၂ဝ၂ဝ နှစ်ဦးတွင် တိုင်းရေးပြည်ရေး မျှော်တွေးကြည့်ခြင်း

yyl-064.jpg

၂ဝ၂ဝ နှစ်သစ်ကာလ၊ နှစ်ဦးတရားပွဲ အထူးဓမ္မသဘင်ကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးပြီး ဇန်နဝါရီလ ၁ ရက်ကနေ ၃ ရက်နေ့အထိ ဒဂုံမြို့နယ်၊ ပြည်သူ့ရင်ပြင်မှာ ရဟန်းရှင်လူပရိသတ်များ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ပါတယ်။ နှစ်ဦးအထူးတရားပွဲ ဒုတိယညဖြစ်တဲ့ ဇန်နဝါရီလ ၂ ရက်၊ ညချမ်းမှာ ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော်ကြီး ဒေါက် တာအရှင်နန္ဒမာလာဘိဝံသက `တိုင်းရေးပြည်ရေး မျှော်တွေး ခြင်းအကြောင်း´တရားတော်ကို ဟောကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၂ဝ၁၉ နှစ်ဦးအထူးဓမ္မသဘင်တုန်းက `မင်္ဂလာတ ရားနှင့်အညီ နိုင်ငံသစ်တည်´ဆိုတဲ့ ခေါင်းစဉ်နဲ့ နိုင်ငံတော်တည် ဆောက်ရေးနည်းလမ်းကောင်းတွေ ဟောကြားဆုံးမသွားတဲ့ ပါမောက္ခချုပ်ဆရာတော်ကြီးဟာ ဒီနှစ် ၂ဝ၂ဝ နှစ်ဦးကာလမှာလည်း လက်ရှိမြန်မာနိုင်ငံအတွက် တကယ်လိုအပ်နေတဲ့ တိုင်း ပြည်ညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးလမ်းစဉ်တွေကို ဘုရားဟော ပိဋကတ်၊ တရားတော်များနဲ့အညီ ဟောကြားသွားခဲ့တာပါ။ နှစ်သစ် ကာလမှာ ဆရာတော်ကြီး ဟောကြားသွားတဲ့ တရားတော်ကို ရိုသေစွာ နာယူမှတ်သားပြီးတဲ့နောက် ကျွန်တော် ဉာဏ်မီနားလည်သမျှ ပြန်လည်ပြီးတော့ ဝေမျှလိုပါတယ်။

ဗုဒ္ဓဘုရားရှင် ဖြစ်စေချင်တဲ့ တိုင်းပြည်

တရားတော်အစမှာ ဗုဒ္ဓမြတ်စွာ ကိုယ်တော်တိုင် တိုင်းရေး ပြည်ရေး၊ နိုင်ငံရေးကို မျှော်တွေးခဲ့ဖူးကြောင်း သံယုတ္တနိကာယ်၊ ရဇ္ဇသုတ္တန်လာ ဒေသနာတော်ကို ကိုးကားထောက်ပြပြီး ဘုရားရှင်ဖြစ်စေချင်တဲ့ တိုင်းပြည်နိုင်ငံအကြောင်းကို ပါမောက္ခချုပ် ဆရာတော်ကြီးက ဟောကြားပါတယ်။ တစ်ခါတုန်းက မြတ်စွာဘုရားဟာ ကောသလ္လတိုင်း၊ ဟိမဝန္တာဒေသ၊ တောရကျောင်းလေးမှာ သီတင်းသုံးနေထိုင်တော်မူရင်း တိုင်းရေးပြည်ရေးအကြောင်း တွေးတောကြံစည်မှုဖြစ်ပါတယ်။ တရားမဲ့အုပ်စိုးတဲ့ မင်းတွေရဲ့နိုင်ငံမှာ မတရားသဖြင့် အပြစ်ဒဏ်ကျခံနေရသူတွေ၊ ကြီးလေးတဲ့ အခွန်အတုပ်နဲ့ နှိပ်စက် ခံနေရသူတွေကို တွေ့ပြီးတဲ့နောက် ဒုက္ခရောက်နေတဲ့ ပြည်သူ ပြည်သားတွေရဲ့ဘဝကို ကရုဏာသက်မိတာကြောင့် တိုင်းရေး ပြည်ရာအကြောင်းကို ဘုရားရှင် စဉ်းစားတော်မူခဲ့တာပါ။

