5G ကွန်ရက် ဘတ်ဂျက် iPhone SE အပါအဝင် စွမ်းဆောင်ရည်မြင့် ပစ္စည်းသစ်တွေကို Apple မိတ်ဆက်

10-3-2022-yyl03.jpg

ဒီနှစ်အတွက် ပထမဆုံး ကုန်ပစ္စည်းသစ် မိတ်ဆက်ပွဲမှာ Apple ကုမ္ပဏီက iPad Air ၊ desktop ကွန်ပျူတာသစ်၊ စွမ်းဆောင်ရည်မြင့်မားတဲ့ Mac ချစ်ပ်ပြားအသစ်၊ ဘတ်ဂျက် iPhone အမျိုးအစားသစ်တွေကို မိတ်ဆက်ပြသခဲ့ပါတယ်။

5G ကွန်ရက်ရတဲ့ iPhone SE 2022 ကတော့ အထူးခြားဆုံးပါပဲ။ iPhone SE 2022 ဟာ ဘတ်ဂျက် iPhone တွေထဲမှာ တတိယမြောက်ဗားရှင်းဖြစ်ပြီး iPhone 13 တွေမှာ တပ်ဆင်တဲ့ A15 Bionic processor တပ်ဆင်ထားပါတယ်။ မျက်နှာပြင်အရွယ်အစားက အရင်ဗားရှင်းအတိုင်း ၄.၇ လက်မရှိပြီး အားပိုခံတဲ့ ဘက်ထရီနဲ့ အဆင်မြှင့်တင်ထားတဲ့ ကင်မရာ တပ်ဆင်ထားပါတယ်။ ဈေးသက်သက်သာသာနဲ့ 5G ကွန်ရက်အသုံးပြုနိုင်မယ့်အချက်ကတော့ အသုံးပြုသူတွေကို အဓိကဆွဲဆောင်နေပါတယ်။

iPhone SE 2022 က အမေရိကန်ဒေါ်လာ ၄၂၉ သတ်မှတ်ထားလို့ အရင်ဗားရှင်းနဲ့ယှဉ်ရင်တော့ ဒေါ်လာ ၃၀ ပိုများပါတယ်။ အနက်ရောင်၊ အဖြူရောင်၊ အနီရောင် စတဲ့ အရောင်(၃)မျိုး ထုတ်လုပ်ထားပြီး မတ်လ ၁၈ ရက်မှာ စတင်ဖြန့်ဖြူးပေးတော့မှာပါ။ Apple ဟာ iPhone 13 ကိုလည်း အစိမ်းပုပ်ရောင်၊ အစိမ်းနုရောင် အစရှိတဲ့ အရောင်(၂)မျိုး ထပ်မံထုတ်လုပ်မယ့်အကြောင်း ကြေညာခဲ့ပါတယ်။

Apple ရဲ့ ကုန်ပစ္စည်းသစ် မိတ်ဆက်ပွဲမှာ 5G ကွန်ရက် အသုံးပြုနိုင်ပြီး ရှေ့မှာ ကင်မရာတပ်ထားတဲ့ iPad Air ကိုလည်း ပြသခဲ့ပါတယ်။ iPad Air မှာ အသုံးပြုထားတဲ့ M1 ချစ်ပ်ပြားဟာ iPad Pro မှာ အသုံးပြုထားတဲ့ processor ပါ။ ဈေးနှုန်းကတော့ အမေရိကန်ဒေါ်လာ ၅၉၉ ကျသင့်မှာ ဖြစ်ပါတယ်။

Apple ဟာ Mac Studio နဲ့ Studio Display ဆိုတဲ့ desktop ကွန်ပျူတာသစ် ၂ မျိုးကိုလည်း မိတ်ဆက်ပြသခဲ့ပါတယ်။ Mac Studio ဟာ M1 Max ချစ်ပ်ပြားကို အသုံးပြုထားပြီး အလျား ၇.၇ လက်မ၊ အနံ ၃.၇ လက်မပဲ ရှိပါတယ်။ တခြား Macs တွေနဲ့ယှဉ်ရင် သေးငယ်၊ ပေ့ါပါး၊ မြန်ဆန်ပြီး စွမ်းအင်ချွေတာနိုင်မှာပါ။ M1 Ultra ချစ်ပ်ပြားအသုံးပြုထားတဲ့ The Mac Studio ဟာ Mac Pro နဲ့ယှဉ်ရင် ၉၀ ရာခိုင်နှုန်း ပိုမြန်ပြီး 64 GB မန်မိုရီ၊ 128 GB မန်မိုရီ ၂ မျိုး ထုတ်လုပ်မှာပါ။

M1 Max ချစ်ပ်ပြားအသုံးပြုထားတဲ့ Mac Studio ဟာ အမေရိကန်ဒေါ်လာ ၁၉၉၉ ကျမှာဖြစ်ပြီး M1 Ultra ချစ်ပ်ပြား အသုံးပြုတဲ့ Mac Studio ကတော့ အမေရိကန်ဒေါ်လာ ၃၉၉၉ ကျသင့်မှာပါ။ thunderbolt port 4 ခု၊ USB-A port ၂ ခု၊ ethernet၊ HDMI port နဲ့ ကျောဘက်မှာ audio jack တပ်ဆင်ထားပါတယ်။ အရှေ့ဘက်မှာ SD card reader ၊ USB-C (သို့) thunderbolt port တွေ ပါဝင်မှာပါ။

Studio Display ကတော့ မျက်နှာပြင် ၂၇ လက်မရှိပြီး 5K retina display ဖြစ်ပါတယ်။ ဗီဒီယိုကော ခေါ်ဆိုရင် ကြည်လင်ပြတ်သားစွာ မြင်တွေ့စေဖို့ 12 megapixel ကင်မရာတပ်ဆင်ထားပါတယ်။ Mac Studio Display ကတော့ ဒေါ်လာ ၁၅၉၉ ကနေ စတင်မှာဖြစ်ပါတယ်။

Apple ဟာ M1 ချစ်ပ်ပြားတွေရဲ့ စွမ်းဆောင်မှုနဲ့ မြန်နှုန်းကို အဆင့်မြှင့်တင်လာခဲ့ရာ အခုအခါမှာတော့ M1 Ultra ဆိုတဲ့ နောက်ဆုံးပေါ် ချစ်ပ်ပြားကို မိတ်ဆက်ပြသခဲ့ပါတယ်။ M1 Ultra ဟာ transistors 114 သန်း ပါဝင်လို့ M1 ထက် ၇ ဆ ပိုများပြီး Mac desktop ကွန်ပျူတာတွေကို ပိုမြန်စေပြီး စွမ်းဆောင်ရည် ပိုကောင်းစေမှာဖြစ်သလို စွမ်းအင်လည်း ပိုမိုချွေတာနိုင်စေမှာပါ။ 128 GB မန်မိုရီ ပါဝင်လို့ M1 ထက် ၈ ဆနီးပါး ပိုမြန်စေမှာပါ။

Ref: CNN “Apple unveils first budget 5G iPhone”

Nz ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top