လိင်ပိုင်းဆိုင်ရာ နှောင့်ယှက် စော်ကားတယ်လို့ အမျိုးသမီး(၂) ဦးရဲ့စွပ်စွဲပြောဆိုမှုကို ခံနေရတဲ့ ဂျက်စတင် ဘီဘာ

22-6-2020-yyl-024.jpg

အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ အောင်မြင်မှုတွေ ဆွတ်ခူးပိုင်ဆိုင်ထားတဲ့ အဆိုတော် ဂျက်စတင်ဘီဘာဟာ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်စော်ကားတယ်ဆိုတဲ့ စွပ်စွဲချက်တွေ ထွက်ပေါ်လာခဲ့ပါတယ်။ ဂျက်စတင်ဘီဘာကို အမျိုးသမီး (၂) ဦးက တွစ်တာအကောင့်ကနေ စနေနေ့က စွပ်စွဲပြောဆိုခဲ့တာဖြစ်ပါတယ်။

အဲဒီအမျိုးသမီး (၂) ဦးထဲက တစ်ဦးဖြစ်တဲ့ ဒန်နီရယ်လာဆိုသူက အမည်မဖော်လိုသူ အကောင့်ကနေ သူ့ရဲ့ဇာတ်လမ်းကို မျှဝေခဲ့ပြီး ၂၀၁၄ခုနှစ်က ဂျက်စတင်က သူ့ကို မတရားကျင့်ခံရတယ်လို့ စွပ်စွဲပြောဆိုခဲ့ပါတယ်။ သူ့ပြောစရာအရဆိုရင် အဲဒီဖြစ်ရပ်ဟာ ၂၀၁၄ခုနှစ် မတ်လ (၉) ရက်နေ့က အော်စတင်မြို့မှာ ဂျက်စတင်ရဲ့မန်နေဂျာ စကူတာ ဘရာအန် ကျင်းပတဲ့ ပွဲအသေးစားတစ်ခုမှာဖြစ်ပျက်ခဲ့တာဖြစ်ပါတယ်။ အဲဒီအချိန်တုန်းက ဂျက်စတင်ဘီဘာ သီချင်းဆိုမယ့်နေရာကို ဒန်နီရယ်လာက သူ့သူငယ်ချင်း (၂) ယောက်နဲ့ တက်ရောက်ခဲ့တာပါ။

“တစ်ညလုံး သူငယ်ချင်းတွေနဲ့ ပွဲမှာပျော်ရွှင်နေတုန်း အမျိုးသားတစ်ယောက်က သူတို့ဆီချဉ်းကပ်လာပြီး ရှိုးပွဲပြီးတဲ့အထိ စောင့်ပေးမလားလို့ ကျွန်မတို့ကို တောင်းဆိုခဲ့တာပါ။ ကျွန်မတို့ကလည်း ရတယ်လေလို့ ပြန်ပြောခဲ့တာပါ”လို့ တွစ်တာအကောင့်မှာ ရေးသားထားပါတယ်။ အဲဒီနောက်မှာ ဒန်နီရယ်လာနဲ့ သူ့သူငယ်ချင်း (၂) သီးတို့က Four Seasons Hotel မှာ ဂျက်စတင်နဲ့ တွေ့ဆုံခဲ့ကြပါတယ်။ “သူက ကျွန်မကို အခြားအခန်းထဲ ခေါ်သွားခဲ့ပါတယ်။ ဂျက်စတင်က အခြားသူတွေကို ဘာမှမပြောဖို့ သဘောတူညီချက်တောင်းခဲ့ပါတယ်။ အခြားသူတွေကို ကျွန်မပြောမယ်ဆိုရင် ဥပဒေအရ ပြင်းပြင်းထန်ထန် ဒုက္ခရောက်နိုင်တယ်လို့ ပြောပါတယ်”လို့လည်း ရေးသားထားပါတယ်။ ဒန်နီရယ်လာက ဂျက်စတင်ဟာ သူ့ကို ဘယ်လိုအတင်းအကျပ် ခိုင်းခဲ့တယ်ဆိုတာကိုလည်း အသေးစိတ် ရေးသားထားပါသေးတယ်။ အခုတော့ ဒန်နီရယ်လာ တွစ်တာအကောင့်မှာ တင်ထားတဲ့ပို့စ်ကလည်း ဖယ်ရှားပစ်လိုက်ပါပြီ။

