(၁)ကျွန်တော်တို့တွေရဲ့ လူမှုဘဝမှာ နေ့စဉ်နဲ့အမျှ နှုတ်ဆက် ပြောဆိုနေကျ စကားအသုံးအနှုန်းနှစ်ခုဟာ ”မင်္ဂလာပါ”ဆိုတာနဲ့ ‘ကျေးဇူးတင်ပါတယ်”ဆိုတဲ့စကားလို့ပဲ ဆိုကြပါစို့။ ဒီနိုင်ငံဖွားမဟုတ်တဲ့ နိုင်ငံခြားသားတွေကတောင် မြန်မာလူမျိုးလို့ သိလိုက်တာနဲ့ ”မင်္ဂလာပါ”လို့ ဖော်ရွေပြုံးရွှင်စွာ နှုတ်ဆက်ရ ကောင်းမှန်း သိကြပါတယ်။ ဒါကိုကြည့်လိုက်ရင် ”မင်္ဂလာ”၊ ”မင်္ဂလာ ပါ”၊ ”မင်္ဂလာရှိလိုက်တာ”၊ ”ကောင်းခြင်း မင်္ဂလာအဖြာဖြာ”ဆိုတဲ့ စကားလေးတွေဟာ ဗုဒ္ဓဘာသာမြန်မာလူမျိုးတို့ရဲ့ ယဉ်ကျေးမှုကိုယ်စားပြုအသုံးအနှုန်းဖြစ်တယ်ဆိုတာ သိသာပါတယ်။
အဲဒီလိုပါပဲ။ ဗုဒ္ဓဘာသာမှာ ပရိတ္တပါဠိတော်၊ ပရိတ်ကြီး ၁၁ သုတ်လို့ပြောလိုက်တာနဲ့ကျွန်တော်တို့ ခေါင်းထဲကို အရင်ဆုံး ရောက်လာတာက မင်္ဂလသုတ်လို့ ညွှန်းဆိုရမှာပါ။ ”မြန်မာစာပေ၏ မြစ်ဖျားခံရာ ဘူမိနက်သန်မှာ ဘုန်းတော်ကြီး ကျောင်းများသာဖြစ်သည်။ ဘုန်းကြီးကျောင်းမှ အခြားမရှိ။ မိန်းကလေး၊ ယောက်ျားကလေး မရွေး၊ ဘုန်းကြီးကျောင်းမှာသာနေကြရသည်။ နေသမျှကလေးတိုင်းသည် ထို’မင်္ဂလသုတ်’ကို မလွဲမသွေ၊ မရမနေ အာဂုံဆိုကြရသည်”လို့ မင်္ဂလသုတ်အဖွင့်စာအုပ်မှာ စာရေးဆရာကြီး ဘဘဦးသုခ ပြောထားတဲ့အတိုင်းပါပဲ။
ကျွန်တော်တို့တွေငယ်စဉ်ဘဝ လွန်ခဲ့တဲ့နှစ်ပေါင်း ၃ဝ ကျော် လောက်ကအထိ အညာဒေသတောရွာမှာ စာသင်ကျောင်းမရောက်ခင် ဘုန်းကြီးကျောင်းမှာ အရင်နေခဲ့ကြရတယ်။ဘုန်းကြီးကျောင်း မှာ ကကြီး-ခခွေး၊ သင်ပုန်းကြီးသင်ပြီးပြီဆိုတာနဲ့ မင်္ဂသုတ်ကို ဆက်သင်ပြီး ”ယံမင်္ဂလံ”နဲ့ပဲ ကြီးပြင်းခဲ့ရတာ မှတ်မိပါသေးတယ်။ လူမှုဘဝ ပေါင်းသင်းဆက်ဆံရေးကနေ တရားသဖြင့် ကြီးပွားရာ ကြီးပွားကြောင်း နည်းလမ်းကောင်းတွေကို စနစ်တကျ လမ်းညွှန်ပြထားတဲ့ မင်္ဂလသုတ်ဟာ အစဉ်အဆက် မြန်မာ့ယဉ်ကျေးမှု၊ မြန်မာ့ လူနေမှုစနစ်မှာ အဓိကအခန်းကဏ္ဍကနေ ပါဝင်ခဲ့တာ သေချာပါတယ်။
