အရွယ်အစားအကြီးဆုံး ကြက်တူရွေးမျိုးစိတ်ရဲ့ ရုပ်ကြွင်းကို နယူးဇီလန်မှာ တူးဖော်တွေ့ရှိ

bird03-3.jpg

ကြက်တူရွေးမျိုးစိတ်တွေထဲမှာ အရွယ်အစားအကြီးမားဆုံးလို့ ယူဆနိုင်တဲ့ကြက်တူရွေးမျိုးစိတ် တစ်ခုဟာ အခုနယူးဇီလန်နိုင်ငံလို့ဖြစ်လာမယ့် ဒေသဝန်းကျင်မှာ လွန်ခဲ့တဲ့နှစ်ပေါင်း (၁၉) သန်းအကြာကာလအတွင်းက ကျက်စားခဲ့ဖူးကြောင်း ပြီးခဲ့တဲ့ အင်္ဂါနေ့ထုတ် The Journal Biology Letters က ဖော်ပြလိုက်ပါတယ်။

ဒီကြက်တူရွေးမျိုးစိတ်ရဲ့ရုပ်ကြွင်းကိုတော့ နယူးဇီလန်နိုင်ငံ၊ Central Otago က St. Bathans ဒေသ (လင်းနို့၊ လိပ်၊ ရှေးခေတ်မိကျောင်းမျိုးစိတ်နဲ့ တခြားနို့တိုက်သတ္တဝါရုပ်ကြွင်းများစွာအပြင် ငှက်မျိုးစိတ်ပေါင်း (၄၀) ကျော်ရဲ့ရုပ်ကြွင်းတွေကိုပါ တူးဖော်တွေ့ရှိရာနေရာ) မှာတူးဖော်ရရှိခဲ့တာဖြစ်ပြီး သြစတေးလျနဲ့ တခြားဒေသတွေမှာတွေ့ရှိထားပြီးတဲ့ သတ္တဝါရုပ်ကြွင်းတွေ ထက် ပိုပြီးသက်တမ်းရင့်နေတာကိုလည်းတွေ့ရပါတယ်။

ကမ္ဘာ့အကြီးဆုံးကြက်တူရွေးမျိုးစိတ်လို့ အရင်ကသိထားတဲ့ New Zealand kakapo ငှက်တွေကတောင် အမြင့် (၂) ပေနဲ့ အလေးချိန် (၉) ပေါင်ထိပဲအများဆုံးရှိတာဖြစ်လို့ အမြင့် (၃) ပေကျော်နဲ့ အလေးချိန် (၁၅.၅) ပေါင်လောက်ရှိနေတဲ့ ဒီကြက်တူရွေးမျိုးစိတ်ရဲ့အရွယ်အစားက အံ့အားသင့်စရာပါပဲ။ ကြီးမားလွန်းတဲ့အရွယ်အစားနဲ့ ခွန်အားကိုပိုင်ဆိုင်ထား တာကြောင့် သုတေသနပညာရှင်တွေက ဒီကြက်တူရွေးမျိုးစိတ်ကို Heracles Inexpectatus လို့ အမည်ပေးထားပါတယ်။

New South Wales တက္ကသိုလ်ရဲ့ ရုပ်ကြွင်းဗေဒနဲ့ ဘူမိဇီဝဗေဒပါမောက္ခ မိုက်ခ် အာချာ (Mike Archer) က “Heracles ကြက်တူရွေးဟာ အရွယ်အစားကြီးလွန်းသလို ဘယ်လိုအရာကိုမဆို ထိုးဆိတ်ခွဲပစ်နိုင်အောင်ကြီးမားတဲ့နှုတ်သီးလည်းပါနေတာ ကြောင့် ပုံမှန်အစာတွေအပြင် မျိုးတူချင်းပြန်စားကြတာမျိုးတောင်ရှိခဲ့လောက်တယ်” လို့ ပြောပါတယ်။

Heracles ကြက်တူရွေးတွေဟာ လော်ရယ်ပင်၊ အုန်းပင်နဲ့ ထန်းပင်တွေရှိရာသမပိုင်းသစ်တောတွေမှာ နေထိုင်ကျက်စားခဲ့ကြတာဖြစ်ပြီး DoDo ငှက်တွေ၊ ဖီဂျီမှာတွေ့ရတဲ့ခိုအကြီးစားတွေ၊ ဖလောရက်စ်ငှက်ကျားအကြီးစားတွေနဲ့ ဟာဝိုင်အီကျွန်းက ဘဲအကြီးစားတွေနဲ့လည်း မျိုးနွယ်ချင်းဆက်စပ်မှုရှိတယ်လို့ ဆိုပါတယ်။

Flinders တက္ကသိုလ်ကပါမောက္ခ ထရဗာ ဝါ့သီ (Trevor Worthy) ကတော့ “နယူးဇီလန်နိုင်ငံက Moa ငှက်၊ Adzebills ငှက်၊ သိမ်းငှက်ကြီးတွေနဲ့ ဘဲအကြီးစားတွေလို ကြီးမားတဲ့ငှက်မျိုးစိတ်တွေ ကျက်စားခဲ့ရာနေရာတစ်ခုပါ။ ဒါပေမဲ့ ဒီလောက်ကြီးတဲ့ ကြက်တူရွေးမျိုးလည်းရှိခဲ့ဖူးတယ်ဆိုတာကိုတော့ ဘယ်သူမှ မသိထားဖူးသေးဘူး” လို့ ဆိုပါတယ်။

Ref: CNN “Fossil find reveals that the world’s largest parrot was over 3 feet tall”
TH (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top