ခန္ဓာကိုယ်အရှက်ခွဲခြင်းကိုဘယ်လို ကျော်ဖြတ်ကြမလဲ…။

mother-giving-salad-instead-of-pizza-to-PB6PSQT.jpg

မိမိတို့နေ့တိုင်းကြားဖူးကြမယ်ထင်တယ်။ “နင်တော်တော်ဝလာတယ်နော်” “နင်ပိန် သွားလိုက်တာ” “ဟဲ့အသားတွေမဲလာလိုက်တာ” “ဘာတွေစားလို့ ဒီ လောက်ပုံတွေ ပျက် သွားလဲ” စတဲ့ စတဲ့ အခြားသော နားနဲ့ မဆန့်တဲ့ ခန္ဓာကိုယ်အရှက်ခွဲခြင်းကို လူတိုင်းကြုံဖူးကြမယ်လို့ထင်ပါတယ်။ ဒီလို အရှက်ခွဲခြင်းခဲ့ရမှုကတစ်ကြောင်း၊ နောက်ပြီး မိမိရဲ့ ဖြစ်တည်မှုကိုမိမိကိုယ်တိုင်လည်း တန်ဖိုးထားမှုတွေ လျှော့နည်းနေကြတာ က တစ်ကြောင်း ဖြစ်ပါတယ်။

ကျွန်တော်တို့ လူ့အသိုင်းအဝိုင်းမှာလည်း ယဉ်ကျေးမှုတစ်ခုက မိမိတို့ပိုင်ဆိုင်ထားတဲ့ ခန္ဓာကိုယ်ကို လွယ်လွယ်နဲ့ ချစ်ခင်နှစ်သက်ဖို့ စိတ်ကူးမရှိပါဘူး။ ဒီလိုတန်ဖိုးထား သိတတ်ဖို့ဆိုရင် နှစ်ပေါင်းများစွာ အခက်အခဲတွေကို ကျော်ဖြတ်ပြီးမှ ကိုယ်ပိုင်ဆိုင်ထားတဲ့ ခန္ဓာကိုယ်ကို ချစ်ခင်တတ်မှု၊ လက်ခံတတ်မှု နဲ့ ဂရုဏာထားတတ်မှုတွေ ဖြစ်ပေါ်လာကြပါတယ်။ တကယ်တော့ မိမိကိုယ်ကို လက်ခံမှုဆိုတာမလွယ်ပါဘူး။ မိမိကိုယ်ကိုတန်ဖိုးထားလာတတ်မှု၊ လူ့အသိုင်းအဝိုင်းအနေနဲ့ အားပေးနှစ်သိမ့်မှုလိုအပ်ပြီး တစ်ဖက်မှာလည်း မိမိတို့ လုပ်သင့်တာကတော့ ခန္ဓာကိုယ်အရှက်ခွဲခြင်းကို ပပျောက်ကင်းစင်အောင်လုပ်ဖို့ လိုအပ်ပါတယ်။ ဒါမှလည်းအချင်း ချင်းကူညီရာ ရောက်မှာဖြစ်ပါတယ်။

ခေတ်သစ်ကမ္ဘာကြီးရဲ့ ထိုးနက်ချက်ကတော့၊ အင်တာနက်၊ ဆောင်းပါး၊ ဘလော့ဂ်၊ ဗီဒီယို နဲ့ ကြော်ငြာထဲက ရုပ်ပုံတွေဟာ မိမိတို့ ကို ဒီလိုဒီပုံ နေထိုင်သင့်တယ်ဆိုပြီး အမြဲတမ်း သတင်းစကားတွေနဲ့ တွန်းအားပေးလေ့ရှိပါတယ်။ နေ့တိုင်း သတင်းဆောင်း ပါးတွေထဲမှာ သင့်အနေနဲ့ ခန္ဓာကိုယ်သေးသွယ်သင့်တယ်၊ ဘယ်လိုဘယ်ပုံနေ ထိုင်သင့်လဲဆိုတာကို နားနဲ့ မဆံ့အောင် ရေးသား တိုက်တွန်းနေကြတယ်။ ဒီလိုနဲ့ မိမိတို့ သတိမထားမိတာက ထိုတွန်းအားတွေကြောင့် မိမိပိုင်ဆိုင်ထားတဲ့ ခန္ဓာကိုယ်ဟာ ပုံပန်းပျက်နေပြီးမလှတော့ဘူး ထင်လိုက်ကြပါတယ်။