ဒီနေရာမှာ စိတ်မကောင်းစရာတစ်ခုကတော့ ယဉ်ကျေးမှုပေါင်းစုံ ဒွေးရောယှက်တင်ဖြစ်လာတဲ့ ဒီဘက်နောက်ပိုင်းမှာ မြို့လည်းမြို့အ လျောက်၊ တောလည်းတောအလျောက် ”ယံ မင်္ဂလံ ဒွါဒသဟိ”ဆိုတဲ့ အသံတွေ ဆိတ်သုဉ်းပြီး မင်္ဂလာတရားတော်ရဲ့ အနှစ်သာရတွေ ပျောက်ဆုံးနေကြပြီလားဆိုတာပါ။
(၂) ကျွန်တော် လက်ရှိစာသင်ပေးနေတဲ့ ပညာဒါန ပရဟိတကျောင်းက ကျောင်းသားလူငယ်တွေကို ”မင်္ဂလသုတ်”သင်ဖူးလား မေးကြည့် တဲ့အခါ ကျောင်းသားအများစုက မသင်အံခဲ့ဖူးကြောင်း ပြောကြတယ်။ တောရွာဒေသအများစုမှာ ကျင်လည်ခဲ့ကြတဲ့ ကလေးတွေတောင် မင်္ဂလသုတ်ကို ကောင်းကောင်းမသိကြတော့ဘူးဆိုရင် ကွန်ပျူတာ၊ အင်္ဂလိပ်စာတွေ၊ အင်တာနေရှင်နယ်စကူးလ်တွေနဲ့ နပန်းလုံးနေကြရတဲ့ မြို့ပေါ်ကလးတွေဆိုတာ ဝေလာဝေးပါပြီ။ ဆိုတော့ ဘုန်းကြီးကျောင်းပညာရေးနဲ့ အလှမ်းဝေးလာတဲ့ နောက်မျိုးဆက်တွေဟာ မင်္ဂလသုတ်နဲ့လည်း အလှမ်းကွာလာပြီး ‘ယံမင်္ဂလံ’ကို မရကြတော့ဘူး။ တချို့ မင်္ဂလသုတ်ကို ကြားဖူး၊ ကျက်ဖူးပြီး ပါဠိကိုရပေမယ့် မြန်မာလိုအဓိပ္ပာယ်ကို နားမလည်ကြတော့ဘူး။ အဲဒီထက် ပိုမိုနီးစပ်သူတွေကျပြန်တော့ မင်္ဂလသုတ်မှာ ဖွင့်ဆိုထားတဲ့ အဓိပ္ပာယ်တွေကို နားလည်သလိုရှိပေမဲ့ မင်္ဂလာတရားအနှစ်သာရတွေကို လက်တွေ့ကျကျ အသုံးချ၊ လိုက်နာမှု အားနည်းနေပြန်ပါတယ်။
ဒါကြောင့်လည်း ကျေးဇူးတော်ရှင်ပါမောက္ခချုပ်ဆရာတော်ကြီးက ‘မင်္ဂလသုတ်အနှစ်ချုပ်’တရားတော်အဖွင့်မှာ-
