အကျဉ်းကျခံနေရတဲ့ မိခင်နဲ့ အတူနေခွင့်မရတဲ့ မွေးကင်းစကလေးငယ်သေဆုံးခဲ့လို့ ဖိလစ်ပိုင်ပြည်သူတွေ ဒေါသထွက်နေ

13-10-2020-yyl-011-1.jpg

အကျဉ်းကျခံနေရတဲ့ မိခင်နဲ့ ခွဲထားချိန်မှာ ၃ လအရွယ် ကလေးငယ် သေဆုံးသွားလို့ ဖိလစ်ပိုင်နိုင်ငံမှာ နာကျည်းခံပြင်းမှုတွေ ဖြစ်ပေါ်နေပါတယ်။ မိခင်နဲ့ ကလေးကို အတူတူထားပေးဖို့ တောင်းဆိုခဲ့ကြပေမဲ့ အာဏာပိုင်တွေက လက်မခံဘဲ ကလေးကို မိခင်နဲ့ ခွဲထားချိန်မှာ ကလေးငယ် အဆုတ်ရောင်ရောဂါ ခံစားရပြီး သေဆုံးသွားခဲ့တာပါ။ လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူ နာဆီနိုဟာ ပြီးခဲ့တဲ့နှစ်က မနီလာမြို့မှာ ဖမ်းဆီးခံခဲ့ရပါတယ်။ အဖမ်းခံရတုန်းက သူ့မှာ ကိုယ်ဝန်ရှိနေမှန်း မသိခဲ့ပါဘူး။ အချုပ်ထဲရောက်လို့ ဆေးစစ်ကြည့်တော့မှ ကိုယ်ဝန်ရှိနေတာကို သိခဲ့တာပါ။

အသက် ၂၃ နှစ်ရှိတဲ့ နာဆီနိုနဲ့ လုပ်ဖော်ကိုင်ဖက် ၂ ယောက်ဟာ ၂၀၁၉ ခုနှစ် နိုဝင်ဘာလက သူတို့ရဲ့ရုံးခန်းမှာ အဖမ်းခံခဲ့ရတာပါ။ သူတို့ ၃ ယောက်ကို သေနတ်နဲ့ ပေါက်ကွဲစေနိုင်တဲ့ပစ္စည်းတွေ လက်ဝယ်တွေ့ရှိမှုနဲ့ စွဲချက်တင်ခဲ့ပေမဲ့ အဲဒီပစ္စည်းတွေက သူတို့ပစ္စည်းတွေ မဟုတ်ဘူး၊ ရဲတွေက တမင်အကွက်ချဖို့ ယူလာခဲ့တဲ့ပစ္စည်းတွေလို့ သူတို့ ၃ ယောက်က တုံ့ပြန်ခဲ့ပါတယ်။ တရားရင်ဆိုင်ရမယ့်အချိန် ကြာဦးမယ်ဆိုတာသိတဲ့ နာဆီနိုက အချုပ်ထဲမှာ ရင်သွေးငယ်ကို ပြုစုဖို့ ကြိုတင်ပြင်ဆင်ထားခဲ့ပေမဲ့ ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်ပျံ့နှံ့လာချိန်မှာတော့ သူ့အတွက် စိုးရိမ်စရာဖြစ်လာခဲ့ပါတယ်။

