ချမ်းသာဖို့ရာ အကြောင်းရှာ ကောင်းမှုကုသိုလ်ပါ

pink-buddha-latus.jpg

(၁)
ဗုဒ္ဓဘုရားရှင် ဟောကြားတော်မူခဲ့ရာ တရားအနှစ်ချုပ် စာပုဒ်တွေကို ဓမ္မပဒတရားလို့ခေါ်ဆိုပြီး ဓမ္မပဒပါဠိတော်မှာ လေးရာနှစ်ဆယ့်သုံးပုဒ်သော ကဗျာများကို စုစည်းထားကြောင်း မှတ်သားရပါတယ်။ ရှေးကာလကနေ လက်ရှိပစ္စုပ္ပန်ကာလအထိ ဘုရားရှင် ဟောတော်မူခဲ့တဲ့ ဗုဒ္ဓအဆုံးအမတွေထဲမှာ ဓမ္မပဒဟာ လိုရင်းတို ရှင်းအကျဆုံး တရားအစုဖြစ်ပါတယ်။ ဓမ္မအခြေခံတရားကို သိမြင် ပွားများစေနိုင်တဲ့ ဒီဓမ္မပဒဂါထာလေးတွေဟာ အခြေခံအားဖြင့် လူပုဂ္ဂိုလ်တစ်ဦးချင်းစီအတွက် အကျိုးစီးပွားဖြစ်ထွန်းစေရာနဲ့ လမ်းညွှန်ရာ ဖြစ်ကြောင်းလည်း ဆိုပါတယ်။ ဒီစာစုမှာတော့ ‘မကောင်းမှု ရှောင်၊ ကောင်းမှုဆောင်၊ ဖြူအောင် စိတ်ကိုထား’လို့ဆိုတဲ့ ဓမ္မပဒ ဒေသနာလာ အဆုံးအမထဲက ‘ကုသလဿ ဥပသမ္ပဒါ-ကုသိုလ်ကောင်းမှုနဲ့ ပြည့်စုံစေရာ၏’ ဆိုတဲ့အချက်အကြောင်း ဆွေးနွေးတင်ပြသွားချင်တာပါ။

‘အပြစ်ကင်းပ ကောင်းကျိုးရ၊ ပုည ကုသိုလ် ကောင်းမှုဆို’ ဆိုတဲ့ လင်္ကာလေးအတိုင်း ကုသိုလ်ဟာ အပြစ်ကင်းတဲ့အလုပ်၊ ကောင်းကျိုးရတဲ့ အလုပ်ကို ဆိုလိုတာဖြစ်ပါတယ်။ လောကလူသားတွေအနေနဲ့ အပြစ်အနာအဆာကင်းပြီး ကောင်းကျိုးချမ်းသာအဖြာဖြာ ဖြစ်ထွန်းစေတဲ့ ကုသိုလ်ကောင်းမှုကို ပြုကြဖို့အရေး ဘာဖြစ်လို့ ဟောကြားဆုံးမထားလဲ မေးလာရင်တော့ ‘ချမ်းသာသုခနဲ့ ပြည့်စုံကြဖို့’လို့ လိုရင်းကျကျ ဖြေဆိုရမှာပါ။

လောကထဲမှာ ဘယ်သူမဆို ချမ်းသာချင်၊ ပြည့်စုံချင်ကြတယ်။ ဆင်းရဲချင်သူ၊ ဒုက္ခရောက်ချင်တဲ့သူရယ်လို့ မရှိပါဘူး။ အကြောင်းအကျိုးလောကကြီးမှာ အကြောင်းကိုပြုပြီးရင် အကျိုးကို ရှောင်လို့မရတာ ဓမ္မတာပါ။ ဥပမာအနေနဲ့ ကောင်းမှုရဲ့ ဆန့်ကျင်ဘက် မကောင်းမှု အကုသိုလ်ဟာ ဆင်းရဲဒုက္ခကို ဖြစ်စေတဲ့ အကြောင်း ဖြစ်နေပါတယ်။ မကောင်းမှုနဲ့ ဆင်းရဲဒုက္ခဆိုတာ အကြောင်းအကျိုးတစ်စုံ ဖြစ်နေတယ်ဆိုရင် တစ်ဘက်မှာလည်း ကောင်းမှု ကုသိုလ်နဲ့ ချမ်းသာသုခဟာ အကြောင်းအကျိုး တစ်စုံဖြစ်ပါတယ်။ ဒီအတွက် ဆင်းရဲဒုက္ခကို မလိုလားဘူး၊ မိမိတို့ရဲ့ ဘဝမှာ အစစအရာရာ ပြည့်စုံချင်၊ ချမ်းသာချင်ကြတယ်ဆိုရင်တော့ ချမ်းသာပြည့်စုံခြင်းရဲ့အကြောင်းရင်းဖြစ်တဲ့ ကုသိုလ် ကောင်းမှုအလုပ်တွေ လုပ်ဆောင်ကြရမှာ ဖြစ်ပါတယ်။

