မုန့်တိုက်တစ်တိုက်က သူတို့ရဲ့ ဖောက်သည်တွေဆီ အော်ဒါပို့မပေးနိုင်တဲ့ အကြောင်း သိသွားပြီးနောက် တိုနီရှု၊ စတန်လေတန်၊ အန်ဒီဖန်းနဲ့ အီဗန်မိုးဆိုတဲ့ ကျောင်းသားလေး ၄ ယောက်က စီးပွားရေးလုပ်ဖို့ အကြံရခဲ့ကြပါတယ်။ အဲဒီအလုပ်ကို စတင်ဖို့ ငွေကြေးအရင်းအနှီး များများစားစား မရှိသလို နည်းပညာ၊ စီးပွားရေးစီမံကိန်းတွေလည်း မရှိခဲ့ပါဘူး။
သူတို့က လွယ်ကူရိုးရှင်းတဲ့ ဝက်ဘ်ဆိုက်တစ်ခုထောင်၊ အစားအသောက် အော်ဒါတွေကို လက်ခံပြီး သူတို့ကိုယ်တိုင် မုန့်အော်ဒါတွေ လိုက်ပို့ပေးခဲ့တာပါ။ အဲဒီလို လုပ်ရင်းနဲ့ စားသောက်ကုန် ပို့ဆောင်ရေးလုပ်ငန်းမှာ ကြံရတဲ့ စိန်ခေါ်မှုတွေကို နားလည်လာပြီး တစ်ဆင့်ချင်းစီ ကြိုးစားဖြေရှင်းခဲ့ကြပါတယ်။
အဲဒီနောက်မှာတော့ Palo Alto မြို့ငယ်လေးမှာ စတင်ခဲ့တဲ့ စားသောက်ကုန်ပို့ဆောင်ရေးလုပ်ငန်းဟာ အရှိန်အဟုန်နဲ့ ကြီးထွားလာခဲ့ပြီး နယ်ပယ်သစ်တွေလည်း ချဲ့ထွင်နိုင်ခဲ့ပါတယ်။ ကျောင်းသားလေး ၄ ယောက် စတင်ခဲ့တာက DoorDash ကုမ္ပဏီပါပဲ။ DoorDash ကုမ္ပဏီဟာ စားသောက်ကုန်ပို့ဆောင်ရေးလုပ်ငန်းမှာ အဓိကအခန်းကဏ္ဍကနေ ပါဝင်ခဲ့ပြီး မြို့ပေါင်း ၇၀၀၀ ကျော်မှာ ဖောက်သည်ပေါင်းသန်းချီကို ဝန်ဆောင်ပေးလျက် ရှိပါတယ်။ ကုမ္ပဏီတန်ဖိုးကလည်း အမေရိကန်ဒေါ်လာ ၈၇ ဘီလျံအထိ ရှိလာပါပြီ။
ဒီဖြစ်ရပ်ဟာ ထူးခြားဆန်းပြားတဲ့ ဆန်းသစ်တီထွင်မှုတွေမှသာ မဟုတ်ဘဲ ရိုးရှင်းတဲ့ အကြံတစ်ချက်ကို တစ်စိုက်မတ်မတ် အကောင်အထည်ဖော်နိုင်ရင်လည်း ကမ္ဘာ့စီးပွားရေးမှာ ထိုးဖောက်နိုင်တယ်ဆိုတဲ့ ဥပမာတစ်ရပ် ဖြစ်နေပါတယ်။
Ref: American Dreamers: Andy Fang, Co-Founder Of DoorDash, On How A Class Project Turned Into A Massive Food-Delivery Service In America
NZ (ရိုးရာလေး)