နိုင်ငံရေးသိပ္ပံ မာစတာဘွဲ့ရခဲ့တဲ့ ၈၇ နှစ်အရွယ် အဘွား

11-8-2021yyl5.jpg

မြေး ၇ ယောက်ရှိတဲ့ ၈၇ နှစ်အရွယ် အဘွားဟာ ကနေဒါနိုင်ငံ ယော့ခ်တက္ကသိုလ်ကနေ မာစတာဘွဲ့ ရခဲ့ပါတယ်။ ယော့ခ်တက္ကသိုလ်ကနေ မာစတာဘွဲ့ရသူတွေထဲမှာ အဘွားက အသက်အကြီးဆုံးပါပဲ။ နိုင်ငံရေးသိပ္ပံပညာရပ်နဲ့ မာစတာဘွဲ့ ယူခဲ့တာပါ။

သီရိလင်္ကာနိုင်ငံကနေ ရွှေ့ပြောင်းလာခဲ့တဲ့ ရှန်မူဂါနာသန်ဟာ ၈၇ နှစ်အရွယ် ရှိနေပေမဲ့ သူ့ရဲ့သင်ယူလေ့လာချင်စိတ်ကတော့ လူငယ်များနည်းတူ ပျိုမြစ်တက်ကြွနေဆဲပါပဲ။ စကားလုံးဆက်တဲ့ Scrabble ဆော့တာ၊ သူ့မြေးတွေနဲ့ သီချင်းဆိုပြီး ကတာမျိုး မလုပ်ဘူးဆိုရင်တော့ သူ့ရဲ့အိပ်မက်တွေကို ဖမ်းဆုပ်ဖို့ ကြိုးစားနေလေ့ရှိသူပါ။

” နိုဝင်ဘာလ ၁ ရက်နေ့အထိတော့ ကျွန်မက သာမန်ဘဝနဲ့ ဖြတ်သန်းနေတဲ့ သာမန်အမျိုးသမီးတစ်ယောက်ပါပဲ။ နိုဝင်ဘာလ ၂ ရက်မှာ ဘွဲ့ယူပြီးတော့ အရာအားလုံး ပြောင်းလဲသွားခဲ့တယ်။ နိုင်ငံရေးကို လေ့လာပြီး အဆင့်မြင့်ဘွဲ့တစ်ခုခု ရယူနိုင်ဖို့က ကျွန်မရဲ့အိပ်မက်ပါပဲ။ နောက်ဆုံးမှာ အဲဒီအိပ်မက်ကို အကောင်အထည်ဖော်နိုင်ခဲ့လို့ ဝမ်းမြောက်ပါတယ်” လို့ ရှန်မူဂါနာသန်က ပြောပါတယ်။ ရှန်မူဂါနာသန်ဟာ သီရိလင်္ကာနိုင်ငံရဲ့ ပြည်တွင်းစစ်နဲ့ ငြိမ်းချမ်းရေးဖော်ဆောင်ဖို့ ကြိုးပမ်းအားထုတ်မှုတွေကို သုတေသနပြု လေ့လာပြီး မာစတာဘွဲ့ ယူခဲ့တာပါ။

ဝီလာနိုင်ဆိုတဲ့ ရွာငယ်လေးမှာ မွေးဖွားခဲ့တဲ့ ရှန်မူဂါနာသန်ဟာ သီရိလင်္ကာနိုင်ငံရဲ့ ၂၆ နှစ်ကြာမြင့်တဲ့ ပြည်တွင်းစစ်အကြောင်း လေ့လာ၊ အဖြေရှာခဲ့သူပါ။ သီရိလင်္ကာနိုင်ငံမြောက်ပိုင်းက တမီလ်ကျားတွေရဲ့ ခြေကုပ်ဒေသကို သီရိလင်္ကာအစိုးရက ထိုးစစ်ဆင်ချေမှုန်းပြီးနောက် ၂၀၀၉ ခုနှစ်၊ မေလမှာ ပြည်တွင်းစစ် အဆုံးသတ်သွားခဲ့ပါတယ်။

အချိန်ကြာမြင့်ပြီး သွေးချောင်းစီးခဲ့တဲ့ သီရိလင်္ကာပြည်တွင်းစစ်ကြောင့် အရှေ့ပိုင်းနဲ့ မြောက်ပိုင်းပြည်နယ်တွေမှာ လူဦးရေရဲ့ ၃ ပုံ၊ ၂ ပုံလောက် သေကျေပျက်စီးခဲ့ရပါတယ်။ ” ကျွန်မနှလုံးသားနဲ့ စိတ်ဝိဉာဉ်ထဲမှာ ငြိမ်းချမ်းရေး၊ တရားမျှတမှု၊ တန်းတူညီမျှရေးနဲ့ ဒီမိုကရေစီကို ပန္နက်ရိုက်ထားပါတယ်။ မျိုးဆက်တွေတိုင်းကို ကျွန်မရဲ့ နိုင်ငံအကြောင်း ပြက်ပြက်ထင်ထင်၊ ပီပီသသ ပြောပြချင်ပါတယ်။ ကျွန်မတို့အားလုံး ငြိမ်းချမ်းရေးကို ဖော်ဆောင်ကြဖို့ပေါ့” လို့ ရှန်မူဂါနာသန်က ဆိုပါတယ်။

