ကလေးတွေ ဘေးကင်းစွာ လမ်းကူးနိုင်ဖို့ ကားတွေကို ရပ်တန့်စေခဲ့တဲ့ ခွေးလေး

25-6-2020-yyl-004.jpg

တိရစ္ဆာန်လေးတွေဟာ ကျွန်တော်တို့လူသားတွေကို နည်းအမျိုးမျိုးနဲ့ အံ့အားသင့်အောင် လုပ်နိုင်စွမ်းရှိကြပါတယ်။ လူသားတွေကို ပိုပြီး အံ့အားသင့်အောင်လုပ်နိုင်တဲ့ တိရစ္ဆာန်ကတော့ ခွေးတွေပါပဲ။ ခွေးတွေက လူသားတွေအတွက် အဖော်ပြုပေးနိုင်တဲ့၊ ကာကွယ်ပေးနိုင်တဲ့ မိတ်ဆွေပါပဲ။ လူတွေအပေါ်မှာလည်း နောက်ဆုံးထွက်သက်အထိ သစ္စာရှိနိုင်တာလည်း ခွေးတွေပါပဲ။ သူတို့လောက် ဘယ်သူကမှ သစ္စာရှိနိုင်မယ်မထင်ပါဘူး။

ခွေးတွေက ကလေးတွေကိုလည်း ခင်တွယ်တတ်ကြပါတယ်။ ခွေးတွေက ကလေးတွေကို ခင်တွယ်မိပြီး ဘယ်လိုကာကွယ်ပေးလဲဆိုတာကို အခုတင်ဆက်ပေးမယ့် အကြောင်းအရာလေးက သက်သေပါပဲ။ ဂျော်ဂျီယာနိုင်ငံက အရမ်းချစ်စရာကောင်းတဲ့ခွေးလေး ကူပါတာက ကလေးတွေ ဘေးကင်းစွာ လမ်းဖြတ်ကူးနိုင်ဖို့အတွက် ယာဉ်ထိန်းအရာရှိ တစ်ယောက်လို ကားတွေကို ရပ်တန့်စေခဲ့ပါတယ်။ သူက ကလေးတွေကို အဲဒီလိုကူညီပေးပြီးတဲ့နောက်မှာ ဆယ်လီတောင် ဖြစ်သွားပါသေးတယ်။

မူကြိုကလေးတွေ ဘေးကင်းစွာ လမ်းကူးနိုင်ဖို့ ကူညီပေးနေတဲ့ ခွေးလေး ကူပါတာရဲ့ဗီဒီယိုကို ဘီကွာ တာဆီနာဇီ ဆိုတဲ့ အမျိုးသားတစ်ဦးက ဘာတူမီမြို့လေးမှာ ရိုက်ကူးခဲ့တာဖြစ်ပါတယ်။ ဗီဒီယိုထဲမှာတော့ ကလေးအုပ်စုတစ်စုက လမ်းဖြတ်ကူးဖို့အတွက် ကားတွေရပ်အောင် စောင့်နေတာပါ။ အဲဒီအချိန်မှာ ခွေးလေးတစ်ကောင်က ရောက်လာပြီး ကားတွေရပ်တန့်သွားအောင် ကလေးတွေကို လာပြီး ကူညီပေးခဲ့တာပါပဲ။

ကလေးတွေကို ခွေးလေးကူပါတာ ကူညီပေးတာ ဒီတစ်ခါတည်းမဟုတ်ပါဘူးတဲ့။ နေ့တိုင်းကို လုပ်ပေးခဲ့တယ်လို့ သိရပါတယ်။ သူ့ကို အကောင်းဆုံးယာဉ်ထိန်းအရာရှိတစ်ယောက်လို့ ပြောလို့တောင်ရပါတယ်။ ကလေးတွေ လမ်းကူးဖို့ စောင့်ဆိုင်းနေတုန်း ကားတွေဖြတ်သွားတိုင်း ကူပါတာက ဒေါသထွက်တယ်။ သူ့ရဲ့အလုပ်ပေါ်တာဝန်ကျေတယ်။ တစ်ခါတလေ ကလေးတွေ ဘေးကင်းစွာ လမ်းကူးနိုင်ဖို့နဲ့ ပန်းခြံထဲမှာ ဘေးကင်းဖို့အတွက် (၁) နာရီလောက် စောင့်နေပေးတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ခွေးလေး ကူပါတာ အခုလိုဘာကြောင့် လုပ်ပေးခဲ့တာလဲဆိုတာကိုတော့ ဘယ်သူမှမသိကြပါဘူး။ ကူပါတာက လမ်းဘေးခွေးလေးဖြစ်ပြီး နောက်ပိုင်းမှာ ဒေသခံတွေက သူ့ကို ခေါ်ယူကာ စောင့်ရှောက်ပေးခဲ့ပါတယ်။ ကူပါတာ အခုလိုကူညီပေးတာက သူ့ကို ကူညီပေးခဲ့တဲ့ အသိုင်းအဝိုင်းကို ကျေးဇူးဆပ်တဲ့အနေနဲ့ လုပ်တာဖြစ်နိုင်ပါတယ်။

“ကလေးတွေကို စောင့်ရှောက်ရတာ၊ ကျွန်တော်တို့လမ်းကို ကြည့်ပေးတာက သူ့အလုပ်လို့ ကူပါတာက ထင်ထားပုံပါပဲ။ ခွေးတွေကတောင် အရမ်းတာဝန်သိတတ်ပြီး အရမ်းသစ္စာရှိကြောင်းကို သူက ကျွန်တော်တို့ကို ပြနေတာပါ”လို့ အခြားဒေသခံတစ်ဦးက ပြောပါတယ်။

မကြာသေးခင်ကလည်း Adjara Tourism Department က ကူပါတာကို ခွေးအိမ်လေးနဲ့ ဂုဏ်ပြုပေးခဲ့ပါတယ်။ ခွေးအိမ်လေးမှာ ကူပါတာနာမည်လေးနဲ့ ‘People’s Choice” Star လေးကို တံဆိပ်နှိပ်ထားပါတယ်။ ဒါ့အပြင် ဘာတူမီမြို့က အဆောက်အဦးတစ်ခုရဲ့ နံရံမှာလည်း ကူပါတာရဲ့ပုံကို ပန်းချီဆွဲထားပါတယ်။ ကူပါတာကို ဘာတူမီမြို့ကလူတိုင်းကလည်း ချစ်ကြတဲ့အပြင် သူ့ကို သူငယ်ချင်းဖြစ်စေချင်ကြပါတယ်။ အခုဆိုရင် ကူပါတာအတွက် ရည်ညွှန်းပြီး ဖွင့်ထားတဲ့ အင်စတာဂရမ်အကောင့် http://tiny.cc/j948qz ၊ ဖေ့စ်ဘွတ်ခ်အကောင့် http://tiny.cc/3a58qz တွေတောင်ရှိနေပါပြီ။

ခွေးလေးကူပါတာရဲ့ဗီဒီယို

Ref: Good Boy Stops The Traffic So That Kindergarten Kids Could Safely Cross The Road

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top