ရိုးတွင်းခြင်ဆီအလှူရှင်ရှာဖို့ သူငယ်ချင်းဖြစ်သူ ဂျေဆင်မိုမိုအာဆီက အကူညီရခဲ့တဲ့ ကလေး (၃) ယောက်ဖခင်

25-8-2022-yyl-16.jpg

ရိုးတွင်းခြင်ဆီအလှူရှင်ရှာဖို့ သူငယ်ချင်းဖြစ်သူ ဂျေဆင်မိုမိုအာဆီက အကူညီရခဲ့တဲ့ ကလေး (၃) ယောက်ဖခင်

မကုရင် ပိုဆိုးရွားလာနိုင်တဲ့ သွေးကင်ဆာရောဂါ (Acute Myeloid Leukemia) ကို ခံစားနေရတာ (၇) နှစ်ရှိပြီဖြစ်တဲ့ ထရာဗစ် ဆိုင်ဒါဆိုသူက အသက်ရှင်နေထိုင်နိုင်ဖို့အတွက် တိုက်ပွဲဝင်ရင်း ရိုးတွင်းခြင်ဆီအလှူရှင်ကို ရှာနေရတာပါ။ သူက ရေဘုရင်အဖြစ် လူသိများတဲ့ မင်းသား ဂျေဆင်မိုမိုအာရဲ့သူငယ်ချင်းလည်းဖြစ်ပါတယ်။

ထရာဗစ်ဟာ၂၀၁၅ ခုနှစ်က သွေးကင်ဆာရောဂါရှိတယ်ဆိုတာသိခဲ့ရပြီးနောက် မကြာခင်မှာပဲ ဟာဝိုင်ယီပြည်နယ်မှာ ဂျေဆင်မိုမိုအာနဲ့ဆုံခဲ့ကြတာပါ။ အဲဒီကတည်းက သူတို့ ခင်မင်ရင်းနှီးလာခဲ့ကြပါတယ်။ အခုဆို ဂျေဆင်မိုမိုအာက သူ့သူငယ်ချင်းဖြစ်သူ ထရာဗစ်အတွက် ရိုးတွင်းခြင်ဆီအလှူရှင်ကို ကူညီရှာဖွေပေးနေပါတယ်။ ဂျေဆင်က ထရာဗစ်ရဲ့အကြောင်းကို အင်စတာဂရမ်မှာ မျှဝေခဲ့ပြီး ရိုးတွင်းခြင်ဆီအလှူရှင်ဖြစ်လာဖို့အတွက် Be The Match (ရိုးတွင်းခြင်ဆီရှာဖွေပေးတဲ့ အဖွဲ့အစည်း) မှာ စာရင်းသွင်းကြဖို့လည်း လူမှုကွန်ယက်အသုံးပြုသူတွေကို တိုက်တွန်းခဲ့ပါတယ်။

ထရာဗစ်ကလည်း ဂျေဆင် ကူညီပေးနေတာနဲ့ပတ်သက်ပြီး အခုလို ပြောပါတယ်။ “သူက ကျွန်တော့်အတွက် အမြဲရှိနေပေးတဲ့ သူငယ်ချင်းတစ်ယောက်ပါ။ ကျွန်တော် စာရင်းသွင်းတဲ့အကြောင်းကို ပြောတော့ သူက ကျွန်တော့်ကို စိတ်ဆိုးပြီး ဘာလဲ…မင်း ဘာလို့ ငါ့ကို အရင်က မပြောပြခဲ့တာလဲတဲ့။ ရိုးတွင်းခြင်ဆီအလှူရှင်အဖြစ် စာရင်းသွင်းတာနဲ့ပတ်သက်ပြီး လူတွေသိပ်မသိကြတဲ့ ပြဿနာကို နားလည်လိုက်တဲ့အခါမှာ သူ ခြေဆုံပစ်ပြီးတော့ ကျွန်တော့်ကို ကူညီပေးခဲ့တာပါပဲ။ သူ့ကို ကျွန်တော် တကယ်ချစ်တယ်။ သူ့ရဲ့ပံ့ပိုးမှုနဲ့ အသိပညာပေးတာတွေအတွက် ကျေးဇူးတင်တယ်”