လူမှုအသိုင်းအဝိုင်းအနေနဲ့လည်း ခန္ဓာကိုယ်အရှက်ခွဲခြင်း ကို အရိုးစွဲနေအောင် လုပ်ထား လို့ မသိရင် အမှန်လို့တောင်ထင်နေကြပါတယ်။ တကယ်တော့မှား ပါတယ်။ သင့်အနေနဲ့ အများလက်ခံထားတဲ့ သေးသွယ်တဲ့ခန္ဓာကိုယ် အတိုင်း လိုက်ပြီးနေထိုင်စရာမလိုပါဘူး။

သို့သော်လည်း အချို့သော လူမှုအသိုင်းအဝိုင်းမှာတော့ မျိုးဆက်နဲ့ ချီပြီး နေထိုင်စားသောက်ကျင့်ကြံမှုကို အယူသည်းကြတယ်။ ဒီလိုပုံစံနေမှ၊ ဒီလိုဝတ်တာ စားတာ လုပ်မှ ဆိုပြီးတော့ ယူဆထားကြတယ်။ ဥပမာအားဖြင့် ကလေးတွေကို ရုပ်ပုံသဏ္ဍာန်ပြောင်းခိုင်းတာ၊ ဝအောင်မနေသင့်တာ၊ တစ်အားပိန်အောင်မနေသင့်တာ ဒီလိုဆိုမှ ဟုတ်တာ စသည်ဖြင့် ပုံစံသွင်းခံတတ်ကြလေ့ရှိတယ်။ နောက်ပြီး အချို့သော မိသားစုများမှာတော့ ကလေးများကို ပုံစံမသွင်းပဲ မိဘများကိုယ်တိုင်ကလည်း ယင်းတို့ရဲ့ ခန္ဓာကိုယ်ကို မည်သို့မည်ပုံ ပြောင်းလဲနေထိုင်သင့်တယ်ဆိုပြီး ခံယူထားကြတယ်။ ဒီလိုကြောင့် ကလေးတွေကို မည်သို့မည်ပုံ ဘယ်လိုနေထိုင်ရမယ်ဆိုပြီး မပြောပေမယ့်လည်း မိဘတွေရဲ့ ထိုသို့လုပ်ဆောင်မှုများကြောင့် အများ ယူဆထားတဲ့ နည်းတူလို တထစ်ချနေထိုင်ရမယ်ဆိုတာကို သတင်းပေးနေတာနဲ့တူတူပါပဲ။

