တစ်ချိန်လုံး ထိုင်ပြီး အလုပ်လုပ်နေရတာကြောင့် ကြွက်သားတွေ တောင့်တင်းနေပြီလား

3-9-2020-yyl-009.jpg

မနက်ကနေစလို့ ညနေအထိ ထိုင်ပြီး အလုပ်လုပ်လိုက်တာ ကြွက်သားတွေရော အကြောတွေပါ တောင့်တင်းနေတာပဲဆိုတဲ့ သူလေးတွေ ရှိလား ကြွက်သားတွေ ပြေလျော့စေဖို့ဆိုရင် လေ့ကျင့်ခန်း လုပ်မှပဲလို့ တွေးနေပြီလား။ အစားအစာလေးတွေ စားရင်း ကြွက်သားပြေလျော့စေမယ်ဆိုရင်ရော စိတ်ဝင် စား မလား

ဒါဆိုရင် ကြွက်သားတွေ ပြေလျော့စေဖို့ ဘာတွေ စားရမလဲဆိုတာကို ဒီဆောင်းပါးလေးကနေ ပြောပြပေးပါရစေ။

ကြွက်သားတွေ ပြေလျော့စေမယ့် အစားအစာတွေက ဘာတွေများလဲ
ကြွက်သားတွေ ပြေလျော့စေဖို့ ဒါတွေစားပါ။

အယ်လ်မွန်စေ့

အယ်လ်မွန်မှာ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အဆီ၊ မဂ္ဂနီဆီယမ် နဲ့ ဗီတာမင် Eတို့ ကြွယ်ဝစွာ ပါဝင်နေပါတယ်။ တစ်နေ့တာမှာ အယ်လ်မွန်စေ့ ၁၀ စေ့ကနေ ၁၅ စေ့လောက် စားပေးတာက ဓာတ်တိုးဆန့်ကျင်ပစ္စည်း ပြည့်ဝစွာ ရရှိစေပြီး ရောင်ရမ်းမှု မဖြစ်အောင် ကာကွယ်ပေးသလို ကြွက်သားတွေကို ပြေလျော့စေပါတယ်။

အယ်လ်မွန်စေ့က အရွယ်မတိုင်ခင် အိုမင်းတာနဲ့ အခြားသော ရောဂါတွေ မဖြစ်စေဖို့လည်း ကာကွယ်ပေးပါတယ်။

ဘလူးဘယ်ရီ

ဘလူးဘယ်ရီသီးက အာဟာရရော ကျန်းမာရေး အကျိုးကျေးဇူးပါ များတာပါ။ ကြွက်သားတွေမှာ ဒဏ်ဖြစ်ရင် မြန်မြန် သက်သာစေသလို ကြွက်သားတွေ တောင့်တင်းနေတာကိုလည်း ပြေလျော့စေပါတယ်။

ဓာတ်တိုးဆန့်ကျင်ပစ္စည်း ကြွယ်ဝတဲ့အတွက် ဓာတ်တိုးပစ္စည်းတွေကြောင့် ရောင်ရမ်းတာကို သက်သာစေပါတယ်။ ဒါတွေအပြင် ဘလူးဘယ်ရီက နှလုံး ကျန်းမာစေသလို ဦးနှောက်စွမ်းဆောင်ရည်ကို ကောင်းစေပါတယ်။ အခြားသော ကျန်းမာရေး အကျိုးကျေးဇူးလည်း များတဲ့ အချိုတည်းစရာ အသီးလေးတစ်မျိုးပါ။

ငှက်ပျောသီး

ငှက်ပျောသီးက ပရိုတင်း၊ အမျှင်ဓာတ် နဲ့ ပိုတက်ဆီယမ် ကြွယ်ဝတဲ့ အသီးတစ်မျိုးပါ။ ဒါတင်မကသေးပါဘူး ငှက်ပျောသီးမှာ ပျက်စီးသွားတဲ့ ကြွက်သားတွေကို အသစ်ဖြစ်ပေးစေဖို့ ထောက်ကူပေးတဲ့ glycogen ပါယင်နေပါတယ်။

ကြွက်သားတွေကို ပြေလျော့စေသလို။ ကြွက်တက်တာမျိုး မဖြစ်စေဖို့လည်း ကာကွယ်ပေးပါတယ်။

ဆယ်လ်မွန်

ဆယ်လ်မွန်မှာ ခန္ဓာကိုယ်က ရောင်ရမ်းမှုကို သက်သာစေနိုင်တဲ့ Omega-3 fatty acids ပါဝင်နေပါတယ်။ ဆယ်လ်မွန်မှာ ပိုတက်ဆီယမ်ကလည်း ကြွယ်ဝစွာ ပါဝင်တာကြောင့် ကြွက်သားတွေကို ပြေလျော့စေသလို ကြွက်တက်တာမျိုး မဖြစ်စေဖို့လည်း ကာကွယ်ပေးပါတယ်။

သွေးပေါင်ချိန် ထိန်းညှိပေးသလို ကင်ဆာ ဖြစ်နိုင်ခြေကိုလည်း လျှော့ချပေးပါတယ်။

ဥအမျိုးမျိုး

ဥအမျိုးမျိုးမှာ ပရိုတင်း ကြွယ်ဝစွာ ပါဝင်နေပြီး ခန္ဓာကိုယ်ရဲ့ စွမ်းဆောင်ရည်ကို မြှင့်တင်ပေးပါတယ်။ ကြွက်သားတွေကို ပြေလျော့စေပြီး ကြွက်သားတွေ ပြန်လည်ကျန်းမာလာစေဖို့လည်း အားဖြည့်ပေးပါတယ်။

ပရိုတင်း အပြင် ဥအမျိုးမျိုးမှာ ကြွက်သား ကျန်းမာရေးကို အားဖြည့်ပေးတဲ့ အမိုင်နိုအက်ဆစ်၊ ကယ်လ်ဆီယမ် နဲ့ ဇင့်တို့ ပါဝင်နေပါတယ်။

ချာမိုမိုင်း ရေနွေးကြမ်း

ချာမိုမိုင်း ရေနွေးကြမ်းက ကြွက်သားတွေကို ပြေလျော့စေမယ့် ဒြပ်ပေါင်းတွေ ပါဝင်နေပါတယ်။ ကြွက်သားတွေကို ပြေလျော့စေသလို စိတ်ခံစားမှုကိုလည်း ကောင်းမွန်စေမှာပါ။

ဒါကြောင့်ကြွက်သားတွေ ပြေလျော့စေဖို့ဆိုရင် တစ်နေ့ကို ချာမိုမိုင်း ရေနွေးကြမ်း တစ်ခေါက် ပုံမှန်သောက်ပေးပါ။

ကဲ…..ဒါလေးတွေ စားလို့ အလုပ်ခွင်ကြောင့် ကြွက်သားတွေ တောင့်တင်းတာကို ဖြေလျော့လိုက်ရအောင်လား

Ref : hellosayarwon

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyowai Lynn
ရေးသားသူ Aye Thi Mon

Team ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top