မျိုးဗီဇပြုပြင်ထားတဲ့ ဝက်နှလုံး အစားထိုးခွဲစိတ်မှုခံယူခဲ့သူ ကွယ်လွန်

10-3-2022-yyl02.jpg

ကမ္ဘာ့ပထမဆုံးအဖြစ် မျိုးဗီဇပြုပြင်ထားတဲ့ ဝက်နှလုံးကို အစားထိုးခွဲစိတ်ကုသမှု ခံယူခဲ့တဲ့ အမျိုးသား ကွယ်လွန်သွားပြီလို့ မေရီလန်းတက္ကသိုလ်ရဲ့ ကျန်းမာရေးစင်တာက ထုတ်ပြန်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းမှာ ၅၇ နှစ်အရွယ် အမျိုးသား ဒေးဗစ်ဘန်းနက်ရဲ့ ကျန်းမာရေးအခြေအနေ ဆိုးရွားလာခဲ့ပြီး ပြီးခဲ့တဲ့အင်္ဂါနေ့မှာ ကွယ်လွန်သွားခဲ့တာလို့ ဆိုပါတယ်။ သူ့ကို ကျန်းမာရေး အထူးစောင့်ရှောက်မှုပေးခဲ့ပြီး နောက်ဆုံးအချိန်မှာ မိသားစုနဲ့ စကားပြောဆိုခွင့် ရခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

” ဒေးဗစ်ဘန်းနက် ကွယ်လွန်သွားလို့ ကျွန်တော်တို့ ယူကျုံးမရ ဖြစ်ရပါတယ်။ သူက နောက်ဆုံးအချိန်အထိ တိုက်ပွဲဝင်ခဲ့တဲ့ ရဲစွမ်းသတ္တိရှိသူ လူနာတစ်ယောက်ပါ။ ကျန်ရစ်သူမိသားစုအတွက် ဝမ်းနည်းရပါတယ်” လို့ မေရီလန်းတက္ကသိုလ် ကျန်းမာရေးစင်တာမှာ ဝက်နှလုံးအစားထိုးခွဲစိတ်ပေးခဲ့တဲ့ ခွဲစိတ်ဆရာဝန် ဒေါက်တာ ဂရစ်ဖစ်က ပြောပါတယ်။

ကုသမရတဲ့ နှလုံးရောဂါ ခံစားနေရသူ ဒေးဗစ်ဘန်းနက်ဟာ ဇန်နဝါရီလ ၇ ရက်မှာ မျိုးဗီဇပြုပြင်ထားတဲ့ ဝက်နှလုံး အစားထိုးခွဲစိတ်မှု ခံယူခဲ့တာပါ။ သူ့ရဲ့ဆေးမှတ်တမ်းတွေအရ ဒေးဗစ်ဘန်းနက်ဟာ သာမန်နှလုံးအစားထိုးခွဲစိတ်တာ၊ နှလုံးခုန်စက်တပ်တာတွေ လုပ်မရနိုင်လို့ ဝက်နှလုံးအစားထိုး ခွဲစိတ်မှုဟာ သူ့ရဲ့တစ်ခုတည်းသော ရွေးချယ်စရာ ဖြစ်ခဲ့ရပါတယ်။

လူ့ခန္ဓာကိုယ်က ဝက်နှလုံးကို လက်ခံနိုင်စေဖို့အတွက် မျိုးဗီဇ ၃ ခုကို ဖယ်ရှားခဲ့သလို လူ့နှလုံး မျိုးဗီဇ ၆ ခုကို ထည့်သွင်းပြီး အစားထိုးခွဲစိတ်မှုလုပ်ခဲ့တာပါ။ သီတင်းပတ် တော်တော်ကြာတဲ့အထိ လူ့ခန္ဓာကိုယ်က ငြင်းဆန်မှုလက္ခဏာ တစ်စုံတရာ ပြသခဲ့ခြင်းမရှိဘဲ အစားထိုးခွဲစိတ်ခဲ့တဲ့ ဝက်နှလုံးက ကောင်းကောင်းအလုပ်လုပ်ခဲ့ပါတယ်။

Related news – https://yoyarlay.com/ref-bbc-man-gets-genetically-modified-pig-heart-in-world-first-transplant/

Ref: CNN “Patient who received genetically modified pig heart in groundbreaking transplant surgery dies”

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top