ငယ်စဉ်ကလေးဘဝကတည်းက ဖြစ်တည်မှုပေါ်အခြေခံပြီး အစ အနှောက်ခံလာခဲ့ကြတဲ့ ကလေးတွေဟာ တစ်ဘဝလုံး နာကျင်ခံစားရနိုင်ဖို့ရှိပါတယ်။ ကလေးများ အနေနဲ့ မိမိတို့ ဖြစ်တည်မှုကို လက်ခံတတ်လာဖို့ အပေါင်းအသင်းများကြားထဲ ယုံကြည်မှုရှိစွာနဲ့ လုံခြုံစွာနေထိုင်နိုင်ဖို့ အရေးကြီးပါတယ်။ အဘယ်ကြောင့်ဆိုသော် ကလေးများအနေနဲ့ ယင်းတို့ ရဲ့ ရုပ်ရည်ပုံပန်းသဏ္ဍာန်ကြောင့် ၀ိုင်းဝန်းကြဉ်ပယ်ထားခြင်းခံရမည်ဆိုပါက ယင်းတို့အသိမှာ ယင်းတို့ပိုင်ဆိုင်ထားတဲ့ ခန္ဓာကိုယ်၊အသုံးကျမှု၊ မိမိအပေါ်မိမိချစ်ခင်တတ်မှု တွေတစ်ဖြည်းဖြည်း လျှော့နည်းလာပြီး ဘာတစ်ခုမှ ကောင်းကွက်မရှိတော့ဘူးလို့ တထစ်ချထင်လာကြနိုင်ပါတယ်။ ဒီလိုနဲ့ ဘဝတစ်လျှောက် မိမိတို့ခန္ဓာကိုယ်ကို မည်သိုမည်ပုံ ပြောင်းလဲရမလဲဆိုတာ ကိုပဲ အာရုံစိုက်မိနေတတ်ပါတယ်။ ရလဒ်ကတော့ မိမိရဲ့ ဖြစ်တည်မှုတွေကို တန်ဖိုးထားမှု၊ မိမိကိုယ်မိမိအသုံးကျမှုတွေ တဖြည်းဖြည်း ပိုပြီးလျှော့နည်းလာကြတော့တာပါပဲ။

ဆက်လက်ပြီး မိမိဖြစ်တည်မှု ခန္ဓာကိုယ်အပေါ်မူတည်ပြီး ချစ်ခြင်း၊ကြိုက်ခြင်း ကိစ္စအဝဝကိုလည်း အတိုင်းထက်အလွန် သက်ရောက်မှုရှိစေသည်။ ဥပမာအားဖြင့် မိမိအနေနဲ့ အဝလွန်ခြင်း၊ အပိန်လွန်းနေခြင်းကလည်း လူမှုအသိုင်းအဝိုင်းမှာ ဝင်ဆန့်မှုမရှိကြတာတွေရှိပါတယ်။ ဒါ့အပြင် ထိုသို့ဝင်မဆန့်မှု၊ ထိုးနှက် နာမည်ခေါ်ဝေါ်ခြင်းခံနေရမှု၊ မိမိရဲ့ ယုံကြည်မှုတွေ၊ ခံစားချက်တွကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ထိကပါး ရိကပါး ခံရမှု စတဲ့ ခံပြင်းစရာကောင်းတဲ့ ခံစားမှုတွေကို ကြုံဆုံနေကြရလေ့ရှိပါတယ်။ ဒါကြောင့် ခန္ဓာကိုယ် ဝခြင်း၊ ပိန်ခြင်း၊ ဖြူခြင်း၊ မဲခြင်းဟာ ချစ်ခြင်းမုန်းခြင်းဆိုင်ရာမှာစိန်ခေါ်မှု ပြဿနာတွေရှိနေပါတယ်။

ခန္ဓာကိုယ်အရှက်ခွဲခြင်းကို ဖြေရှင်းဖို့ဆိုရင်တော့ မိမိတို့ရဲ့ ခန္ဓာကိုယ်ကို ပြုပြင်ထိန်းသိမ်းခြင်းက အဖြေလို့ထင်ကောင်းထင်နေကြမယ်။ အားလုံးက ပိန်သွားလိုက်မှ၊ ဝသွားလိုက်မှ၊ သေးသွယ်သွားလိုက်မှ၊ တောင့်တင်းကြံ့ခိုင်နေလိုက် မှ ဟု ဖြစ်သွားရင် နေရထိုင်ရ အဆင်ပြေကြမယ်လိုထင်ကြတယ်၊ ဒါဟာလည်း တစ်ခြားလူတွေရဲ့ ဖိအားတွေ၊ မိမိမြင်ရတာတွေကြောင့်လည်းဖြစ်ပါတယ်။ ထိုသို့သော ဆိုဒ်တွေ ဂိုက် တွေပြောင်းလဲသွားပြီးပဲထားပါဦး လောကကြီးက ပြောင်းလဲသွားပြီလို့ ထင်လို့ရမ လား…။ တကယ်စင်စစ်ပြောင်း လဲချင်ရင် ခန္ဓာကိုယ် ပုံပန်းသဏ္ဍာန်တွေထက် စိတ်နှလုံးပြောင်းလဲဖို့အလွန်အရေးကြီးပါတယ်။