နာဆီနိုကို ဥပဒေအရ အကူအညီပေးနေတဲ့ ပြည်သူ့ရှေ့နေများ အမျိုးသားသမဂ္ဂက သူ့ကို ပြန်လွှတ်ပေးဖို့ အဆိုတင်သွင်းခဲ့ကြပေမဲ့ မအောင်မြင်ခဲ့ပါဘူး။ ဇူလိုင်လ ၁ ရက်မှာတော့ ကလေးငယ် ရေးဗားမာဆီနိုကို ဆေးရုံမှာ မွေးဖွားခဲ့ပါတယ်။ ရေးဗားရဲ့ ပေါင်ချိန်နည်းနေပေမဲ့ ရက်ပိုင်းအကြာမှာပဲ သူတို့သားအမိကို ဆေးရုံကဆင်းခိုင်းပြီး မနီလာအကျဉ်းထောင်ကို ပြန်ပို့ခဲ့ပါတယ်။ သူတို့အတွက် မနီလာအကျဉ်းထောင်မှာ မည်ကာမတ္တအခန်းလေးတစ်ခန်း လုပ်ပေးထားပြီး အဲဒီမှာ သူတို့နေရပါတယ်။ ဖိလစ်ပိုင်နိုင်ငံမှာ အကျဉ်းကျခံနေရတုန်း မီးဖွားမှုနဲ့ပတ်သက်တဲ့ ဥပဒေအရ ကလေးငယ်တွေဟာ မိခင်နဲ့ တစ်လပဲ နေခွင့်ရပါတယ်။ ဒါပေမဲ့ တချို့အခြေအနေတွေဆိုရင် ခြွင်းချက်ထားပေးပါတယ်။

မလေးရှားနိုင်ငံရဲ့ဥပဒေအရ ထောင်ထဲမှာ မီးဖွားရင် ကလေးတွေကို ၃ နှစ်၊ ၄ နှစ်အရွယ်အထိ မိခင်နဲ့အတူ နေခွင့်ပေးပြီး ဗြိတိန်နိုင်ငံမှာတော့ ကလေးငယ်က အသက် ၁၈ လအရွယ်အထိ မိခင်နဲ့အတူ နေခွင့်ရပါတယ်။ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေက နာဆီနိုတို့ သားအမိကို ပြန်လွှတ်ပေးဖို့ အာဏာပိုင်တွေကို ဖိအားပေးခဲ့ပေမဲ့ မအောင်မြင်ခဲ့ပါဘူး။ နာဆီနို မီးဖွားခဲ့တဲ့ ဆေးရုံက မိခင်နဲ့ကလေးကို အတူထားသင့်တယ်လို့ အကြံပေးခဲ့ပေမဲ့ အကျဉ်းထောင်ထဲမှာ လိုအပ်တဲ့ပစ္စည်းတွေ မရှိဘူးလို့ ထောင်အာဏာပိုင်တွေက တုံ့ပြန်ခဲ့ပါတယ်။ အမျိုးသမီးအကျဉ်းသားတွေအပေါ် ပြုမူဆက်ဆံရမယ့် ကုလသမဂ္ဂရဲ့ လမ်းညွှန်ချက်တွေဖြစ်တဲ့ ဘန်ကောက်စည်းမျဉ်း (Bangkok Rules)တွေအရ ကလေးငယ်ကို မိခင်နဲ့ ခွဲထားမယ်ဆိုရင် ကလေးငယ်ရဲ့ အကျိုးကို ရှေးရှုစဉ်းစားသင့်တယ်လို့ ပြဋ္ဌာန်းထားပါတယ်။

ဒါပေမဲ့ သြဂုတ်လ ၁၃ ရက်နေ့မှာတော့ ကလေးငယ် ရေးဗားကို သူ့အမေနဲ့ ခွဲပစ်ခဲ့ကြပါတယ်။ မိခင်နဲ့ ခွဲနေရပြီးနောက်မှာတော့ ကလေးငယ် ရေးဗားရဲ့ ကျန်းမာရေးအခြေအနေ ဆိုးရွားလာပြီး ဝမ်းပျက်ခဲ့ပါတယ်။ စက်တင်ဘာလ ၂၄ ရက်မှာ ရေးဗားကို ဆေးရုံပို့ခဲ့ရပြီး သူ့အခြေအနေ ပိုဆိုးလာလို့ မိခင်နဲ့ကလေးကို အတူနေခွင့် ပေးဖို့ အရေးတကြီးတောင်းဆိုခဲ့ကြပေမဲ့ ထောင်အာဏာပိုင်တွေက နာဆီနိုက ကလေးကြည့်ခွင့်တောင် မပေးခဲ့ပါဘူး။ ပြီးခဲ့တဲ့အပတ်မှာတော့ ကလေးငယ် ရေးဗားက အဆုတ်ရောင်ရောဂါနဲ့ သေဆုံးသွားခဲ့ပါတယ်။