ဘုရားရှင် စဉ်းစားမိတဲ့အကြောင်းအရာကတော့ တိုင်းပြည် တစ်ပြည်ကို ဓမ္မလမ်းကြောင်းသက်သက်နဲ့ စီမံအုပ်ချုပ်ဖို့ ဖြစ်နိုင် မလားဆိုတဲ့ နိုင်ငံရေးအကြောင်းဖြစ်ပါတယ်။ တိုင်းပြည်အုပ်ချုပ် မင်းလုပ်တဲ့ ရှင်ဘုရင်၊ အစိုးရအဖွဲ့အစည်းတွေဟာ ဘယ်သူ့ကိုမှ နှိပ်စက်ညှဉ်းပန်းမှု မရှိ၊ ဘယ်သူ့ကိုမှ မတရားတဲ့နည်းလမ်းနဲ့ အနိုင်မယူ၊ ဘယ်ပြည်သူကိုမှ စိုးရိမ်စိတ်တွေ မဖြစ်စေဘဲ တရားနည်းလမ်းသက်သက်နဲ့ အုပ်ချုပ်ရင် ကောင်းမယ့်အကြောင်း ဆန္ဒတော် ဖြစ်ပေါ်လာတာပဲဖြစ်ပါတယ်။

ဗုဒ္ဓမြတ်စွာ ဖြစ်စေချင်တဲ့ တိုင်းပြည်ဟာ ဘယ်လိုပုံစံမျိုး လဲဆိုတာနဲ့ပတ်သက်ပြီး ပါမောက္ခချုပ် ဆရာတော်ကြီးက-`ဒီနေရာမှာ မြတ်စွာဘုရား ဖြစ်စေချင်တဲ့ တိုင်းပြည်အုပ်ချုပ် ရေးဆိုတာ ဘယ်လိုဟာတုန်းလို့ပြောမယ်ဆိုရင် စကြာဝတေးမင်း အုပ်ချုပ်တဲ့ အုပ်ချုပ်နည်းကို ဆိုလိုတာပဲ။ စကြာဝတေးမင်းတွေဟာ သူတို့ရဲ့တိုင်းပြည်အုပ်ချုပ်ရေးဟာ အင်မတန်မှ ငြိမ်းချမ်းတဲ့နည်းနဲ့ အုပ်ချုပ်တာ။ဘယ်သူ့ကိုမှ နှိပ်စက်ညှဉ်းပန်းမှုမပြုဘူး။ လက်နက်စွဲကိုင်မှု မပြုဘဲ တိုင်းပြည်ကို တရားသဖြင့်အုပ်ချုပ်တယ်။ ဒီလိုအုပ်ချုပ်ဖို့ဆိုတာ အုပ်ချုပ်ခံပြည်သူတွေရဲ့အဆင့်အတန်း၊ အုပ်ချုပ်တဲ့ ဘုရင်ရဲ့စိတ်နေသဘောထား နှစ်ဦးနှစ်ဝ ညီညာတဲ့အနေအထားကို ရရှိမျှသာလျှင် ဖြစ်နိုင်တာပါ´လို့ မိန့်ပါတယ်။

တရားမျှတမှုနဲ့ အုပ်ချုပ်တဲ့ တိုင်းပြည်ဆိုတာ လူသားဖြစ်တဲ့ ပြည်သူပြည်သားတွေကို မဆိုထားနဲ့ဦး၊ လူသားမဟုတ်တဲ့ သားငှက်တိရစ္ဆာန်တွေအပေါ်မှာတောင် တရားမျှတတဲ့ ကာကွယ် စောင့်ရှောက်မှု ပေးနိုင်ဖို့ လိုအပ်ကြောင်း၊ ဆင်းရဲ မွဲတေနေတဲ့ ပြည်သူတွေကို ထောက်ပံ့ကြေးပေးရမှာဖြစ်သလို တိုင်းပြည်တည် ဆောက်ရေးအတွက် အကျင့်လည်းကောင်း၊ ကိုယ်ကျင့်သီလလည်း ရှိတဲ့ ပညာရှိသူတော်ကောင်းတွေကိုလည်း ဆည်းကပ် တိုင်ပင်သွားရမှာဖြစ်ကြောင်း ဆရာတော်ကြီးက ထည့်သွင်း မိန့်ကြားသွားပါတယ်။ ဖော်ပြပါ အချက်တွေဟာ ဗုဒ္ဓဒေသနာလာ ဘုရားရှင်ဖြစ်စေချင်တဲ့ တိုင်းပြည်ပဲ ဖြစ်ပါတယ်။