အားလုံးမှတ်သားထားသင့်တဲ့အချက်က မိမိတို့ ခန္ဓာကိုယ်ဖြစ်တည်မှုကို အရှိကိုအရှိတိုင်း လက်ခံခြင်းဟာ ထိုခန္ဓာကိုယ်ကို ဖြစ်ချင်သလိုဖြစ်ဆိုပြီး ပစ်ထားတာမဟုတ်၊ ကျန်းမာရေးမလိုက်စားချင်တော့လို့လဲမဟုတ်။ တကယ်တော့ အမြဲတမ်းမိမိတို့ရဲ့ ခန္ဓာကိုယ်ကို နည်းမျိုးစုံနဲ့ ကျန်းမာအောင်လေ့ကျင့်ပေး နေလို့ရနေပါတယ်။ ဒါကြောင့်မိမိတို့အနေနဲ့ ခန္ဓာကိုယ်ပြောင်းလဲအောင် လုပ်ဆောင်ရာတွင် အရှိအတိုင်း စိတ်နစ်ကိုယ်နစ် အားတင်းပြီး သူများအပြစ်တင်ကဲ့ရဲ့မှုကြောင့်မဟုတ်ပဲ မိမိတို့ရဲ့ ကျန်းမာသော လူနေမှုဘဝကို ပိုင်ဆိုင်ချင်တဲ့အတွက်ကြောင့် ရှေ့ဆက်သွားပါက ပိုမိုပျော်ရွှင်ကြရမှာဖြစ်ပါတယ်။ လူအချို့ အတွက် ကတော့ ကိုယ့်ရဲ့ ဖြစ်တည်မှုကိုလက်ခံဖို့ အလွန်မဖြစ်နိုင်ကြပါဘူး။

သေချာတာတစ်ခုကတော့ အားလုံးမှာ မျှော်လင့်ချက်ကိုယ်စီနဲ့ မိမိတို့ သွားချင်တဲ့ ခန္ဓာကိုယ်အပြောင်းအလဲ ပန်းတိုင်ကိုသွားနိုင်ကြပါတယ်။ အဓိက တော့ စိတ်နဲ့ ကိုယ်နဲ့ ကပ်ဖို့ နဲ့ မိမိဖြစ်တည်မှုကို နားလည်လက်ခံနိုင်ဖို့အရေးကြီးပါတယ်။ နောက်ပြီး မိမိအနေနဲ့ သဘောထားကြီးစွာနဲ့ အရာတွေအပေါ်နားလည်လက်ခံတတ်ဖို့လည်းအရေးကြီးပါတယ်။

အောက်ပါအချက်တွေက သင့်အတွက် ခန္ဓာကိုယ်အရှက်ခွဲခြင်းကို ဖြတ်ကျော်စေနိုင် မယ့်နည်းတွေးပဲဖြစ်ပါတယ်။