ကလေးငယ် ရေးဗား သေဆုံးမှုက ဖိလစ်ပိုင်ပြည်သူ အများစုကို တုန်လှုပ်စေခဲ့ပြီး လူမှုကွန်ရက်ပေါ်မှာ တရားရေးစနစ်ရဲ့ ဘက်လိုက်မှုတွေကို ဒေါသတကြီး ရေးသားဖော်ပြခဲ့ကြပါတယ်။ ဖိလစ်ပိုင်နိုင်ငံမှာ လိင်စိတ်ပြောင်းနေတဲ့ အမျိုးသားတစ်ယောက်ကို သတ်မှုနဲ့ စီရင်ချက်ချမှတ်ခံထားရတဲ့ အမေရိကန်မရိန်းတပ်သားကို သိပ်မကြာသေးခင်က လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လွှတ်ပေးခဲ့ပေမဲ့ နာဆီနိုကိုတော့ သေလုမျောပါးဖြစ်နေတဲ့ သူ့ရင်သွေးလေးကိုတောင် ကြည့်ခွင့်မပေးခဲ့တဲ့ ဖိလစ်ပိုင်နိုင်ငံရဲ့ တရားရေးစနစ်က ”‌ ‌ကျောသားရင်သား ခွဲခြားတဲ့စနစ်” လို့ တွစ်တာပေါ်မှာ ရေးသားခဲ့ကြပါတယ်။ တချို့တွေကလည်း ဖိလစ်ပိုင်နိုင်ငံမှာ ရာထူး၊ ဂုဏ်ရှိန်ကြီးမားပြီး ချမ်းသာကြွယ်ဝတဲ့ အကျဉ်းသားတွေဆိုရင် သူတို့သားသမီးတွေရဲ့ မင်္ဂလာဆောင်ပွဲ၊ ဘွဲ့နှင်းသဘင်အခမ်းအနားတွေ တက်ရောက်ခွင့်ရစေဖို့ ထောင်ကနေ ယာယီပြန်လွှတ်ပေးလေ့ရှိပေမဲ့ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ အမျိုးသမီးလေး နာဆီနိုကိုတော့ ခွဲခြားဆက်ဆံတယ်လို့ ဝေဖန်ခဲ့ကြပါတယ်။

ပြီးခဲ့တဲ့အင်္ဂါနေ့မှာ ဒေသဆိုင်ရာ တရားရုံးက ကလေးငယ်ရေးဗားရဲ့ ဈာပနအခမ်းအနားကို တက်ရောက်ခွင့်ပေးဖို့ နာဆီနိုကို ၃ ရက်ကြာ ယာယီလွှတ်ပေးဖို့ အမိန့်ချမှတ်ခဲ့ပေမဲ့ အကျဉ်းထောင်အရာရှိတွေက ကြားဝင်ဟန့်တားခဲ့ပြီး ရေးဗားကို သင်္ဂြုဟ်မှာနေ့မှာ ၃ နာရီပဲ လွှတ်ပေးဖို့ ပြင်ဆင်ဆုံးဖြတ်ခဲ့ပါတယ်။ ဒီဖြစ်ရပ်အပြီးမှာတော့ အကျဉ်းကျခံနေရချိန်မှာ မီးဖွားတဲ့ မိခင်တွေအပေါ် ဆက်ဆံတဲ့ပုံစံ၊ ကလေးငယ်တွေကို စောင့်ရှောက်ကာကွယ်ပေးဖို့ ပျက်ကွက်နေတဲ့ ဖိလစ်ပိုင်နိုင်ငံရဲ့ တရားရေးစနစ်ကို ပြည်သူတော်တော်များများက မေးခွန်းထုတ်နေကြပါပြီ။

Ref: BBC ” Philippines: Anger over death of baby separated from jailed mother”

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top