လူတစ်ယောက်၊ ပုဂ္ဂိုလ်တစ်ဦး ဆောင်ရွက်လိုက်တဲ့အမှုကိစ္စ တစ်ခုဟာ မိမိကိုယ်တိုင်ရော သူတစ်ပါးအတွက်ပါ ဘေးအန္တ ရာယ်မရှိဘူး၊ လက်ရှိဘဝ ပစ္စုပ္ပန်သာမက နောင်ဘဝသံသရာအတွက်ပါ ချမ်းသာနိုင်တယ်၊ နောက် ပညာရှိသူတော်ကောင်းတွေကလည်း ချီးမွမ်းအားပေးကြမယ်ဆိုပါစို့။ အဲဒီအလုပ်မျိုးကို ‘အနဝဇ္ဇကမ္မ-အပြစ်ကင်းသော အလုပ်၊ ကုသိုလ်အလုပ်လို့ခေါ် ပြီး အပြစ်ကင်းတဲ့အလုပ်ကို လုပ်မှလည်း အကျိုးပေးတဲ့အခါမှာ ကောင်းကျိုးချမ်းသာ ရရှိစေမှာ သေချာပါတယ်။ ဒါကြောင့် ‘ကုသိုလ်ကောင်းမှုမှန်သမျှ မိမိတို့သန္တာန်မှာ ပြည့်စုံအောင် ကြိုးစားကြ’ ဆိုပြီး ပွင့်တော်မူပြီးသမျှ အဆူဆူသော ဘုရားရှင်တို့က သတိပေး၊ ဆုံးမခဲ့ကြတာ နားလည်ဖို့ ပါပဲ။

(၂)
ကောင်းမှုဟာ အကြောင်းတရား၊ ချမ်းသာသုခက အကျိုး တရားဖြစ်လို့ ချမ်းသာချင်ရင် ကုသိုလ်ကောင်းမှုနဲ့ ပြည့်စုံအောင် ကျင့်ကြံလုပ်ဆောင်ရမယ်ဆိုတာ ပြောပြီးပါပြီ။ ဒီတစ်ခါမှာတော့ သစ္စာရွှေစည်ဆရာတော် ဟောကြားထားတဲ့ ‘ကောင်းမှုဆောင် တရားတော်’ ထဲက ‘ကုသိုလ်ကောင်းမှုဆိုတာ ချမ်းသာသုခရဲ့ နာမည်ပါ’ ဆိုတဲ့ဆုံးမစကားကို ကိုးကားပြီး ထပ်ဆင့်မျှဝေပေးပါရ စေ။

အင်္ဂုတ္ထိုလ်ပါဠိတော်၊ သတ္တကနိပါတ်၊ မေတ္တသုတ်မှာ ဗုဒ္ဓ ဘုရားရှင်က ‘ရဟန်းတို့၊ ကုသိုလ်ကောင်းမှုတို့ကို မကြောက်ကြ လင့်။ ရဟန်းတို့၊ ကုသိုလ်ကောင်းမှုတို့ဟူသော အမည်သည် ချမ်းသာသုခ၏ အမည်တည်း’ လို့ ဟောကြားတော်မူခဲ့ကြောင်း မှတ်သား နာကြားရပါတယ်။ လောကလူသားတွေဟာ စွန့်လွှတ်ပေးကမ်း၊ လှူဒါန်းခြင်းဆိုတဲ့ ဒါနအမှုတွေ ပြုနိုင်ဖို့ နှမျောတွန့်တို၊ ကြောက်ရွံ့ခြင်းမရှိ ဘဲ လုပ်ဆောင်နိုင်ရမယ်။

