ခြိမ်းခြောက်မှု၊ နှောင့်ယှက်မှုတွေကို တရုတ်မင်းသားချန်ရိ ရင်ဆိုင်ခဲ့ရပြီးနောက် အေဂျင်စီက အရေးယူဆောင်ရွက်မှုတွေလုပ်ဆောင်နေ

china.jpg

Love and Redemption “ကျိန်စာပြယ်သော သစ္စာတရား” ဇာတ်လမ်းတွဲနဲ့ “စီဖုန်း” အဖြစ် မြန်မာပရိသတ်တွေ သိကြတဲ့ မင်းသားချန်ရိနဲ့ သူ့မိသားစုဟာ မကြာသေးခင်က အသရေဖျက်တာ၊ နောက်ယောင်ခံလိုက်တာ၊ ခြိမ်းခြောက်တာ၊ နှောင့်ယှက်တာတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ အဲ့ဒါကြောင့် သူ့ရဲ့အေဂျင်စီက “ဒီပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ချင်းတွေက မင်းသားရဲ့ကိုယ်ရေးကိုယ်တာအချိန်ဇယားကို တရားမဝင်ရယူပြီး နောက်ယောင်ခံလိုက်တာ၊ ခြောက်လှန့်တာ၊ လမ်းတွေပေါ်မှာ ဟန့်တားတာ၊ စီးလာတဲ့ယာဉ်ကို ရပ်တန့်ဖို့ အတင်းအကျပ်ကြိုးစားတာအပါအဝင် လုပ်ရပ်တွေမှာ ပါဝင်ပတ်သက်ခဲ့တယ်”လို့ ဇန်နဝါရီ ၁၄ ရက်နေ့က ထုတ်ပြန်ပြောကြားခဲ့ပါတယ်။

ဒီလုပ်ရပ်တွေက ချန်ရိနဲ့ သူ့ဝန်ထမ်းတွေရဲ့အလုပ်ကို ပြင်းထန်စွာထိခိုက်စေခဲ့တယ်လို့လည်း ပြောကြားထားပါတယ်။ ကျူးလွန်သူတွေက ချန်ရိရဲ့ သတ်မှတ်ထားတဲ့ကားပါကင်ထဲဝင်ရောက်ပြီးတော့ မင်းသားရဲ့ကားပေါ်ကို အနီရောင်ဆေးတွေပက်ဖျန်းကာ အခြေအမြစ်မရှိတဲ့စကားလုံးတွေလည်း ရေးသားခဲ့တယ်လို့ သိရပါတယ်။

ချန်ရိက အမည်မသိသူတွေဆီကနေ ခြိမ်းခြောက်တဲ့ Email တွေကို လက်ခံရရှိနေခဲ့ပါတယ်။ ရဲတွေက ဒီကိစ္စကို ကိုင်တွယ်ဖြေရှင်းနေစဉ် ကျူးလွန်သူတွေက သူတို့ရဲ့စိတ်ခံစားချက်ကို မထိန်းချုပ်နိုင်တော့ဘဲ “လုပ်လေ…လုပ်ရဲရင် တရားစွဲလိုက်လေ”ဆိုတဲ့ ခြိမ်းခြောက်မှုတွေလည်းလုပ်ခဲ့ပါတယ်။

ချန်ရိရဲ့အေဂျင်စီက ဖြစ်လာနိုင်တဲ့အန္တရာယ်တွေကို အလေးပေးဖော်ပြခဲ့ပြီး နောက်ထပ်အန္တရာယ်တွေကို ကြိုတင်ကာကွယ်နိုင်မယ့် လိုအပ်တဲ့အစီအမံတွေကို တောင်းဆိုခဲ့ပါတယ်။ မင်းသားရဲ့တရားဝင်အခွင့်အရေးနဲ့ အကျိုးစီးပွားတွေကို ကာကွယ်ဖို့ တရားဥပဒေဆိုင်ရာနည်းလမ်းတွေကိုလည်း အသုံးပြုသွားမှာဖြစ်ပါတယ်။

ချန်ရိကို မြန်မာပရိသတ်တွေက Love and Redemption (ကျိန်စာပြယ်သော သစ္စာတရား)၊ Immortal Samsara (နတ်ဘုရားရဲ့ကြာပွင့်ငယ်) ဇာတ်လမ်းတွဲတွေနဲ့ သိကြပါတယ်။ သူ့ကို အငိုမင်းသားအဖြစ်လည်း သိကြပါတယ်။ သူ ရိုက်သမျှ ဇာတ်လမ်းတွဲလိုလိုက ဇာတ်သိမ်းမလှတာများပါတယ်။ ၂၀၂၅ ခုနှစ်ထဲမှာ ဇာတ်လမ်းတွဲ ၃ ကား (The Journey of Legend၊ Sword and Beloved၊ The Vendetta of Ann) ထွက်ရှိခဲ့ပြီး ၃ ကားလုံးမှာ သူ သရုပ်ဆောင်ခဲ့တဲ့ ဇာတ်ကောင်တွေကလည်း ဇာတ်သိမ်းမလှတာချည်းပါပဲ။

Ref: Agency takes action after Chinese actor Cheng Yi victimised by threats, harassment, vandalism

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top