၁။ လူမှုကွန်ယက်တွင် ကြိုက်နှစ်သက်ထားသင့်တဲ့ ဆိုဒ်တွေကိုရွေးချယ်ပါ။

မိမိဖြစ်တည်မှု ကို ခွန်အားပေးစေမယ့် သတင်း၊ ဝက်ဘ်ဆိုဒ်များ၊ ဖေ့ဘွတ်စာမျက်နှာများကို ရည်ရွယ်ချက်ရှိရှိ ရွေးချယ် ကြိုက်နှစ်သက်ထားသင့်ပါတယ်။ ဥပမာအားဖြင့် အပေါင်းလက္ခဏာဆောင်တဲ့ အင်စတာဂရမ်စာမျက်နှာများ၊ တွစ်တာ စာမျက်နှာများ၊ စတဲ့ မိမိစိတ်ဓာတ်မြှင့်တင်မှုကို ဆောင်ကြဉ်းပေးမယ်စာမျက်နှာများကိုသာ သတိတရ လိုက်ပါထားပါ။ ဂူဂဲလ် ရှာဖွေရေး အင်ဂျင် ကနေတစ်ဆင့်လည်း ထိုသို့သော ဖြစ်တည်မှုကိုလှုံ့ဆော်ပေးတဲ့ စာမျက်နှာများကို များစွာရှာဖွေ နိုင်ပြီး ခွန်အားရယူနိုင်ပါသေးတယ်။ ဥပမာ အားဖြင့် Ashley Graham, Roz The Diva, and Honor Curves တို့ကို လိုက်ကြိုက်နှစ်သက်ထားပါ။

အွန်လိုင်းပတ်ဝန်းကျင်မှာတော့ များသောအားဖြင့် ခန္ဓာကိုယ်ပြုပြင်ပြောင်းလဲမှုများနဲ့ ပြည့်နှက်နေပေမယ့် သင့်အနေနဲ့ ခန္ဓာကိုယ်ကို ပြုပြင်ထိန်းသိမ်းမှု စိတ်မရှိပါကလည်း ဖြစ်တည်မှုကိုလက်ခံထားကြတဲ့ အကောင့် များကိုသာ ရွေးချယ်လိုက်နှစ်သက်လုပ်ထားပါ။

၂။မိမိရဲ့ ခန္ဓာကိုယ်ဖြစ်တည်မှုကို လုံးဝလက်ခံနိုင်မယ်လို့ လက်ခံယုံကြည်ထားပါ။

မိမိအနေနဲ့ မဆုတ်မနှစ် အားတင်းပြီး မိမိဖြစ်တည်မှုကိုလက်ခံထားဖို့ဆိုလျှင် အယူအစွဲတွေကိုဖယ်ရှားထားပါ။ အတွေးအခေါ်သစ်တွေကိုလက်ခံထားပါ။ သင့်အပေါ်ထိုး နှက် လာမယ့် အသံတွေကို မူလိုက်လျှင် သင့်အတွက် အရှုံးကိုသာဦးတည်နေစေပါမယ်။ သို့သော်ထို ထိုးနှက်မှုတွေကနေတစ်ဆင့် ယူတတ်ရင် သင့် အတွက် တိုးတက်မှုရလဒ်ကောင်း တွေကို ရရှိစေနိုင်မှာဖြစ်ပါတယ်။ ထိုသို့သောတိုးတက်မှုများနဲ့ စတင်ပါက သင့်အနေနဲ့ ခံစားမှုကောင်းတွေရရှိစေမှာဖြစ်ပြီး ပိုမိုပြီး တိုးတက်မှုလုပ်ဆောင်လာနိုင်မှာဖြစ်တယ်။ သင့်အနေနဲ့မိမိဖြစ်တည်မှုကို သေချာမ လက်ခံလျှင် ဘယ်လိုနည်းစနစ်များမှ သင့်ကိုကူညီရာရောက်စေမှာမဟုတ်ပါဘူး။ ဒါကြောင့် သင့်ကိုသင် ကောင်းကောင်းနားလည်လက်ခံနိုင်အောင်သာ ကြိုးစားပါ။ အရေးကြီးတာက ပြောင်းလဲမှုများက မိမိတို့ နှလုံးသားထဲကနေလာတဲ့ စိတ်သဘောထားဆန္ဒပဲဖြစ်ပါစေ။ ဒါမှလဲ သင့်အနေနဲ့ ရေရှည်ပြောင်းလဲမှုများကို စိတ်ရောကိုယ်ပါ လုပ်ဆောင်နိုင်မှာဖြစ်တယ်။

