မြန်မာအမျိုးသမီး ကိုယ်လုံပညာရှင် Michelle နှင့် တွေ့ဆုံခြင်း

4.jpg

အလှမယ် ပြိုင်ပွဲတွေမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သူတစ်ယောက် ဖြစ်သလို၊ လတ်တလောမှာ မြန်မာအမျိုးသမီးတွေအတွက် ကိုယ်လုံပညာ (ကိုယ်ခံပညာ) ရပ်တွေကို သင်ကြားပေးနေတဲ့ မီရှဲလ် (Michelle) ကို ရိုးရာလေးက သွားရောက်မေးမြန်းဖြစ်ခဲ့ပါတယ်။

ကိုယ်လုံပညာကို သင်ကြားပေးရတဲ့ ရည်ရွယ်ချက်နဲ့ အတွေ့အကြုံတွေ၊ မြန်မာအမျိုးသမီးငယ်တွေမှာ ကြုံနေရတဲ့ အခက်အခဲတွေ၊ လက်ရှိ လူမှုအဖွဲ့အစည်းမှာ ဖြစ်နေတဲ့ လုံခြုံရေး ထိခိုက်နေမှု ကိစ္စရပ်တွေအပေါ်  Michelle ရဲ့ အမြင်တွေကို မေးမြန်း ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့တာကို ပြန်လည် ဖော်ပြပေးလိုက်ရပါတယ်။

ရိုးရာလေး : ညီမအနေနဲ့ ဒီ ကိုယ်လုံပညာရပ်ကို ဘယ်လို စ လေ့လာခဲ့သလဲ သိပါရစေ။

Michelle :  ညီမက ကိုယ်လုံပညာ ဆိုတာထက် မြန်မာ့လက်ဝှေ့ကို ၂၀၁၁ လောက်ထဲက YMCA မှာ စပြီး ဆရာ တင်ဇော်လတ်နဲ့ လေ့ကျင့်ဖြစ်တယ်။ ဒီ ၂၀၁၆ နှစ်အစပိုင်းကမှ စပြီး ကိုယ်လုံပညာသင်တန်းဆိုပြီး ညီမသိထားတဲ့၊ လေ့လာထားတဲ့ ပညာတွေနဲ့ ပေါင်းပြီးတော့ အမျိုးသမီးငယ်လေးတွေ၊ အထူးသဖြင့် စစချင်း လေ့လာမယ့်သူတွေအတွက် ဘယ်လိုသင်ရမလဲဆိုတာကို စဉ်းစားပြီးတော့ သင်ဖြစ်သွားတာပါ။

ရိုးရာလေး : သင်တန်းအနေနဲ့ရော ဒီမှာပဲ ရှိတာလား။

Michelle : လောလောဆယ်တော့ ဒီ Junction Mawtin Fitness Express မှာပဲ ဖွင့်ထားပါတယ်။ ဒီ စနေ တနင်္ဂနွေတန်းကိုမှ ၁ နာရီကနေ ၂ နာရီခွဲနဲ့ ရုံးသမားတွေအတွက် အထူးဖွင့်ထားတဲ့ တနင်္ဂနွေ သင်တန်း က ၁၀ နာရီကနေ ၁၂နာရီအထိ သင်တာ ၂ ခု ရှိပါတယ်။ နောက်နှစ်မှာဆိုရင်တော့ မန္တလေးမှာ သွားသင်ပေးဖို့ အစီအစဉ်ရှိပါတယ်။ နောက်ပိုင်းမှာတော့ ဒီက NGO တွေနဲ့ ပူးပေါင်းပြီး ငွေကြေးမတတ်နိုင်သူတွေ၊ လာရောက်ဖို့ အဆင်မပြေသူတွေဆီ သွားသင်ပေးဖို့ အစီအစဉ်တွေတော့ ရှိပါတယ်။

ရိုးရာလေး : သင်တဲ့ နည်းစနစ်တွေကျတော့ မြန်မာ့လက်ဝှေ့လည်းတွေ့တယ်၊ Kick Boxing ကိုလည်း လေ့လာထားတယ် ကြားတယ်ခင်ဗျ … အဲဒါကျတော့..