နိုင်ငံရေးသိပ္ပံ မာစတာဘွဲ့ဟာ သူ့ရဲ့ ပထမဆုံး မာစတာဘွဲ့ မဟုတ်ပါဘူး။ အိန္ဒိယနိုင်ငံ မက်ဒရက်တက္ကသိုလ်ကနေ ဘွဲ့ရခဲ့တဲ့ ရှန်မူဂါနာသန်ဟာ သီရိလင်္ကာနိုင်ငံကို ပြန်လာပြီး အိန္ဒိယသမိုင်းနဲ့ အင်္ဂလိပ်စာ သင်ပြပေးခဲ့ပါတယ်။ ၁၉၉၀ ပြည့်နှစ်မှာတော့ အင်္ဂလိပ်စာကို ဒုတိယဘာသာစကားအဖြစ် သင်ယူဖို့ လန်ဒန်မြို့ကို ရွှေ့ပြောင်းလာခဲ့ပြီး လန်ဒန်တက္ကသိုလ်မှာ အသုံးချဘာသာဗေဒပညာရပ်နဲ့ ပထမဆုံး မာစတာဘွဲ့ ရယူခဲ့တာပါ။ ရှန်မူဂါနာသန်ဟာ ၂၀၀၄ ခုနှစ်မှာတော့ သူ့သမီးနဲ့အတူ နေဖို့ ကနေဒါနိုင်ငံကို ရွှေ့ပြောင်းလာခဲ့တာပါ။

ယော့ခ်တက္ကသိုလ်က သက်ကြီးရွယ်အိုတွေကို အခမဲ့သင်တန်း ပို့ချနေတယ်လို့ သိလိုက်ရချိန်မှာ နိုင်ငံရေးသိပ္ပံပညာရပ်ကို လေ့လာသင်ယူချင်တဲ့ ရှန်မူဂါနာသန်ရဲ့အိပ်မက်အတွက် မျှော်လင့်ချက်ရောင်ခြည်သန်းလာခဲ့တာပါ။ ၂၀၁၉ ခုနှစ်မှာ နိုင်ငံရေးသိပ္ပံပညာရပ်ကို စတင်သင်ယူခဲ့တဲ့ ရှန်မူဂါနာသန်ဟာ နိုဝင်ဘာလ ၂ ရက်နေ့မှာတော့ တခြားကျောင်းသား/သူ ၄၀၀၀ နဲ့အတူ ဘွဲ့ရခဲ့တာပါ။

” အဆင်မြင့်ပညာရေး လေ့လာသင်ယူချင်တဲ့ တခြားသူအားလုံးအတွက် ရှန်မူဂါနာသန်က အားကျစရာဖြစ်နေမှာ မလွဲဧကန်ပါပဲ။ အမျိုးသမီး ကြီး၊ ငယ်မရွေးအတွက်လည်း သူက အားရစရာ စံပြပုဂ္ဂိုလ်တစ်ယောက်ပါ” လို့ ယော့ခ်တက္ကသိုလ် ပါမောက္ခချုပ် ရွန်ဒါလင်တန်က ပြောပါတယ်။

သူ့ရဲ့ဘဝတစ်သက်တာ ရည်မှန်းချက် ပြည့်မြောက်ခဲ့ပေမဲ့ ရှန်မူဂါနာသန်ကတော့ ကြိုးပမ်းအားထုတ်မှုတွေကို စွန့်လွှတ်မှာ မဟုတ်သေးပါဘူး။ သီရိလင်္ကာနိုင်ငံရဲ့ ပြည်တွင်းစစ်အလွန်နဲ့ ငြိမ်းချမ်းရေးအလားအလာများဆိုတဲ့ စာအုပ်ရေးသားဖို့ စီစဉ်နေပါတယ်။

” ဘဝမှာ ရည်မှန်းချက်တစ်ခုတော့ ရှိသင့်ပါတယ်။ သင့်ရဲ့အိပ်မက်ကို ရှာဖွေပါ။ ပြီးဆုံးအောင် အကောင်အထည်ဖော်ပါ။ သင်လည်း စိတ်ဝင်စားတယ်၊ တခြားသူတွေအတွက်လည်း အကျိုးရှိစေမယ့် အရာကို တွေးပါ။ ရှာဖွေ၊ လေ့လာ၊ ဆည်းပူးပြီး ဖြစ်မြောက်အောင် ဆောင်ရွက်ပါ” လို့ ရှန်မူဂါနာသန်က စကားလက်ဆောင်ပါးခဲ့ပါတယ်။

Ref: CNN “An 87-year-old grandmother from Sri Lanka has become the oldest person to earn a master’s degree at this university in Canada “

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top