အိမ်ထောင်ရှင်မတစ်ဦး ကားမောင်းလိုင်စင် ပြုလုပ်ရန် ရောက်လာပြီး တာဝန်ရှိဝန်ထမ်းတစ်ဦးနှင့် တွေ့ဆုံကာ ကိုယ်ရေးအကျဉ်းကို ဖြည့်စွက်ရသည်။
ဝန်ထမ်း ။ ။ အလုပ်အကိုင်ရှိရင် ပြောပါ။
သူမ ။ ။ ရှိပါတယ်၊ အမေပါ။
ဝန်ထမ်း ။ ။ အမေဆိုတာ အလုပ်ရာထူး မဟုတ်ပါဘူး၊ အလုပ်အကိုင် မရှိ ဒါမှမဟုတ် မှီခိုလို့ သတ်မှတ်ပါတယ်။
သူမမှာ စိတ်မကောင်းဖြစ်သွားသည်၊ အမှန်မှာ သူမသည် ဘွဲ့ရ ပညာတတ်တစ်ယောက် ဖြစ်သည်။ ပြင်ပအလုပ် မလုပ်သော်လည်း ပြင်ပ အလုပ်လုပ်သူများထက်ပင် အလုပ်များသူတစ်ဦး ဖြစ်သည်။ ပညာတတ်သည် မတတ်သည်မှာ အဓိကမဟုတ် မိခင်တစ်ဦးကို ဘာမျှ အလုပ်အကိုင် မလုပ်ဘဲ မှီခိုစာရင်းထဲ ထည့်ခြင်းခံသည်ကို မိခင်အားလုံးကိုယ်စား စိတ်ပျက်မိတော့သည်။
နောက်နှစ် အနည်းငယ်ကြာသော် ကားမောင်းလိုင်စင် သက်တမ်းတိုးရန် သွားသောအခါတွင်လည်း လိုင်စင် စတင်လုပ်စဉ်က တွေ့ခဲ့ရသော ဝန်ထမ်းနှင့်ပင် ပြန်တွေ့ရသည်။
ဝန်ထမ်း ။ ။ လက်ရှိ အမရဲ့အလုပ်အကိုင် ပြောပါ။
သူမ ။ ။ ပြုစုပျိုးထောင်ရေးဌာန တာဝန်ခံပါ။
ဝန်ထမ်း ။ ။ ဒါဆို တာဝန်ကြီးတာပေါ့နော်၊
သူမ ။ ။ ဟုတ်ပါတယ်၊ တနေ့မှာ ၁၄ နာရီလောက် အလုပ်ရှိပါတယ်၊ တခါတလေ ၂၄ နာရီ လုံး လိုသလို လုပ်ရပါတယ်။
ဝန်ထမ်း ။ ။ (စိတ်ဝင်စားလာ၍) အဲဒီ အလုပ် လုပ်တာကြာပြီလား၊ ဘယ်လောက်အရေးကြီးလို့လဲ။
သူမ ။ ။ ကြာပါပြီ၊ နောက်နှစ် တော်တော်ကြာအောင် ဆက်လုပ်ရအုံးမှာပါ၊ ဌာနခွဲတွေ ရှိတယ်ဆိုပေမဲ့ အားလုံးကိုကျွန်မဘဲ တာဝန်ယူ အလုပ်လုပ်တယ်၊ သုတေသနလည်း တခါတလေ လုပ်ရသေးတယ်၊ တကယ်တော့ ဒီ ပြုစုပျိုးထောင်ရေးအလုပ်က နိုင်ငံတစ်နိုင်ငံ မဆိုထားနဲ့ တစ်ကမ္ဘာလုံးအတွက်ပါ အရေးကြီးတယ်၊ လူသားအားလုံးအတွက် အရေးကြီးတဲ့အလုပ်ပါ၊ အခြား အလုပ်တွေထက်လည်း ခက်ခဲတယ်။
ဝန်ထမ်းက တဆင့်တက်၍
“ဒါဆို အစ်မကြီး လစာကောင်းမှာပေါ့နော်”
သူမ ။ ။ လစာအကြောင်းတော့ မပြောပါနဲ့၊ ကျွန်မက လစာယူပြီး အလုပ်လုပ်တာ မဟုတ်ပါဘူး၊ စိတ် ကျေနပ်ပျော်ရွှင်မှု့တွေသာ ရအောင်ယူတာပါ။
အားလုံးမေးမြန်း ဖြည့်စွက်ပြီးသော အခါ ဝန်ထမ်းက တံခါးဝအထိ တလေးတစား လိုက်ပို့ပေးသည်။
သူမက ဝန်ထမ်းကို “ကျွန်မရဲ့ အလုပ်ရာထူးကို နောက်တမျိုး ခေါ်သေးတယ်၊ အဲဒါကတော့ “အမေ” ပါပဲ” ဟု လှမ်းပြောလိုက်သည်။
ဝန်ထမ်းမှာ ဤတကြိမ်တွင်တော့ အမေအလုပ်၏ အရေးပါမှုကို သိသွားပြီ ဖြစ်သဖြင့်
“လေးစားပါတယ်ခင်ဗျာ၊” ဟု နှစ်နှစ်ကာကာ ပြန်ပြောလိုက်လေတော့သည်။ ။
(Credit to original foreign writer.)
လူပိန်း (ရိုးရာလေး)