်ပြီး ညတိုင်း ဘုရားရှိခိုးဖြစ်တယ်လို့ ဆိုပါတယ်။ သူ့ဖခင်သာ သူ့နေရာမှာဆိုရင်လည်း ဒီလိုပဲလှူမိမယ်လို့ ဟန်နာက ယုံကြည်ထားပါတယ်။ သူ့ဖခင်က အခြားသူတွေကို အမြဲကူညီတတ်တဲ့သူမို့ပါ။

ဘီသနီက အင်္ဂါအစိတ်အပိုင်းအလှူရှင်တွေဖြစ်ဖို့ ကျန်းမာသန်စွမ်းတဲ့ လူငယ်တွေကို တိုက်တွန်းပေးမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ “သူတို့ကို ဒီလိုလှူပေးဖို့ ပြောသွားမှာပါ။ ကျွန်မ ဒါအတွက် နောင်တမရပါဘူး။ ကျွန်မတို့က ငယ်ရွယ်ပြီး ကျန်းမာသန်စွမ်းပါတယ်။ ဒါကြောင့်မို့ (၁၀) ရက်အတွင်းမှာပဲ ကျန်းမာရေး ပြန်လည်ကောင်းမွန်လာခဲ့ပါတယ်”လို့ ဘီသနီက ပြောပါတယ်။ ဟန်နာကတော့ “ကျန်းမာရေးပြဿနာတွေ မရှိခဲ့ဖူးပါဘူး။ သွားနှုတ်တာပဲ ခံဖူးခဲ့တာပါ။ ဒီခွဲစိပ်ကုသမှုက ကျွန်မ့အတွက် ပထမဆုံးပါပဲ။ တစ်စုံတစ်ယောက် သေဆုံးတော့မှာကို ဘာလို့စောင့်ဆိုင်းနေရမှာလဲလို့ ကျွန်မတွေးမိခဲ့တယ်။ သူတို့ကို ကျွန်မကယ်တင်နိုင်တယ်။ ကျွန်မ စောင့်ဆိုင်းမနေဘဲ လှူဒါန်းခဲ့လို့ ကျွန်မဝမ်းသာမိတယ်”လို့ ဟန်နာက ဆိုပါတယ်။

Ref: After their dad died in need of a kidney transplant, 2 sisters donate their kidneys to strangers

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top