ထူးအိမ်သင် သို့ လွမ်းခြင်းအားဖြင့် (၁၃) နှစ်တာ

maxresdefault-1.jpg

ဒီနေ့ ဩဂုတ်လ ဆယ့်လေးရက်နေ့မှာဆိုရင်တော့ ထူးအိမ်သင် ကွယ်လွန်ခဲ့တာ ဆယ့်သုံးနှစ်ပြည့်ခဲ့ပါပြီ။ တေးသီချင်းပေါင်းများစွာ ရေးသားခဲ့၊ သီဆိုခဲ့တဲ့အပြင် ကဗျာတွေကိုလည်း ချစ်မြတ်နိုးစွာ ရေးသားခဲ့တဲ့ အနုပညာရှင် ဖြစ်တဲ့ ထူးအိမ်သင်ရဲ့ အကြောင်းကို အမှတ်တရ အနေနဲ့ နည်းနည်းလေး ပြန်ပြောပြပါရစေ။

ထူးအိမ်သင်ကို ၁၉၆၃ ခုနှစ် ဇူလိုင်လ ၁ရက်နေ့မှာ မွေးဖွားခဲ့တာပါ။ နာမည်ရင်းက ကျော်မြင့်လွင်ဖြစ်ပြီးတော့ ဘဲဥ၊ ကိုငှက်၊ ကိုသျှပ် အစရှိသဖြင့်လည်း သူ့ကို ချစ်သူ ခင်သူတွေက ခေါ်ဆိုခဲ့ကြပါတယ်။

ထူးအိမ်သင်ဆိုပြီး သီချင်းတွေ ရေးသား သီဆိုခဲ့သလို သျှပ်မှူးကျော်ဆိုတဲ့ နာမည်နဲ့ ကဗျာတွေ ရေးသားခဲ့ပြီး လင်းထက်ဆိုတဲ့ နာမည်နဲ့လည်း ဝတ္ထုတိုတွေ၊ ကဗျာတွေ ရေးသားခဲ့ပါသေးတယ်။

“ဝေးသွားတဲ့အခါ နှလုံးသားမှာ အမြဲတမ်း သတိရနော် ……
ကြင်နာခဲ့ဖူးတဲ့ အချိန်အခါများ……
ပြန်လည်ကာ ရယူဖို့ မဖြစ်နိုင်ဖို့ မဖြစ်နိုင်တော့တဲ့အခါ ရင်ထဲမှာ ပြန်တမ်းတ မြင်ယောင်လိုက်ပါ……..”

ထူးအိမ်သင်ရဲ့ ချစ်သော ပရိသတ်တွေတိုင်း စွဲစွဲလမ်းလမ်း ကြိုက်နှစ်သက်ခဲ့ကြတဲ့ “ဝေးသွားတဲ့ အခါ”ဆိုတဲ့ သီချင်းလေးပါ။ ဒီသီချင်းလေးဟာ ထူးအိမ်သင် (ခ) ကိုငှက်ရဲ့ ပထမဆုံး ကိုယ်ပိုင်သံစဉ် သီချင်းလေး ဖြစ်ခဲ့ပါတယ်။

ထူးအိမ်သင်ဟာ ၂၀၀၄ ခုနှစ် ကွယ်လွန်ချိန်အထိ တစ်ကိုယ်တော် တေးသီချင်းခွေပေါင်း ၁၃ ခွေ ထွက်ရှိခဲ့ပါတယ်။ သူ့ရဲ့ ဂီတ ခရီးလမ်းတစ်လျှောက်မှာ သူမွေးထုတ်ခဲ့တဲ့၊ သူဖန်တီးခဲ့တဲ့ သီချင်းကောင်း မြောက်မြားစွာက အခုထိ တသသလွမ်းစရာ၊ တန်ဖိုးထားစရာအဖြစ် သူ့ကို ချစ်ကြတဲ့ ပရိသတ်တွေရဲ့ ရင်ဘတ်ထဲမှာ ရှင်သန်နေဆဲပါ။

သူ့ခေတ် သူ့အခါက သာမက အခုအချိန်ထိ ဆက်လက် အောင်မြင်နေဆဲ တေးသီချင်းပေါင်းများစွာကို ရေးဖွဲ့ သီဆိုခဲ့တဲ့ ထူးအိမ်သင်ကွယ်လွန်ခဲ့တာ အခုဆိုရင်တော့ ဆယ့်သုံးနှစ် ရှိခဲ့ပါပြီ။ အခုအချိန်ထိ သူ့ကို ချစ်ခင်ကြတဲ့ သူ့ရဲ့ ပရိသတ်တွေကတော့ သူ့ရဲ့ သီချင်းတွေကို သူ့မူဟန်အတိုင်း သူရှိစဉ်က သူသီဆိုခဲ့တဲ့အတိုင်းသာ သူ့မူပိုင်အဖြစ် ဆက်လက် ရှိနေစေချင်တဲ့အထိ သူ့ကို တန်ဖိုးထားနေကြဆဲပါပဲ။

နောက်ထပ် နှစ်ပေါင်း များစွာ များစွာ အထိလည်း သူ့ရဲ့ သီချင်းတွေက ဆက်လက် ရှင်သန်နေဦးမှာပါပဲ။

Zym (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top