စောင့်စည်းထိန်းသိမ်းခြင်းဆိုတဲ့ သီလအမှုကို ပြုတဲ့နေရာမှာလည်း တွန့်ဆုတ်ခြင်းမရှိဘဲ ကိုယ်ကျင့် သီလဖြူစင်ရမယ်။ သမာဓိ၊ ပညာ၊ ဘာဝနာစတဲ့ ကောင်းမှုအလုပ်တွေကိုလည်း ကြောက်ရွံ့ခြင်း၊ နောက်တွန့်ခြင်း ကင်းကင်းနဲ့ ပြုမူကျင့်ကြံဖို့ လိုအပ်ကြောင်း ဒေသနာတော်က ဆုံးမထားတာပါ။ ဒီလိုမျိုး ဒါန၊ သီလ၊ ဘာဝနာစတဲ့ ကုသိုလ်အလုပ်တွေကသာ မိမိတို့ရဲ့ဘဝကို ကောင်းကျိုးချမ်းသာတွေ ပေးစွမ်းနိုင်မှာ ဖြစ်လို့ ကောင်းမှုအလုပ်တွေလုပ်နိုင်ဖို့အရေး မကြောက်ကြနဲ့လို့ ဟောကြားထားတာပဲဖြစ်ပါတယ်။

ကျွန်တော်တို့တွေဟာ ဗုဒ္ဓဘာသာဝင်များပီပီ သူတစ်ပါးရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းပေးရင် ကိုယ့်လိုအပ်ချက် ပြည့်စုံနိုင်မယ်၊ တစ်ဘက်သားကို မေတ္တာထားရင် တစ်ဘက်သားဆီက မေတ္တာထားမှု ပြန်ရလာမယ်၊ ကောင်းတာလုပ်ရင် ကောင်းတာဖြစ်မယ်ဆိုတဲ့ ကံကံ၏အကျိုးကို ယုံကြည်တတ်ကြပါတယ်။ ကံကံ၏အကျိုးကို နှစ်နှစ်ကာကာ ယုံကြည်လာပြီဆိုရင် ကိုယ်ချင်းစာမေတ္တာတရားနဲ့ စွန့်ကြဲပေးကမ်းခြင်း၊ ကိုယ်ကျင့်သီလ စောင့်စည်းခြင်းစတဲ့ ကုသိုလ်ကောင်းမှုအလုပ်တွေ လုပ်ဆောင်နိုင်ဖို့ရာ အဲဒီလောက်ထိ အခက်အခဲ ရှိနိုင်တော့မယ်မထင်ပါဘူး။

(၃)
ကုသိုလ်ကောင်းမှုနဲ့ပတ်သက်ပြီး ယုံကြည်မှု သဒ္ဓါတရားတိုး ပွားစေဖို့၊ ကောင်းမှုရဲ့အပေါ်မှာ နားလည်မှု ပညာတရား တိုးပွားစေဖို့အတွက် ဓမ္မပဒ၊ ယမကဝဂ်လာ ‘ဣဓ နန္ဒတိ’ အစရှိတဲ့ ဂါထာတော်ကိုလည်း ‘ကောင်းမှုဆောင် တရားတော်’မှာ သစ္စာရွှေစည်ဆရာတော်က ထုတ်နုတ်မိန့်ကြားထားပါတယ်။

‘ဣဓ နန္ဒတိ ပေစ္စ နန္ဒတိ၊ ကတပုညော ဥဘယတ္ထ နန္ဒတိ’ ဂါထာအရ ကတပုညော-ကောင်းမှုကုသိုလ်ကို ပြုသူဟာ၊ ဣဓ နန္ဒတိ-အခုလည်းပဲ နှစ်သက်ရတယ်၊ စိတ်ထဲမှာ ချမ်းသာရတယ်။ ပေစ္စ နန္ဒတိ-နောင်မှာလည်းပဲ နှစ်သက်ရတယ်၊ စိတ်ထဲမှာ ချမ်းသာရတယ်။ ဥဘယတ္ထ နန္ဒတိ-အခုရော နောင်ပါ ချမ်းသာရ တယ်၊ နှစ်သက်ရတယ်’လို့ ဓမ္မပဒမှာ ဟောကြားထားတာပါ။

ကောင်းမှုကုသိုလ်ဆိုတာ ခုရောနောင်ပါ နှစ်သက်ရတဲ့အလုပ်၊ ကောင်းတာတွေ လုပ်နေရတယ်ဆိုတဲ့ အတွေးနဲ့ နှစ်သက် ဝမ်းမြောက်ရတဲ့အလုပ်ဖြစ်သလို ကောင်းမှုရဲ့အကျိုးရလဒ်ကို ခံ စားရပြီ၊ ရရှိလာပြီဆိုရင် ပိုတိုးပြီးတောင် နှစ်သက်ရကြောင်းလည်း သစ္စာရွှေစည်ဆရာတော်က ဟောကြားပါတယ်။