ငြိမ်းချမ်းတဲ့တိုင်းပြည်ဆိုတာ ဘယ်လိုတိုင်းပြည်လဲ

အရှင်အာနန္ဒာမှတ်တမ်းတင်ထားတဲ့ သံယုတ္တနိကာယ်၊ ရဇ္ဇသုတ္တန်ကို ကိုးကားဖော်ပြပြီးတဲ့နောက် ဘုရားဟောသုတ္တန် တစ်ခုဖြစ်တဲ့ ကူဋဒန္တသုတ်ကို ဆရာတော်ကြီးက ဆက်လက်ပြီး ကိုးကားပြပါတယ်။ ဘုရားဟော ပိဋကတ်တော်လာ ကူဋဒန္တသုတ်မှာ ဗုဒ္ဓမြတ်စွာ မိန့်ကြားခဲ့တာကတော့ `ငြိမ်းချမ်းသာယာသော တိုင်းပြည်´ဆိုတာ ဘယ်လိုမျိုးဖြစ်တယ်ဆိုတာပါ။ ငြိမ်းချမ်းတဲ့တိုင်းပြည်တစ်ခုမှာ ဒေသအားလုံးဟာ ခိုင်မာသော ငြိမ်းချမ်းရေးကို ရရှိထားပါတယ်။ သူပုန်သူကန် ရန်ဆူး ရန်ငြောင့်တွေလည်း ကင်းရှင်းပါတယ်။ တစ်ဦးနဲ့တစ်ဦး၊ တစ်ဖွဲ့ နဲ့တစ်ဖွဲ့ ညှဉ်းဆဲနှိပ်စက်မှု၊ ဖမ်းဆီးသတ်ဖြတ်မှုဆိုတဲ့ ဒုက္ခဘေး တွေလည်း ငြိမ်းချမ်းတဲ့တိုင်းပြည်မှာ မရှိပါဘူး။

ခိုင်မာတဲ့ငြိမ်းချမ်းရေးနဲ့ သူပုန်သူကန်၊ သူခိုးဓားပြ၊ ဆူပူအုံကြွမှုတွေ မရှိဘဲ အေးချမ်းသာယာနေရင် အဲဒီတိုင်းပြည်မှာနေတဲ့ ပြည်သူတွေဟာလည်း ဝမ်းပန်းတသာ နေထိုင်ရှင်သန်နိုင်ကြမှာ ဖြစ်ပါတယ်။ အဲဒီလို တိုင်းပြည်မျိုးမှာနေတဲ့ တိုင်းသူပြည်သားတွေဟာ သူတို့ရဲ့ သားငယ်သမီးငယ်တွေကို ရင်ဘတ်ပေါ်တင်ပြီး ပျော်မြူး စေတယ်။ အိမ်တိုင်းအိမ်တိုင်းဟာလည်း စိတ်လုံခြုံမှုပြည့်ဝစွာနဲ့ အိမ်တံခါးတွေကို ဖွင့်ထားကြတယ်။ ဘယ်လိုမျိုး ရန်ဆူးရန် ငြောင့်၊ လုယက်တိုက်ခိုက်မှုတွေမှလည်း မရှိဘူး။ ဒါတွေဟာ ငြိမ်းချမ်းတဲ့တိုင်းပြည်တစ်ခုရဲ့ သရုပ်တွေပါ။ ဒီအချက်တွေဟာလည်း ပိဋကတ်တော် တရားဒေသနာလာ စကားတွေဖြစ်ကြောင်း ဆရာတော်ကြီးက ထောက်ပြပြီး တကယ်လို့ ငြိမ်းချမ်းသာယာမှုမရှိဘူးဆိုရင်တော့ တိုင်းသူပြည်သားတွေလည်း အေးချမ်းပျော်ရွှင်မှုရှိမှာမဟုတ်ကြောင်း မိန့်ကြားပါတယ်။

