တစ်ခါက စက်ရုံမှာ အလုပ်လုပ်တဲ့ လူငယ်လေးကို သူ့ဆရာက မှာတယ်။ ”အပြောကို လျှော့ပြီး အလုပ်ကိုသာ ဖိလုပ် ငါ့တပည့်။ ဘယ်အပိုင်းမဆို လုပ်တတ်အောင် လေ့လာပါ”တဲ့။ သူ့ဆရာက စက်ရုံမှာ နည်းပညာပိုင်း တာဝန်ယူရသူ။ ဒီလိုနဲ့ ကာလရွေ့လျားပြီး ၁၀ နှစ်ကြာတော့ ဆရာဖြစ်သူက အလုပ်ကနေ အနားယူသွားတယ်။ လူငယ်လေးကတော့ သူ့ဆရာနေရာကို အစားဝင်ရတာပေါ့။ သူ့ဆရာ မှာတဲ့အတိုင်း အလုပ်ကိုပဲ အာရုံစိုက် လုပ်ပါသတဲ့။
ဒါပေမဲ့ တစ်နေ့မှာတော့ သူ ပြောချင်တာတွေကို ရင်ဖွင့်ဖို့ ဆရာ့ထံ အလည်သွားတယ်။ ” ဒီနှစ်တွေထဲမှာ ဆရာ သွန်သင်တဲ့အတိုင်း ကျွန်တော် တသဝေမတိမ်း လိုက်နာခဲ့ပါတယ် ဆရာ။ စက်ရုံအတွက်လည်း ကြိုးကြိုးစားစား လုပ်ပေးပါတယ်။ ဒါပေမဲ့ ကျွန်တော့်လောက် မတတ်တဲ့သူတွေတောင် ရာထူးတွေ တိုးကုန်ကြပြီး ကျွန်တော်ကတော့ ဒုံရင်း ဒုံရင်းပဲ ဖြစ်နေတာ ဘာကြောင့်မှန်း နားမလည်ဘူး ဆရာရယ်။ ရာထူးရော၊ လစာရော အရင်အတိုင်းပဲ”
” မင်းကိုယ်မင်း စက်ရုံမှာ မရှိမဖြစ် အရေးပါတဲ့သူလို့ ယုံကြည်ပြီလား ငါ့တပည့်”
”ဟုတ်ကဲ့ ယုံကြည်ပါတယ် ဆရာ”ဆရာလုပ်သူက ချီတုံချတုံ စဉ်းစားရင်း ခဏကြာတော့ ” ဒါဆိုလည်း အကြောင်းတစ်ခုခုပြပြီး ခွင့်ယူကြည့်ကွာ”လို့ ပြောလိုက်တယ်။ကြားကြားချင်း အံ့အားသင့်သွားတဲ့ တပည့်ကလည်း တဖြည်းဖြည်း သဘောပေါက်သွားပုံရပြီး သူ့ဆရာကို ကျေးဇူးတင်စကားဆိုကာ ကောက်ခါငင်ခါ ထပြန်သွားခဲ့တယ်။
ခွင့်ယူပြီး သူ အလုပ်ပြန်ဆင်းတော့ စက်ရုံမန်နေဂျာက သူ့ကို ခေါ်တွေ့တယ်။ သူ ခွင့်ယူထားတဲ့ ရက်အတွင်း စက်ရုံမှာ ကသောင်းကနင်းတွေ ဖြစ်ကုန်တယ်။ ပုံမှန်ဆိုရင် ပြဿနာတစ်ခုခု ကြုံလာတာနဲ့ သူက ဒိုင်ခံရှင်းပေးနေကြ။ ဒါပေမဲ့ သူ မရှိတဲ့အချိန်မှာ တခြားသူတွေက သူ့လို ကျွမ်းကျွမ်းကျင်ကျင် မဖြေရှင်းနိုင်ကြဘူး။ ဒါကြောင့်ပဲ သူ့တန်ဖိုးကို သိသွားပြီး မန်နေဂျာက ရာထူးတိုးပေးဖို့ ခေါ်ပြောတာ။
လူငယ်ကတော့ သူ့ဆရာကို စိတ်ထဲကနေ ကျေးဇူးတင်နေပြီး ”ဒါက အောင်မြင်မှုလျှို့ဝှက်ချက်ပဲ”လို့ ထင်သွားတယ်။ အလုပ်ထဲမှာ သူ တောင်းဆိုစရာ တစ်ခုခုရှိရင်လည်း ခွင့်ယူပြီး တောင်းဆိုတဲ့နည်းကိုချည်း သူ သုံးတော့တာပဲ။ သူ တောင်းဆိုတဲ့အတိုင်းလည်း ရတယ်။