၃။ သင့်ဖြစ်တည်မှုကို မကွယ်ဝှက်ထားပါနဲ့။

လူအတော်များများကတော့ မိမိရဲ့ အားနည်းချက် များကို ဖုံးကာထားကြလေ့ရှိသည်။ ဥပမာ အပြင်ထွက်လျှင် အဝတ်အထည်ထူထူကြီးတွေဝတ်တာတို့၊ လူအများကြားတွင်အသံတိတ်နေတတ်တာတို့၊ လူစုလူဝေးနောက်တွင်သာ ရှောင်ဖယ်နေတတ်မှုတွေပြုလုပ်လေ့ရှိကြပါတယ်။ ဒါကလည်း လူသိမခံချင်တဲ့ စိတ်ကြောင့်ဒီလိုလုပ်ကြလေ့ရှိပါတယ်။ မိမိအနေနဲ့ ဒီလို ချည်းပဲ ကွယ်ဝှက်နေထိုင်နိုင်တဲ့ နည်းလမ်းတွေသိနေရင် ဘာလို့ လူတောထဲမှာ လည်း လွတ်လပ်ပေါ့ပါးစွာ နေထိုင်နိုင်ဖို့ လေ့ကျင့်နိုင်မယ့်နည်း လမ်းတွေတော့ရှိနိုင်မှာပါ။ ခေါက်ရိုးကျိုးဆန်တဲ့ အလေ့အထကို ဖျောက်ဖျက်ပါ။ မိမိကိုယ်ကို တွန်းအားပေးကြည့်ပါ။ နည်းနည်းချင်းနဲ့ တစ်ဖြည်းဖြည်းကျင့်သား တွေရရှိလာမယ်လို့ယူဆပါတယ်။ ဥပမာ လူသူရှေ့ စကားမထွက်ပြောရဲရင်တောင် “ဟလို” လို့စပြောကြည့်ပါ။ လူတွေကို စကားအထိုအထွာလေးတွေနဲ့ စတင် မိတ်ဆက်ပြောကြည့်ပါ။ မိမိရဲ့ ရင်တွင်းခံစားမှု၊ စကားသံများကိုနားထောင်ပါ။ ဒီလိုနဲ့ပဲ မိမိကိုယ်ကိုထိန်းကျောင်းလေ့ကျင့်ပေးနိုင်ပါတယ်။

၄။ မိမိထင်နေတာတွေကို မှားတယ်လို့ခံယူပါ။

ဆိုလိုသည်မှာ မိမိအနေနဲ့ ကိုယ့်ဖြစ်တည်မှုအပေါ် မလက်ခံနိုင်သေးတာကို အမှန်လို့ မှတ်ယူနေသရွေ့ မိမိအနေနဲ့ ထိုမှန်တယ်လို့အယူအဆကိုပဲ ဆက်ပြီးလက်ခံနေဦးမှာဖြစ်လို့ ထို တစ်ထစ်ချမှတ်ယူထားတဲ့ မဖြစ်သင့်တဲ့ဟာတွေကို ပြုပြင်ပြီး သင်မှားနေတယ်လို့ ပွင့်လင်းစွာဝန်ခံလိုက်ပါ။ တကယ်တော့ လူ့ဦးနှောက်က အခုချိန်ထိ မိမိမှန်တယ်လိုယူဆထားတဲ့အရာတွေကို မှားတယ်လို ပြောဖို့ခဲယဉ်း နေတတ်ပါတယ်။ ဒါကြောင့် မိမိကိုယ်တော့လိမ်ညာဖို့မသင့်ပါဘူး။ သင့်အနေနဲ့ သင်မှားနေတယ်လို ဝန်ခံပြောဆိုဖို့ တွန့်ဆုတ်နေနေသရွေ့ မှားတယ်လို့ မခံယူနိုင်ပါ။ ဒါကြောင့်သင့်ကိုယ်တိုင်အပြောင်းအလဲလုပ်ဆောင်ပြီး အရှေ့တိုးဖို့ဝန်မလေးပါနဲ့။