ဒန်နီရယ်လာရဲ့စွပ်စွဲချက်ပို့စ်ဟာ လူမှုကွန်ယက်အကောင့်မှာ ပျံ့နှံ့သွားပြီးတဲ့နောက်မှာ စကူတာ ဘရာအန်ရဲ့ SB Project ရဲ့ဥက္ကဌက ဒန်နီရယ်လာရဲ့ဇာတ်လမ်းက မဖြစ်နိုင်ဘူးလို့ အင်စတာဂရမ်ကနေ စာရေးသားထားပါတယ်။ “မတ်လ ၉ ရက်နေ့က ပွဲပြီးတော့ ဂျက်စတင်က ကျွန်တော် နေထိုင်နေတဲ့ Airbnb မှာ ရှိနေခဲ့ပါတယ်။ အော်စတင်မြို့မှာ ဂျက်စတင် ဟိုတယ်ကြိုတင် အခန်းယူထားတာကလည်း နောက်နေ့ညမှာ ရခဲ့တာပါ။ Westin မှာပါ။ Four Seasons မှာမဟုတ်ပါဘူး။ ဒါကြောင့် ဒါ လုံးဝမဖြစ်နိုင်ပါဘူး။ ဒီကိစ္စနဲ့ပတ်သက်ပြီး တုံ့ပြန်ပြောဆိုဖို့ အချိန်အရမ်းကြာသွားတဲ့ အတွက်တောင်းပန်ပါတယ်။ ကျွန်တော်တို့ကို လေးစားစေချင်ပါတယ်။ သတင်းအမှန်ကို ဖော်ပြပေးစေချင်ပါတယ်”လို့ ရေးသားထားပါတယ်။

တွစ်တာမှာ ဒန်နီရယ်လာရဲ့ ပို့စ်ပြီးတော့ Influencer ဖြစ်တဲ့ ကာဒီဆိုတဲ့ အမျိုးသမီးကလည်း ဂျက်စတင်က သူ့ကို လိင်ပိုင်းဆိုင်ရာနှောင့်ယှက်စော်ကားခဲ့တယ်လို့ စွပ်စွဲပြောဆိုလာပြန်ပါတယ်။ “ကျွန်မ ဒန်နီရယ်လာကို ယုံတယ်”လို့ သူ ရေးသားပြီး ၂၀၁၅ခုနှစ်က ဖြစ်ပျက်ခဲ့တဲ့ဖြစ်ရပ်ကို ထုတ်ပြောပြခဲ့ပါတယ်။ “၂၀၁၅ခုနှစ် မေလ ၄ ရက်နေ့ ညနေ့ခင်းမှာ ဂျက်စတင် နယူးယောက်ခ်ကို ရောက်နေတုန်း ဓာတ်ပုံရိုက်ချင်တဲ့အတွက် သွားတွေ့ခဲ့ပါတယ်။ မေလ ၄ ရက်နေ့ ညနေ့ခင်းကနေ မေလ ၅ ရက်နေ့ မနက်ခင်းအထိ စောင့်ဆိုင်းရင်း နယူးယောက်မြို့မှာ ဂျက်စတင်ရဲ့ဘောဒီဂတ်နဲ့ ဟိုတယ်အပြင်ဘက်မှာ တွေ့ခဲ့ပါတယ်။ သူက ကျွန်မကို တွေ့ပြီး ကျွန်မရဲ့ဖုန်းနံပါတ်မယူဘဲ သူ့ဖုန်းနံပါတ်ကိုပဲ ကျွန်မကို ပေးခဲ့ပါတယ်”လို့ ကာဒီက ပြောပါတယ်။

အဲဒီနောက် သူနဲ့ဂျက်စတင်တို့ စကားစမြည်းပြောဖြစ်ခဲ့တယ်ဆိုတာကိုလည်း ထုတ်ပြောပြခဲ့ပါတယ်။ “ကျွန်မကို သူ့နားကပ်လာဖို့ပြောခဲ့ပါတယ်။ ကျွန်မ သူ့နားကပ်တော့ ကျွန်မရဲ့လက်ကိုဆွဲပြီး အတင်းဆွဲခေါ်ပါတယ်။ ကျွန်မ သန့်စင်ခန်းသွားတော့လည်း ကျွန်မနောက်လိုက်လာပြီး အိပ်ခန်းဘယ်ဖက်မှာရှိတဲ့ တံခါးကို ပိတ်ပစ်ခဲ့ပါတယ်။ ကျွန်မက ဘာလုပ်နေတာလဲလို့ မေးတော့ သူ ပြောပြပါမယ်လို့ ကျွန်မကို ပြောတယ်”လို့လည်း ကာတီက ပြောထားပါတယ်။ အဲဒီနောက် ဂျက်စတင်ရဲ့ရုပ်ပိုင်းဆိုင်ရာကြိုးစားမှုကို ဘယ်လိုငြင်းဆိုခဲ့ရတယ်ဆိုတာကိုလည်း ပြောပြခဲ့ပါတယ်။ သူ့ကို မတရားကျင့်ဖို့ကြိုးစားတော့ သူ့ကို ကန်ပြီး ပြေးထွက်ခဲ့တယ်လို့ ကာတီက ပြောပါတယ်။

ကာတီကို ဇာတ်လမ်းလုပ်ပြီး ပြစ်တင်စွပ်စွဲတယ်ဆိုပြီး တုံ့ပြန်ပြောဆိုမှုတွေရှိနေပါတယ်။ ဂျက်စတင်ကလည်း တွစ်တာအကောင့်မှာ ဒီစွပ်စွဲပြောဆိုမှုတွေကို တုံ့ပြန်ဖြေရှင်းထားပါတယ်။ ဥပဒေအရ လုပ်ဆောင်သွားမယ်လို့လည်း ဂျက်စတင်က ပြောထားပါတယ်။

Ref: Justin Bieber accused of sexual assault by two women

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top