Michelle :  ညီမ အဓိက လေ့လာတာကျတော့ မြန်မာ့လက်ဝှေ့ပေါ့။ မြန်မာ့လက်ဝှေ့မှာမှ လက်သီးထိုးတတ်ဖို့နဲ့ လက်သီးကာတတ်ဖို့ကို အဓိက ထားသင်ပါတယ်။ ကိုယ့်ကို တိုက်ခိုက်လာရင် ဘယ်လိုကာကွယ်ရမလဲ၊ ကိုယ်က ဘယ်လို တိုက်ခိုက်ရမလဲဆိုတာကို အလွယ်ကူဆုံးနဲ့ အရိုးရှင်းဆုံး ဖြစ်အောင် သင်ထားတာပါ။ အာခီဒိုကိုလည်း ညီမ လေ့လာလိုက်စားဖူးပါတယ်။ ဒါပေမယ့် သူ့ နည်းစနစ်တွေကို အရေးအကြောင်းဆိုရင် ညီမကိုယ်တိုင်လည်း မှတ်မိပြီး ပြန်အသုံးချနိုင်ဖို့ မလွယ်ကူတာတွေ့ရလို့ အလွယ်ကူဆုံး တုံ့ပြန်နိုင်မယ့် ဟာမျိုးကိုပဲ ရွေးပြီး သင်ပေးတာပဲ ဖြစ်ပါတယ်။

ရိုးရာလေး : ၂၀၁၃ ခုနှစ်လောက်တုန်းကလည်း Miss International ပြိုင်ပွဲတွေ ဝင်ခဲ့တယ်လို့ သိရတယ်။ အလှမယ်တစ်ယောက်ဘဝနဲ့ ဒီလိုမျိုး ကိုယ်လုံပညာရပ် နည်းပြဆရာမဘဝနဲ့ ဘယ်လိုမျိုးတွေ ကွာတယ်လို့ ခံစားရပါသလဲ။ ဒီ နှစ်ခုထဲက ဘာကို ပိုကြိုက်သလဲ။

Michelle : နှစ်ခုလုံးတော့ ကြိုက်တာပါပဲ။ အလှမယ်တစ်ယောက်အနေနဲ့ ကိုယ်ကတော့ လှပကျော့ရှင်းမှု၊ ဉာဏ်ပညာပြည့်စုံမှု၊ လူအများနဲ့ ဆက်ဆံရေးကောင်းမွန်မှုတွေကို အဓိက ထားရတယ်ပေါ့။
ကိုယ့်ရဲ့ အပြင်အဆင်ကို အမြဲဂရုစိုက်နေရတယ်။ နည်းပြဆရာမဘဝမှာ ကျတော့ ကိုယ်တိုင်က ကြည့်ကောင်းဖို့ ဆိုတာထက် သူများတွေကို ပိုပြီး ဂရုစိုက်ရပါတယ်။ သူတို့ ဘာတွေ လေ့လာသွားသလဲ၊ ကိုယ်က ဘာပေးလိုက်နိုင်သလဲဆိုတာကို အဓိက ထားရတယ်။ ပြီးတော့ အလှမယ်တစ်ယောက်ဘဝမှာက ကိုယ်က သွားတာလာတာ၊ ပြောတာဆိုတာက အစ မိန်းမဆန်ရတာကို ကြိုက်သလို ဒီ နည်းပြဆရာမဘဝမှာ မိန်းကလေးတစ်ယောက်နဲ့ မတူဘဲ သန်သန်မာမာ ဖျတ်ဖျတ်လတ်လတ်နဲ့ သင်ကြားပေးရတာကိုလည်း ကြိုက်ပါတယ်။

ရိုးရာလေး :  လက်ရှိ မြန်မာ့လူ့အဖွဲ့အစည်းထဲက အမျိုးသမီးတွေရဲ့ လုံခြုံရေးအပိုင်းကိုရော ဘယ်လိုမြင်လဲ။ ကာကွယ်ဖို့ တော်တော်လိုအပ်တယ် ထင်လား။

