မိခင်ဖြစ်သူရဲ့ဖုန်းကို ယူဆော့ပြီး ချိစ်ဘာဂါ (၃၁) ခုကို မှာယူမိခဲ့တဲ့ ၂ နှစ်သားလေး

23-5-2022-yyl-11.jpg

တက္ကဆက်ပြည်နယ်ရဲ့မိခင်တစ်ဉီးက သူ့ရဲ့ ဖုန်းကို လော့ခ်ဖွင့်ထားခဲ့မိလို့ သူ့ရဲ့ ၂ နှစ်အရွယ်သားလေးက DoorDash (အစားသောက်ကို အိမ်တိုင်ရာရောက်ပို့ပေးတဲ့ အွန်လိုင်းဝန်ဆောင်မှု) ကနေ မက်ဒေါ်နယ် (McDonald’s) ချိစ်ဘာဂါ (၃၁) ခုကို မတော်တဆ မှာယူခဲ့မိပါတယ်။

ဖြစ်ပုံကတော့ ဒီလိုပါ။ ပြီးခဲ့တဲ့ တနင်္လာနေ့က ကျောင်းတစ်ကျောင်းအတွက် မီဒီယာဈေးကွက်ရှာဖွေရေးအလုပ်လုပ်ကိုင်နေတဲ့ ကယ်ဆေးရ် ဂိုးဒမ်းဆိုတဲ့ အမျိုးသမီးက သူ့ရဲ့အိမ်မှာ ကျောင်းနှစ်ပတ်လည်စာစောင်အတွက် ကွန်ပျူတာနဲ့ အလုပ်လုပ်နေခဲ့ပါတယ်။ သူ့ရဲ့ဖုန်းက ဓာတ်ပုံတွေကို ကွန်ပျူတာထဲ ရွှေ့နေခဲ့တဲ့အချိန် သူ့ရဲ့သားလေး ဘာရက်တ်က သူ့ရဲ့ဖုန်းကို ဆွဲယူသွားခဲ့ပါတယ်။

သူ့ရဲ့သားလေးက ဖုန်းရဲ့ကင်မရာလုပ်ဆောင်ချက်ကို နှစ်သက်သူဖြစ်တယ်လို့ ကယ်ဆေးရ်က ပြောစကားအရ သိရပါတယ်။ ဒါပေမဲ့ ဒီတစ်ခေါက်မှာတော့ ဘရက်တ်က ကင်မရာမှာ သူ့ပုံထင်ဟပ်နေတာကို စိုက်မကြည့်တော့ဘဲ ဖုန်းစခရင်ကို နှိပ်ပြီး ရိုလာကိုစတာလို လှည့်ပတ်နေပါတော့တယ်။ အဲဒီနောက်မှာတော့ DoorDash အမှာစာက ပုံမှန်ထက် ပိုကြာနေတယ်ဆိုတဲ့ အကြောင်းကြားစာကို ကယ်ဆေးရ် လက်ခံရရှိခဲ့ပါတယ်။

အရင်ကမှာခဲ့တုန်းက ပို့တဲ့စာ အခုမှရောက်တယ်လို့ ထင်မှတ်ခဲ့တယ်။ သူ့ရဲ့အကြီးဆုံးသား (၂) ယောက်အတွက် တစ်ခါတလေ DoorDash ကနေ ကျောင်းမှာ နေ့လည်စာစားဖို့ မှာပေးလေ့ရှိပေမဲ့ ဒီနေ့ကတော့ သူတို့ရဲ့နေ့လည်စာကို အိမ်ကနေ ထုပ်ပေးလိုက်တာပါ။ ဘာဂါ လာပို့တဲ့အချိန်မှာ ကယ်ဆေးရ်က အိမ်အပြင်ဘက် ဆင်ဝင်မှာ ဘာရက်တ်နဲ့ ကစားနေခဲ့တာပါ။ ကယ်ဆေးရ်က သူ့အိမ်ရှေ့ ကားတစ်စီးရပ်လာတော့ ဘာလဲပေါ့။ မက်ဒေါ်နယ်အိတ်အကြီးကြီးနဲ့ အမျိုးသမီးတစ်ယောက်ထွက်လာတယ်။

အစကတော့ ကယ်ဆေးရ်က မုန့်ပို့သမား အိမ်မှားလာတယ်လို့ပဲ တွေးမိခဲ့တယ်။ နောက်တော့ သူ့ရဲ့ဖုန်းကို ဘရက်တ် ဆော့နေခဲ့တယ်ဆိုတာ သတိရပြီး သူ့ရဲ့ဖုန်းကို သွားကြည့်ခဲ့တယ်။ သူ့ဖုန်းနဲ့ ဘရက်တ် ဆော့နေခဲ့တဲ့အချိန်မှာ မုန့်မှာထားတာကို တွေ့လိုက်ရပါတယ်။ ကယ်ဆေးရ်က သူ့သားလေး ဒါကို တကယ်မှာခဲ့တာလားဆိုပြီး အရမ်းအံ့ဩသွားခဲ့တယ်။ သူတို့မိသားစုထဲတစ်ယောက်မှ ချိစ်ဘာဂါကို မကြိုက်တဲ့အတွက် တစ်ခါမှမမှာခဲ့ဖူးဘူး။ အရင်မှာခဲ့ဖူးတာကိုပဲ ဘာရက်တ် မှားနှိပ်မိရင်တော့ ဒီလောက်အံ့အားသင့်မယ်မထင်ပါဘူး။

ကယ်ဆေးရ်က ချိစ်ဘာဂါတွေကို သူ့ရဲ့အိမ်နီးနားချင်းတွေကို အလကားကျွေးမွေးပစ်ခဲ့ပါတယ်။ အော်ဒါမှာယူမှုက အားလုံးပေါင်း ဒေါ်လာ ၉၁.၇၀ ကျသင့်ပါတယ်။ ဘာရက်တ်က အော်ဒါမှာ ဘောက်ဆူး ၂၅ ရာခိုင်နှုန်းတောင် ချန်ထားခဲ့ပါသေးတယ်။

ဒီအကြောင်းက လူမှုကွန်ယက်မှာ အတော်လေးပျံ့နှံ့သွားခဲ့ပြီး ပြီးခဲ့တဲ့ သောကြာနေ့က ကယ်ဆေးရ်နဲ့သူ့သားလေး ဘာရက်တ်ကို မက်ဒေါ်နယ်ကုမ္ပဏီဝန်ထမ်းတွေနဲ့ တွေ့ဆုံဖို့ ဖိတ်ကြားခံခဲ့ရပါတယ်။ ဘာရက်တ်က ဝန်ထမ်းတွေနဲ့တွေ့ဆုံပြီး ဓာတ်ပုံရိုက်ခဲ့သလို ကြက်ကြော်တွေ ပျော်ပျော်ပါးပါးစားခဲ့ကြပါတယ်။ ကယ်ဆေးရ်က သူ့သားရဲ့မတော်တဆအော်ဒါမှာယူမှုက ဝမ်းနည်းနေတဲ့ လူတွေကို ပြုံးပျော်ရွှင်စေနိုင်ဖို့ မျှော်လင့်နေပါတယ်။

Ref: CNN “2-year-old orders 31 cheeseburgers after mom leaves phone unlocked”

Team ( ရိုးရာ‌လေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top