ဂျေဆင်မိုမိုအာနဲ့အတူ မြင်တွေ့ရတဲ့ ထရာဗစ် ဆိုင်ဒါတို့မိသားစု

ကလေး (၃) ယောက်အဖေ ထရာဗစ်ဟာ အရင်တုန်းကတော့ ကျန်းမာရေးကောင်းမွန်ပြီး ရေကူး၊ စက်ဘီးစီးနဲ့အပြေးပြိုင်ပွဲတွေမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာပါ။ လန်ဒန်မြို့ကို အလုပ်ကိစ္စနဲ့ ခရီးထွက်တဲ့အချိန်မှာ နာကျင်ကိုက်ခဲတာနဲ့ နာမကျန်းဖြစ်တာကို စတင်ခံစားရပါတယ်။

သူ သွေးကင်ဆာရောဂါရှိတယ်ဆိုတာကို စစ်ဆေးတွေ့ရှိခဲ့ပြီးတဲ့နောက်မှာ သူ့နဲ့ ကိုက်ညီတဲ့ ရိုးတွင်းခြင်ဆီအလှူရှင်ကို ရှာမတွေ့ခဲ့တာကြောင့် ဆရာဝန်တွေက သူ့ကို ဓာတုကုထုံးနည်းနဲ့ ကုပေးခဲ့ရပါတယ်။ ထရာဗစ်က (၃) နှစ်လောက် ရောဂါသက်သာသွားခဲ့ပေမဲ့ ၂၀၁၈ ခုနှစ်မှာ ရောဂါပြန်ထခဲ့ပါတယ်။ သူနဲ့ ကိုက်ညီတဲ့ ရိုးတွင်းခြင်ဆီအလှူရှင်ကို မတွေ့ပေမဲ့ သူ့ရဲ့အစ်ကိုဖြစ်သူနဲ့ တစ်ဝက်လောက်ကိုက်ညီတာကြောင့် ရိုးတွင်းခြင်ဆီအစားထိုးကုသမှုကို ခံယူခဲ့ပါတယ်။

ဒါပေမဲ့ အခုနှစ် မတ်လမှာ ရောဂါပြန်ထခဲ့ပြီး နောက်ထပ် ရိုးတွင်းခြင်ဆီအလှူရှင်ရှာရပြန်ပါတယ်။ ဆရာဝန်တွေက ထရာဗစ်အတွက် ကိုက်ညီတဲ့ရိုးတွင်းခြင်ဆီအလှူရှင်ကို ရှာမတွေ့တာကြောင့် ရိုးတွင်းခြင်ဆီအလှူရှင်အဖြစ် စာရင်းသွင်းတဲ့ လူတွေ ပိုမိုများပြားလာဖို့နဲ့ အလှူရှင်တွေလိုအပ်နေတဲ့အကြောင်း အသိပညာတွေမြှင့်တင်အောင် ထရာဗစ်ကို လှုံ့ဆော်ပေးနေပါတယ်။

ထရာဗစ်ဆိုင်ဒါတို့မိသားစု

ထရာဗစ်က ရိုးတွင်းခြင်ဆီလှူဒါန်းမှုကို အင်္ဂါအစိတ်အပိုင်းလှူဒါန်းတာသလို လူသိများတဲ့အရာအဖြစ် မြင်ချင်တယ်လို့ ဆိုပါတယ်။ သူ့မစ်ရှင်ရဲ့အဓိကအပိုင်းက ရိုးတွင်းခြင်ဆီအလှူရှင်အဖြစ် စာရင်းသွင်းရတဲ့အကြောင်းနဲ့ စာရင်းသွင်းတာရော ရိုးတွင်းခြင်ဆီလှူဒါန်းတာရော နှစ်ခုလုံးက ဘယ်လောက်လွယ်တယ်ဆိုတာကို လူတွေသိလာအောင် လုပ်ဖို့ပါပဲ။

ရိုးတွင်းခြင်ဆီလှူဒါန်းတဲ့လုပ်ငန်းစဉ်က သွေးလှူဒါန်းတာနဲ့ ဆင်တူပြီး ရိုးတွင်းခြင်ဆီက လှူဒါန်းဖို့ အလွယ်ကူဆုံးကိုယ်တွင်းအင်္ဂါဖြစ်တယ်လို့ ထရာဗစ်ရဲ့ဆရာဝန် ဒေါက်တာ ဂါရီ ဆချီလာက ပြောပါတယ်။ ထရာဗစ်ကတော့ ကမ္ဘာပေါ်က တစ်စုံတစ်ယောက်ဟာ သူ့အသက်ကို ကယ်တင်ပေးမယ့်သူဖြစ်လာမယ်ဆိုတဲ့ အသိနဲ့ အလှူရှင်တွေ့ဖို့ စောင့်ဆိုင်းနေပါတယ်။

Ref: ABCNews “Dad of 3 gets help from Jason Momoa in race to find bone marrow donor”

WL(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top