ငြိမ်းချမ်းမှုမှသည် ညီညွတ်သောလူ့အဖွဲ့အစည်းဆီသို့

ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော်ကြီးဟာ ၂ဝ၂ဝ နှစ်ဦး တရားဓမ္မသဘင်မှာ ဗုဒ္ဓဘုရားရှင်ဖြစ်စေချင်တဲ့တိုင်းပြည်နဲ့ ငြိမ်းချမ်းသာယာတဲ့တိုင်းပြည်အကြောင်း ဖွင့်ဆိုမိန့်ကြားပြီးတဲ့ နောက်မှာတော့ ငြိမ်းချမ်းမှုကနေ ညီညွတ်သော လူ့အဖွဲ့အစည်း တစ်ခုဆီ အရောက်လှမ်းနိုင်ဖို့ ဟောကြားဆုံးမတော်မူပါတယ်။ ဒီနေရာမှာလည်း ဘုရားဟောဒေသနာ၊ အင်္ဂုတ္တရနိကာယ်မှာ ပါဝင်တဲ့ သမဂ္ဂ-ညီညွတ်မှုအကြောင်း ကိုးကားပြီး ဟောကြားသွားခဲ့တာ တွေ့ရပါတယ်။
ငြိမ်းချမ်းသာယာစွာ နေတဲ့တိုင်းပြည်တစ်ခုမှာ ညီညွတ်တဲ့ လူ့အဖွဲ့အစည်း ရှိရမှာဖြစ်ပါတယ်။ ညီညွတ်သော လူ့အဖွဲ့အ စည်းဟာ တစ်ဦးနဲ့တစ်ဦး၊ တစ်ဖွဲ့နဲ့တစ်ဖွဲ့ အတူသွားလာ၊ နေ ထိုင်မှုရှိသလို စည်းလုံးခြင်း၊ ပေါင်းစည်းခြင်းတွေနဲ့လည်း ညီညွတ် ကြပါတယ်။ သူတို့ဟာ တစ်ဦးနဲ့တစ်ဦး ငြင်းခုန်ရန်ဖြစ်မှုတွေ ကင်းရှင်းကြပြီး နို့နဲ့ရေရောထားသလိုလည်း ကွဲပြားခြားနားမှုတွေ မထင်ကြပါဘူး။ တိုင်းပြည်တစ်ခုမှာ ညီညွတ်သောလူ့အဖွဲ့အစည်းရှိဖို့ လိုအပ် ကြောင်းနဲ့ပတ်သက်ပြီး ဆရာတော်ကြီးက အခုလိုမိန့်ပါတယ်။

`ညီညွတ်တဲ့ လူ့အဖွဲ့အစည်းဆိုတာ ချစ်သောမျက်လုံး၊ ပြုံး သောမျက်နှာနဲ့ တစ်ဦး တစ်ဦးမှာ ဒီလိုဆက်ဆံနေကြတယ်။ ဒါဟာ ညီညွတ်သောလူ့အဖွဲ့အစည်းကို သရုပ်ဖော်ထားတဲ့ စ ကားတွေပဲ။ ဒီစကားတွေဟာလည်း အင်္ဂုတ္တရနိကာယ်မှာ မြတ်စွာဘုရားဟောထားတဲ့ သမဂ္ဂဆိုတာကို သရုပ်ဖော်ထားတာဖြစ် တယ်။ ပိဋကတ်စာပေက လာတာတွေကို ဘုန်းကြီးတို့ပြောတာပါ´။

တစ်ဦးနဲ့တစ်ဦး ချစ်သောမျက်လုံး၊ ပြုံးသောမျက်နှာနဲ့ မဆက်ဆံနိုင်ကြဘဲ ညီညွတ်ရေးပျက်ပြားလာပြီဆိုရင် ကိုယ့်အ ချင်းချင်း အငြင်းပွားကြ၊ ငြင်းခုန်ရာကနေ ခိုက်ရန်ဒေါသတွေ ဖြစ်ကြ၊ တစ်ဦး ဂုဏ်သိက္ခာထိခိုက်အောင် တစ်ဦးက နှုတ်လှံထိုး၊ တိုက်ခိုက်စော်ကားကြနဲ့ အပြန်အလှန် မေတ္တာတွေ ခမ်းခြောက် သွားမှာဖြစ်ပါတယ်။ မေတ္တာတွေ ခမ်းပြီး ညီညွတ်ရေး ပျက်နေသ မျှ တိုင်းပြည်တိုင်း တိုးတက်မှု၊ ငြိမ်းချမ်းမှုတွေနဲ့ ဝေးနေရဦးမှာပါပဲ။