Michelle : အခု ရန်ကုန်မြို့မှာတော့ လုံးဝလုံခြုံမှု မရှိပါဘူး။ ကိုယ့်အိမ်မှာ ကိုယ်နေတာတောင်မှ သော့ဖျက်ပြီး ဝင်လာဖို့ ကြိုးစားတဲ့သူတွေ ရှိနေတယ်လို့ ကြားရတယ်။ ပါးစပ်နဲ့ စနောက်ခံရတာတွေ၊ အိမ်တွင်း အကြမ်းဖက်မှုတွေ ရှိတယ်။ တစ်ခါတစ်လေ အကျုးလွန်ခံရသူတွေကတောင် ဒီလိုမျိုးလုပ်တာတွေဟာ လိင်ပိုင်းဆိုင်ရာ ထိပါးစော်ကားမှု လုပ်နေတာမှန်း မသိဘူး။ ကျန်းမာရေးဆိုင်ရာနဲ့ ပတ်သက်ရင်လည်း ဆရာဝန်တွေက အမျိုးသားဆရာဝန်တွေ ဖြစ်နေခဲ့ရင် မမေးရဲတာတွေ ရှိနေနိုင်ပါတယ်။ ဒီသင်တန်းမှာတော့ ကိုယ်လုံပညာသက်သက်အပြင် လိင်မှုဆိုင်ရာ ကျန်းမာရေး၊ ဥပဒေရေးရာ ဗဟုသုတ တွေကို သင်ကြားပေးတာလည်း ရှိတယ်။ အမျိုးသမီးဆရာဝန်နဲ့ ဆွေးနွေးလို့ရအောင်လည်း သီးသန့်ထားထားပေးပါတယ်။ ဥပဒေဆိုင်ရာ ဗဟုသုတအနေနဲ့ဆိုရင်လည်း … ဥပမာ ဆိုပါစို့ … ကိုယ့်ကို ညစ်ညမ်းဓာတ်ပုံတွေ ပြလာမယ်ဆိုရင် ဘယ်လိုမျိုး သက်သေယူပြီး ဘယ်လိုတိုင်ရတယ်ဆိုတာ ပြပေးတယ်။ ဘယ်ဥပဒေ ဘယ်ပုဒ်မနဲ့ ငြိစွန်းတယ်ဆိုတာမျိုးကို သင်ပြပေးပါတယ်။

ရိုးရာလေး : ကျွန်တော့်အမြင်အရတော့  အကြမ်းဖက်မှုတွေ၊ လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်မှုတွေဆိုတာက အမျိုးသမီးတွေဘက်ကပဲ ကာကွယ်တတ်နေရုံနဲ့ ရေရှည်အတွက် မပြေလည်ပါဘူး။ အမျိုးသားတွေဘက်ကလည်း ထိုက်သင့်တဲ့ လေးစားနားလည်မှုတွေရှိဖို့ လိုပါတယ်။ အဲဒီအတွက်ကိုရော ဒီမှာ သင်တန်းပေးတဲ့ အပြင် တစ်နည်းတစ်ဖုံနဲ့ ကြိုးစားတာမျိုးတွေ ရှိပါသလား။

Michelle : ဒီမှာ သင်တန်းပထမဆုံးတက်တဲ့ နေ့မှာထဲက သင်တန်းသူတွေ အားလုံးကို မေးပါတယ်။ ဘယ်လိုနေရာတွေမှာ လိင်ပိုင်းဆိုင်ရာနှောက်ယှက်ခြင်းတွေ ကြုံရလဲဆိုတော့ အမျိုးမျိုးဖြေတယ်။ လူရှင်းတဲ့ နေရာ၊ လူပြတ်တဲ့နေရာ၊ လူစည်တဲ့ နေရာ အမျိုးမျိုးမှာ ဘောင်းဘီစကတ်၊ မြန်မာဝတ်စုံ ဘယ်လိုပဲ ဝတ်ထားဝတ်ထား လိင်ပိုင်းဆိုင်ရာနှောက်ယှက်ခြင်းက လုပ်တာက လုပ်တာပဲ ဆိုတာမျိုးတွေ ဖြစ်လာတယ်။ ပြီးတော့ အမျိုးသားတွေကိုလည်း အမျိုးသမီးတွေဘက်က ဘယ်လိုပဲ ဝတ်ထားထား သူတို့ ခန္ဓာကိုယ်အပေါ် သူတို့နှစ်သက်သလို ဆင်ယင်နိုင်တယ်ဆိုတဲ့ အကြောင်းပြောချင်ပေမယ့် ဒီမှာက “အဝတ်အစား … အဝတ်အစား … အဝတ်အစား“ နဲ့ပဲ ဖြစ်နေကြတော့ ခက်တယ်။ အမှန်က မြန်မာအဝတ်အစားနဲ့လည်း ကိုယ်ကျင့်တရားမကောင်းသူတွေ ရှိနေနိုင်တယ်။ အဝတ်အစား လုံလုံခြုံခြုံဝတ်ပြီး အပြောခံ၊ အနှောင့်ယှက်ခံနေရတဲ့ အမျိုးသမီးတွေလည်း အများကြီး ရှိနေတယ်။ အဲဒီအပေါ်မှာ လူတွေရဲ့ mindset ပြောင်းမှပဲ ဖြစ်မယ်။ အဓိက ကတော့ လိင်ပိုင်းဆိုင်ရာနှောက်ယှက်ခြင်း အလုပ်ခံရတဲ့ အမျိုးသမီးတွေကို ငါတို့ မြှူဆွယ်လို့ မဟုတ်ဘူး“ ဆိုတာ သိအောင် ပြောပြပေးပါတယ်။