၅။ အနိုင်ကျင့်နေတတ်တဲ့ မိမိတို့၏အတွင်းစိတ်ကိုလေ့လာပါ။

တကယ်တော့ ဘယ်သူတစ်ဦးတစ်ယောက်မှ လာပြီး သင့်မကောင်းကြောင်း၊ သင့်ရဲ့ ဖြစ်တည်မှု ကိုလက်မခံကြောင်း မပြောခဲ့လျှင်တောင် သင့်ရဲ့ အတွင်းစိတ်က ထိုသို့သော မိမိကိုယ်ကိုပြန်ထိုးနှက်နေတတ်တယ်ဆိုတာသတိရပါ။တကယ်တော့ထိုအတွင်းစိတ်တွေက မိမိတို့ရဲ့ လုပ်ဆောင်နိုင်စွမ်းရည်တွေကို ကျအောင် တက်အောင်လုပ်ပေးနိုင်လို့ပါ။ သေချာတာကတော့ အတွင်းစိတ်က အပြင်က ဝေဖန်ထိုးနှက်မှုတွေနဲ့ တထပ်တည်းကျပြီး ခံပြင်းမှုတွေသာပိုမိုဖြစ်စေတတ် တယ်ဆိုတာသတိရပါ။

၆။အတွင်းစိတ်ကို အကူအညီဖြစ်လာအောင် ဖန်တီးပါ။

မိမိတို့အနေနဲ့ ကိုယ့်ရဲ့စိတ်နဲ့ ကိုယ့်ကို ပြန်ပြီးထိုးနှက်စေတာတွေကို သိရှိပါက ထိုစိတ်ကို အပေါင်းလက္ခဏာဆောင်စေတတ်အောင်လေ့ကျင့်ဖန်တီးယူပါ။ ထိုမကောင်းစိတ်တွေကို အမြဲတမ်းအနိုင်မယူမိစေအောင် ထိန်းချုပ်ပြီး အတွင်းစိတ် အကူအညီဖြင့် ချေပလေ့ကျင့်ယူပါ။ များသောအားဖြင့် မိမိတို့အနေနဲ့ အဆိုးမြင်တတ်သလို မြင်နေသလို အကောင်းကိုလည်းထိုကဲ့သို့ မြင်တတ်လာအောင်လေ့ကျင့်ရယူပါ။

၇။ မိမိရဲ့ ခန္ဓာကိုယ်ကို ကျေးဇူးတင်ကြောင်းပြောဆိုပါ။

မိမိမပိုင်ဆိုင်ချင်တဲ့ ခန္ဓာကိုယ်ကို ကျေးဇူးတင်ရမှာတော့ မလွယ်လှပါဘူး။ သို့သော်လည်း မိမိတို့ခန္ဓာကိုယ်ကိုတော့ ကျေးဇူးတင်ရမယ့် အချက်တွေအများကြီးရှိပါတယ်။ အဲ့ဒါကတော့ သင့်ခန္ဓာကိုယ်ကြောင့် သင်အသက်ရှင်နေရတယ်၊ သင်သွားလာလှုပ်ရှားနိုင်နေရတယ်၊ သင့်ကိုအလွန်မှပင် ကူညီစောင့်ရှောက်ပေးတယ်။ အကုန်ပြောရလျှင် အခုချိန်ထိ သင့်ကိုဘဝတစ်လျှောက် အသက်ရှင်စေနေတာ သင့်ရဲ့ ခန္ဓာကိုယ်ပဲဖြစ်လို့ အဘယ်ကြောင့် အပြစ်တင်ဝေဖန်နေနိုင်တော့မှာလဲ ဆိုတာ အားလုံးကို သိစေချင်ပါတယ်။

မိမိရဲ့ ခန္ဓာကိုယ်ကို ချစ်ပါ….။ ခန္ဓာကိုယ်အရှက်ခွဲခြင်းကို ရှောင်ကျဉ်ပါ…။ အားလုံးရဲ့ဖြစ်တည်မှုကိုလက်ခံပါ…။

အားလုံးဘဝမှာပျော်ရွှင်နိုင်ပါစေ…။

ကိုးကား ။ psychologytoday

TharHtoo (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top