တစ်နည်းအားဖြင့်တော့ လူတစ်ဦး၊ ပုဂ္ဂိုလ်တစ်ယောက်ဟာ ဒါန၊ သီလအစရှိတဲ့ ကုသိုလ်ကောင်းမှုတွေနဲ့ ပြည့်စုံထုံမွှမ်းနေမယ်ဆိုရင် လောလောဆယ် လက်ရှိဘဝ ပစ္စက္ခမှာ ချမ်းချမ်းသာသာ နေရသလို အနာဂတ်ဘဝနဲ့ နောင်သံသရာ ကောင်းကျိုးအတွက်လည်း အာမခံပေးနိုင်တဲ့သဘော ဖြစ်ပါတယ်။ ဒါဟာ ကုသိုလ်ကောင်းမှုရဲ့ အစွမ်းသတ္တိပါပဲ။ ဘဒါတင် မကသေးပါဘူး။ ဘုရားဟောဒေသနာဖြစ်တဲ့ နိဓိ ကဏ္ဍသုတ္တန်မှာဆိုရင်လည်း ကောင်းမှုကုသိုလ်အလုပ်ဟာ ရွှေအိုးမြှုပ်တာနဲ့တူတဲ့အကြောင်း ဟောကြားခဲ့တာ ရှိပါတယ်။

ဒီဘက်ခေတ်မှာ ကျွန်တော်တို့တွေဟာ စီးပွားရေးအခြေအနေ ကောင်းလို့ ငွေပိုငွေလျှံလေးရှိလာပြီဆိုရင် ဘဏ်ထဲမှာ သွားအပ်ထားတတ်ကြတယ်။ ဟိုးရှေးခေတ်တုန်းက လူတွေဟာလည်း စီးပွားရေးအဆင်ပြေလာရင် နောင်တစ်ချိန် လိုအပ်တဲ့အခါ သုံးနိုင်ဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့ ရွှေတိုရွှေစလေးတွေစု၊ အိုးတစ်လုံးထဲ ထည့်ပြီး မြေကြီးထဲ မြှုပ်နှံသိမ်းဆည်းထားတတ်ကြောင်း ဆိုပါ တယ်။ ဒီလိုမျိုး ရွှေအိုးမြှုပ်တဲ့ဓလေ့ကို ဥပမာပေးပြီး ကုသိုလ် ကောင်းမှုဆိုတာကလည်း မြှုပ်ထားတဲ့ရွှေအိုးနဲ့ တူတဲ့အကြောင်း ဟောကြားခဲ့တာပဲ ဖြစ်ပါတယ်။

နိဓိကဏ္ဍသုတ်မှာ ဆက်ပြောထားတာက အနာဂတ်အတွက် ဆိုပြီး ရွှေအိုးမြှုပ်တာဟာ အခန့်မသင့်ရင် မြေနေရာ ရွေ့ရှားသွား တာ၊ ဥစ္စာရှင်က နေရာမေ့လျော့သွားတာ၊ နဂါးတွေက နေရာ ပြောင်းထားသွားတာမျိုး ဖြစ်နိုင်သေးတယ်လို့ ဆိုပါတယ်။ ကု သိုလ်ကောင်းမှုတည်းဟူသော ရွှေအိုးကတော့ ဘယ်လိုမှ ပျောက်ပျက်သွား၊ ပျက်စီးသွားတာမျိုးမရှိဘဲ ကုသိုလ်ပြုသူနောက်ကို တမလွန်ထိတိုင် အစဉ်လိုက်တတ်ကြောင်း ဗုဒ္ဓဘုရားရှင်က ဟော ဖော်ညွှန်ပြ ဆိုဆုံးမထားတာပါ။

(၄)
ကုသိုလ်အလုပ်နဲ့ ပတ်သက်လို့ မှတ်သားမိသမျှ သုတ္တန်တချို့ ကို ထုတ်နုတ်တင်ပြပြီးတဲ့နောက် ရိုးရိုးရှင်းရှင်း ကြားဖူးထားတဲ့ ဆောင်ပုဒ်လင်္ကာလေးတစ်ခုကို တင်ပြပေးချင်ပါသေးတယ်။ ‘ကောင်းမှုတစ်ခု နေ့စဉ်ပြု၊ ကောင်းမှုပြုက ကောင်းကျိုးရ ဘဝအဆင်ပြေ’ ဆိုတဲ့ တိုက်တွန်းစကားလေးပါ။