တိုင်းပြည်တည်ဆောက်ရေးမှာ အားလုံး အရေးပါတယ်

တိုင်းပြည်တစ်ခု တည်ဆောက်ရေးမှာ တစ်ဦးကောင်း၊ တစ် ဖွဲ့ကောင်းမဟုတ်ဘဲ အားလုံးအရေးပါ အရာရောက်တဲ့အကြောင်း ကိုတော့ ပါမောက္ခချုပ်ဆရာတော်ကြီးက မဟာသာရဇာတ်၊ ဇာတကဒေသနာကို ကိုးကားပြီး ဟောကြားပါတယ်။ တိုင်းပြည်တစ်ပြည်အတွက် မရှိမဖြစ်အနေနဲ့ သူ့နေရာနဲ့သူ အရေးပါတဲ့ ပုဂ္ဂိုလ်လေးမျိုးအကြောင်းကို မဟာသာရဇာတ်မှာ အပိုဒ်လေးပိုဒ်နဲ့ ထုတ်ပြထားပါတယ်။ တိုင်းပြည်တစ်ပြည်မှာ စစ်ရေးစစ်ရာနဲ့ ပြည်ပရန်ကျူးကျော်မှုတွေ ရှိလာရင် သူရဲ ကောင်း၊ စီမံအုပ်ချုပ်ရေး ဆွေးနွေးကြရင် တိုင်းပြည်အပေါ်သစ္စာရှိသူ၊ ကိုယ့်တိုင်းပြည်အတွင်း အတူတကွ ပျော်ရွှင်ကြရမယ့်အချိန်မှာ မိတ်ကောင်းဆွေကောင်း၊ ပြဿနာအရေးအခင်းတစ်ခု ကြုံလာတဲ့အခါ ဖြေရှင်းနိုင်တဲ့ ပညာရှင်တို့ဟာ သူ့နေရာနဲ့သူ အရေးပါ၊ အရာရောက်ကြောင်း ဆုံးမလိုရင်းပါပဲ။
ဒီ ပုဂ္ဂိုလ်လေးမျိုး အရေးပါပုံနဲ့ပတ်သက်ပြီး ဆရာတော်ကြီး က အခုလို မိန့်ကြားခဲ့တာပါ။

`ဒီမဟာသာရဇာတ်ရဲ့ မက်ဆေ့ချ်က ငါသာအရေးပါတယ်။ ငါတို့အဖွဲ့အစည်းကသာ အရေးပါတယ်။ သူတို့အဖွဲ့အစည်း အရေးမပါဘူးဆိုတဲ့အတွေးတွေ တွေးစရာမလိုဘူး။ အားလုံးဟာ တူညီတဲ့အရေးပါမှု ရှိတယ်ပေါ့။ သူ့နေရာနဲ့သူ အားလုံးဟာ အရေးပါတယ်။ အလုပ်ချင်းတူကြလားဆိုတော့ မတူဘူး။ သူရဲကောင်းလုပ်တဲ့ အလုပ်၊ တိုင်ပင်ညှိနှိုင်းတဲ့အလုပ်၊ မျှဝေခံစားတဲ့အလုပ်၊ ပြဿနာ အရေးကြုံလာလို့ ဖြေရှင်းတဲ့အလုပ်။

အလုပ်မတူသော်လည်း အရေးပါမှု တူညီကြတယ်။ သူ့နေ ရာနဲ့သူ အရေးပါးတယ်။ ခုခေတ်အနေနဲ့ပြောမယ်ဆိုရင် စစ်ရေး စစ်ရာကြုံလာလို့ရှိရင် တိုင်းပြည်ကာကွယ်ဖို့ စစ်တပ်လိုအပ်တယ်။ တိုင်းပြည်ကို စနစ်တကျအုပ်ချုပ်ဖို့ အစိုးရတစ်ရပ် လိုအပ်တယ်။ တိုင်းပြည်ရဲ့ ထွက်ပေါ်လာတဲ့ပစ္စည်းတွေ ရောင်းဖို့ဝယ်ဖို့၊ ရောင်း ဖို့ချဖို့ကျတော့ မိတ်ဆွေနိုင်ငံတွေ လိုအပ်တယ်။ ပြဿနာကြုံလာလို့ ဖြေရှင်းဖို့ကျတော့ ပညာရှိလိုအပ်တယ်။ အဲဒါတွေဟာ equally important ပဲ။ သူ့အလုပ်နဲ့သူ လုပ်ကြတာ´။