ဒီလိုနဲ့ တစ်ရက်မှာတော့ သူ့ကို အလုပ်ဖြုတ်လိုက်တဲ့အကြောင်း စက်ရုံမန်နေဂျာက ခေါ်ပြောတယ်။ သူလည်း မယုံနိုင်လောက်အောင် ဖြစ်သွားတယ်။ ဝမ်းနည်းစိတ်ပျက်နေပြီး ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိတဲ့ လူငယ်လေးဟာ သူ့ဆရာဆီ ရောက်သွားတော့တာပေါ့။
” ကျွန်တော် အလုပ်ပြုတ်သွားပြီ ဆရာ။ ဆရာ သင်ပေးတဲ့အတိုင်းပဲ လုပ်ခဲ့တာပဲလေ။ ဘာကြောင့် ကျွန်တော် အလုပ်ဖြုတ်ခံရတာလဲ”လို့ မကျေမနပ် မေးခွန်းထုတ်ပါသတဲ့။
” မင်းက ငါ သွန်သင်တဲ့အတိုင်း လုပ်ခဲ့တာမှ မဟုတ်တာ။ ငါပြောမယ့် သင်ခန်းစာကိုတောင် တစ်ဝက်တစ်ပျက်ပဲ နားထောင်သွားတာလေ”
” ဗျာ . . . တစ်ဝက်တစ်ပျက် ဟုတ်လား ဆရာ”
” အေး . . . . .မင်းစိတ်ထဲမှာ ထင်သွားတာက အမြဲတမ်းလင်းနေတဲ့ မီးလုံးတစ်လုံးကို ဘယ်သူကမှ အရေးမစိုက်ကြဘူး၊ တန်ဖိုးထားရကောင်းမှန်း မသိကြဘူး။ မီးလုံးကျွမ်းသွားတော့မှ/မလင်းတော့မှ မီးလုံးတန်ဖိုးကို နားလည်ကြမှာလို့ အဓိပ္ပာယ်ကောက်ခဲ့တာမလား။ မင်း အဓိပ္ပာယ်ကောက်တဲ့အတိုင်း ချက်ချင်းလုပ်ဖို့ စိတ်အားထက်သန်နေခဲ့တာလေ။ ဆက်ပြောမယ့်စကားကိုတောင် မင်း ဆုံးအောင် နားထောင်မသွားခဲ့ဘူး”
” ဆရာ ဆက်ပြောမယ်ဆိုတာ . . .”
” အေး နောက်ဆက်ပြောမယ့် စကားက ပထမပြောခဲ့တာထက် ပိုအရေးကြီးတာကွ။ မီးလုံးက ခဏခဏ မှိတ်တုပ်မှိတ်တုပ် ဖြစ်နေရင် အနှေးနဲ့အမြန်ဆိုသလိုပဲ အဲဒီမီးလုံးကို တခြားမီးလုံးနဲ့ လဲပစ်ကြမှာပေါ့။ အလင်းရောင် ကောင်းကောင်းမပေးနိုင်တဲ့ မီးလုံးမျိုးကို ဘယ်သူက လိုချင်မှာလဲ”လို့ ဆရာလုပ်သူက တဖြည်းဖြည်းချင်း ပြောလိုက်ပါသတဲ့။
သင်ခန်းစာ – ဘဝမှာ ကိုယ့်ဘေးနားအမြဲရှိနေသူတွေရဲ့ တန်ဖိုးကို မေ့လျော့မနေသင့်ပါဘူး။ သူတို့တွေ မရှိတော့ချိန်မှ သူတို့တန်ဖိုးကို နားလည်မယ်ဆိုရင် နောင်တရမိရုံသာ ရှိပါလိမ့်မယ်။ ဒါကြောင့် ရှိနေစဉ်မှာ တန်ဖိုးထားပါ။ သင်ကိုယ်တိုင်လည်း သင့်တန်ဖိုးကို မေ့လျော့ခံရတဲ့အထိ မနေမိပါစေနဲ့။ ဘဝမှာ ဟန်ချက်ညီညီ လှမ်းလျှောက်ပါ။ ဟန်ချက်ညီတဲ့အကျိုးကို တစ်နေ့ ပြန်ခံစားခွင့်ရမှာပါ။
NZ (ရိုးရာလေး)