ကောင်းမှုကုသိုလ်ဆိုတာ ချမ်းသာသုခရဲ့ နာမည်တစ်ခုလို့ တရားတော်မှာ ဟောကြားထားပြီးသား ဖြစ်တဲ့အတွက် သူသူငါငါ ကျွန်တော်တို့တွေဟာ မိမိတို့ဘဝ အဆင်ပြေချင်တယ်၊ ချမ်းသာရချင်တယ်ဆိုရင်တော့ ကိုယ်တတ်နိုင်သမျှ ကုသိုလ်ကောင်းမှု လေးတွေကို နေ့စဉ်နဲ့အမျှ ပြုသွားကြဖို့ပါပဲ။ အနည်းဆုံးတော့ ဘုရားရှင်ကို ဆွမ်း၊ ရေချမ်း၊ ပန်းကပ်တာ၊ ကိုယ့်ထက် နွမ်းပါး နိမ့်ကျသူတွေကို ကိုယ့်သုံးမယ့်၊ စားမယ့်အထဲက တစ်ဆုပ်တစ်လုတ် မျှဝေတာ …စတဲ့ ငွေကုန်ကြေးကျ မများဘဲ ရနိုင်တဲ့ ကုသိုလ်အလုပ်လေးတွေကို လုပ်ဆောင်သွားဖို့ ဖြစ်ပါတယ်။

ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော်ကြီးကလည်း ‘ကု သိုလ်ဖြစ်အောင် သတိဆောင်’တရားတော်မှာ ဗုဒ္ဓဘာသာဝင် သူတော်စင်များအနေနဲ့ ကုသိုလ်ကောင်းမှုအလုပ်တွေလုပ်ဖို့ မေ့ လျော့ပေါ့ဆ မနေကြဖို့ ဟောကြားဆုံးမထားတာ ရှိပါတယ်။

လောကလူသားတွေဟာ ဘဝတစ်ခုရလာပြီး အဲဒီဘဝမှာ နေလို့ထိုင်လို့ အဆင်ပြေပြီဆိုရင် အသက်ရှည်ရှည် ဆက်နေချင် ကြသလို အသက်ရာကျော် ရှည်ပါစေမည့်အကြောင်းလည်း ဆုတွေတောင်းတတ်ကြတယ်။ လူ့ရဲ့အသက်ဟာ ကုသိုလ်ကံက ထုတ်လုပ်ထားတာဖြစ်တဲ့အတွက် တကယ်တမ်း အသက်ရှည်ခြင်းရဲ့ အကြောင်းဟာ ကုသိုလ်တရားပဲဖြစ်တဲ့အကြောင်း၊ အသက်ရှည်ချင်ရင် ကုသိုလ် ကောင်းမှု များများပြုဖို့လိုကြောင်း ဆရာတော်ကြီးက ထောက် ပြမိန့်ကြားထားတာပါ။

ဒါ့အပြင် အနာရောဂါကင်းရှင်းခြင်းရဲ့ အကြောင်းဟာလည်း ကုသိုလ်တရားပဲဖြစ်တာကြောင့် ကောင်းမှုကုသိုလ်ဆိုတာ လော ကလူသားတွေအတွက် ကောင်းကျိုးချမ်းသာအဖြာဖြာကို ပေးစွမ်း နိုင်တဲ့အလုပ်လို့ ဆိုရမှာဖြစ်ပါတယ်။ ‘ကုသိုလ်ကောင်းမှု၌ မမေ့လျော့ခြင်းဆိုတဲ့ အပ္ပမာဒတရားသည် လူ့လောကမှာ လူတွေလိုချင်ကြတဲ့၊ ဆန္ဒပြုကြတဲ့ အသက် ရှည်ခြင်း၊ ကျန်းမာခြင်းစတဲ့ ချမ်းသာသုခတွေကို ပေးစွမ်းနိုင်တယ်လို့ ယုံကြည်ရမယ်။ ပြီးတော့ အဲဒီ အပ္ပမာဒတရားနဲ့ မဂ္ဂင် ရှစ်ပါးဆိုတဲ့ ဝိပဿနာကျင့်စဉ်ကိုကျင့်ဖို့ ဦးလှည့်ပေးလိုက်မယ်ဆိုရင် နိဗ္ဗာန်ချမ်းသာရတဲ့အထိ ကောင်းသောအကျိုးပေးနိုင်တယ်’ ဆိုတဲ့ ကျေးဇူးတော်ရှင် ပါမောက္ခချုပ် ဆရာတော်ကြီးရဲ့ မိန့်ကြား ချက်ကို အလေးအနက်ထားရင်း ‘ချမ်းသာဖို့ရာ အကြောင်းရှာ ကောင်းမှုကုသိုလ် ပါ’ဆိုတဲ့ စကားလက်ဆောင်လေး ပါးပေးလိုက်ပါရစေ။

MoeAungLinnNaing ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top