အမြင်မတူပေမယ့် စိတ်ထားဖြူစင်ပါ

ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော်ကြီးရဲ့ တိုင်းရေး ပြည်ရေး မျှော်တွေးခြင်းအကြောင်းတရားတော်ကနေ နောက်ဆုံးအချက်အနေနဲ့ ကောက်နုတ်ဖော်ပြချင်တာကတော့ `အမြင်မ တူပေမယ့် စိတ်ထားဖြူစင်ပါ၊ အကျိုးတူ ပူးပေါင်းပါ´ဆိုတဲ့ နှစ်ဦး သြဝါဒစကားပါ။ တိုင်းပြည်တစ်ခုကောင်းအောင် တည်ဆောက်တဲ့အခါ အစိုးရ၊ စစ်တပ်၊ အသိပညာရှင်၊ အတတ်ပညာရှင် …စတဲ့ ပုဂ္ဂိုလ်၊ အဖွဲ့အစည်းတွေဟာ သူ့နေရာနဲ့သူ အရေးပါ၊ အရာရောက်ကြသလိုပဲ တစ်ယောက်နဲ့တစ်ယောက် အမြင်မတူမှုတွေ ရှိလာရင် လည်း ဖြူစင်တဲ့စိတ်ထားနဲ့ ညှိနှိုင်းဆောင်ရွက်သွားကြဖို့ ဖြစ်ပါတယ်။ ဒီနိုင်ငံမှာရှိတဲ့ နိုင်ငံသူနိုင်ငံသားအားလုံးဟာ တစ်မြေတည်းနေ၊ တစ်ရေတည်းသောက်ကြသူတွေပီပီ အမြင်မတူတဲ့ အရာတွေကို နားလည်မှုရှိရှိ၊ သဘောထားကြီးကြီး၊ ကောင်းမြတ်တဲ့ ပေါင်းစပ်ခြင်းတွေနဲ့ လျှောက်လှမ်းနိုင်မှ ဒီတိုင်းပြည်ရဲ့ အနာဂတ် ကောင်းမွန်တိုးတက်လာမှာဖြစ်ပါတယ်။

`မြတ်စွာဘုရားရဲ့ အဆုံးအမကို ကောက်ချက်ချကြည့်လိုက်တဲ့အခါ အမြင်မတူပေမယ့် စိတ်ထားဖြူစင်ပါ။ သူ့အမြင် ကိုယ့် အမြင်ဆိုတာ ရှိနိုင်တယ်။ အမြင်မတူတာ အဓိကမဟုတ်ဘူး။ စိတ်ထားဖြူစင်ဖို့ပဲ အရေးကြီးတယ်။ အမြင်မတူရင် နားလည်မှု ရှိရမယ်။ အမြင်မတူပေမယ့် စိတ်ထားဖြူစင်ပါ။ အကျိုးတူ ပူးပေါင်းပါ။ အားလုံးဟာ တစ်မြေတည်းနေ၊ တစ်နေရတည်း သောက်တာဆို တော့ အကျိုးတူပူးပေါင်းရမယ်။ သုခတွေ့လည်း မျှဝေခံစားရမှာ ပဲ။ ဒုက္ခတွေ့လည်း မျှဝေခံစားရမှာပဲ။ အေးအတူ ပူအမျှဆိုတဲ့ မြန်မာစကားလိုပဲ။ အကျိုးတူ ပူးပေါင်းပါ။ ပျက်စီးအောင် မလုပ်ပါနဲ့။ လူ့အဖွဲ့အစည်းတစ်ခု သွေးကွဲပြီး ပျက်စီးအောင် မလုပ်သင့်ဘူး လို့ မြတ်စွာဘုရားက ဆုံးမတာ´ဆိုတဲ့ ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော်ကြီးရဲ့နှစ်ဦးတရားကို မှတ်သားနာကြားရင်း ၂ဝ၂ဝ နှစ်သစ်မှာ မြန်မာနိုင်ငံတော်ကြီး ငြိမ်းချမ်းသာယာစေကြောင်း ဆုမွန်ကောင်း တောင်းလိုက်ရပါတယ်။

မိုးအောင်လင်းနိုင်  (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top