ရိုးရာလေး : ဒီမှာ ဒီလို ကိုယ်လုံပညာ သင်ကြားပေးနေတာအပြင် အမျိုးသမီးတွေရဲ့ တိုးတက်ရေး၊ ကိုယ်ရည်ကိုယ်သွေး မြင့်မားရေးတွေ အတွက်ရော ဘာ အစီအစဉ်တွေ လုပ်ဖြစ်နေတာ ရှိသေးလဲ ခင်ဗျာ။

Michelle : မြောက်ဒဂုံမှာ ရှိတဲ့ ဒို့ကျောင်းသား (DKT) အခမဲ့ ပညာသင်ကျောင်းကို ဒီနေ့သွားကြည့်ပြီး မျိုးဆက်ပွား ကျန်းမာရေးဆိုင်ရာ ပညာပေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။ ဆယ်ကျော်သက်တွေ ဖြစ်တာမို့ လူကြီးတွေကို ရှင်းပြတဲ့ ပုံစံမျိုး မဟုတ်ဘဲ သူတို့ အသက်အရွယ်နဲ့ သင့်တော်တဲ့ အနေအထားမျိုး၊ အတိုင်းအတာမျိုးအထိ သင်ကြားပေးပါတယ်။ ပြီးတော့ ကိုယ်လုံပညာ သင်ကြားပေးတာမျိုးတွေ ရှိနေပါတယ်။ အမျိုးသမီးတွေရဲ့ ကျန်တဲ့ တစ်ကိုယ်ရည်တိုးတက်မှုအပိုင်းတွေ စသည်ဖြင့်ကျရင်တော့ ကိုယ်က ဘယ်လောက်ပြောပြော သူတို့ဘက်က လက်ခံနိုင်မှ၊ တုံ့ပြန်နိုင်မှ ပေါ့လေ .. အဲဒါမှ ဖြစ်မှာ။ ပြီးတော့ ကျွန်မက ပြောတိုင်းလည်း သူတို့ဘက်ကလည်း မဖြစ်မနေ လက်ခံရမယ်ဆိုတာမျိုးကိုကျတော့ ကျွန်မ လက်မခံဘူး။ ကျွန်မပြောတာ မှန်ချင်မှ မှန်မယ်၊ မှန်နေသည့်တိုင်အောင် သူတို့ ကြုံနေရတဲ့ အနေအထားနဲ့တော့ ကိုက်ချင်မှ ကိုက်မှာပါလေ။  ဦးဆောင်စံပြ လုပ်တယ်ဆိုတဲ့ နေရာမှာတောင် လူတိုင်းအတွက်တော့ ပုံစံတစ်မျိုးတည်းက စံပြဖြစ်နေမှာ မဟုတ်ပါဘူး။ အရေးကြီးတာက ကိုယ့်ရဲ့ ဆင်ခြင်သုံးသပ်နိုင်စွမ်းပါပဲ။

ရိုးရာလေး : ဒီ သင်တန်းကို လာတက်ရောက်ဖို့  အချိန်အရ၊ အကွာအဝေးအရ စသည်ဖြင့် အခြေအနေ မပေးသူတွေအတွက်ကော ညီမအနေနဲ့ ဘယ်လို စကားလက်ဆောင်ပါးချင်ပါသလဲခင်ဗျာ။ အင်တာနက်ပေါ်ကနေ ဒီ အင်တာဗျုးအကြောင်း ဖတ်နေရမယ့် အမျိုးသမီးတွေအတွက်ပေါ့။

Michelle : အဓိကကတော့ ကိုယ့်ကိုယ်ကို ယုံကြည်မှုနဲ သတ္တိရှိဖို့ လိုပါတယ်။ အင်တာနက်ပေါ်က၊ ပြောရင် YouTube ပေါ်ကနေ “Self Defense” ဆိုပြီး ရှာကြည့်လိုက်ရင် အင်္ဂလိပ်စကား ရိုးရိုးရှင်းရှင်းလေးတွေနဲ့ ပြောပြီး သင်ပေးနေတာတွေ အများကြီး ရှိပါတယ်။ အဲဒီက ကြည့်လိုက်ပြီး သင်ယူနိုင်ပါတယ်လို့ ပြောချင်ပါတယ်။

Michelle ရဲ့ “Myanmar Women’s Self Defense Center မြန်မာအမျိုးသမီး ကိုယ်လုံပညာသင်တန်း” အကြောင်းကို facebook စာမျက်နှာ ” https://www.facebook.com/defendwomen” မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top