”ငယ်စဉ်တောင်ကြေး ကလေးအရွယ်မှာ ဗုဒ္ဓဘာသာဝင် သူ တော်စင်တွေဟာ မင်္ဂလသုတ်ကစပြီး ကျက်မှတ်ကြတယ်။ ဘုန်းကြီးတို့လည်း ဘုန်းကြီးကျောင်းရောက်တဲ့အချိန်ကနေစပြီး ‘ယံမင်္ဂလံ’ ဆိုတာကစပြီး မင်္ဂလသုတ်ကို ကျက်မှတ်ခဲ့တယ်။ သို့သော် ဒီမင်္ဂလ သုတ်ဟာ စာပေအရ လေ့လာထားကြသော်လည်း မိမိတို့ရဲ့ လက် တွေ့ဘဝနဲ့ အလှမ်းကွာနေသလို ဖြစ်တယ်”လို့ သတိပေးမိန့်ကြားခဲ့တာဖြစ်ပါတယ်။ ကျွန်တော်တို့တွေဟာ နိုင်ငံတကာက တင်သွင်းလာတဲ့ ဘဝအောင်မြင်ရေးနည်းလမ်း၊ ဘာသာပြန်တက်ကျမ်းတွေကို အငမ်းမရ ရှာပြီး ဖတ်ချင်ကြပါတယ်။ ဒါပေမဲ့ ကိုယ့်ဗုဒ္ဓဘာသာမှာ အခိုင်အမာ ရှိပြီးသား မင်္ဂလာတရားတော်လာ ဘဝအောင်မြင်ရေး နည်းလမ်း၊ လောကရေးရာလမ်းညွှန်ချက်တွေကိုတော့ ခေတ်နဲ့အံမဝင်တော့ဘူးဆိုပြီး လျစ်လျူရှု၊ မေ့လျော့ထားလိုက်ကြပြီလား စဉ်းစားစရာပါပဲ။
တကယ်တမ်းတော့ လွန်ခဲ့တဲ့နှစ်ပေါင်း ၂၆ဝဝ ကျော်ကတည်းက ဗုဒ္ဓဘုရားရှင်ဟောကြားခဲ့တဲ့ မင်္ဂလသုတ္တန်မှာ လောကီရေး၊ လောကုတ္တရာရေး နှစ်မျိုးလုံးကို တိုတိုကျဉ်းကျဉ်းနဲ့ လိုရင်းရောက်အောင် ဟောကြားတော်မူထားတာကြောင့် ခုဘဝအတွက်သာမက နောင်ဘဝ နောင်သံသရာထိအောင် အကျိုးများစေမယ့် မင်္ဂလာတရားတော်တွေပဲဖြစ်ပါတယ်။
”၃၈ ဖြာမင်္ဂလာ အမေးအဖြေများ”စာအုပ်ကိုရေးသားခဲ့တဲ့ ဓမ္မာစရိယ ဦးအေးနိုင်(ဘီအေ)ကတော့ ပေါင်းသင်းဆက်ဆံရေး၊ ကိုယ်ကျင့်တရားကောင်းမွန်ရေး၊ လောကငြိမ်းချမ်းရေးမင်္ဂလာများနဲ့ အတူ လူမှုရေးကျင့်ဝတ် မင်္ဂလာတွေ အပြည့်အစုံပါဝင်တဲ့ မင်္ဂလာ တရားတော်များကို ”တကယ့် လူတော်လူကောင်းဖြစ်ရေး စီမံကိန်း တရားတော်ကြီး”လို့ ညွှန်းဆိုခဲ့ပါတယ်။
(၃) ဘုရားဟောပါဠိတော် ခုဒ္ဒကနိကာယ်၊ ပထမစာအုပ် ခုဒ္ဒက ပါဌပါဠိတော်နဲ့ သုတ္တနိပါတ်ပါဠိတော် နှစ်ကျမ်းမှာပါရှိတဲ့ မင်္ဂလသုတ်အကြောင်း ဆက်မပြောခင် ကျွန်တော်တို့ ကျောင်းသားလူငယ်နဲ့ ဆရာ/မတွေ နှုတ်ဆက်ပြောဆိုနေကျ ”မင်္ဂလာ”ဆိုတဲ့စကားရဲ့ အဓိပ္ပာယ်ကို အရင်ပြောပြချင်ပါတယ်။ ဗုဒ္ဓဘာသာဝင် ကျောင်းသားလူငယ်များအတွက် ကျမ်းပြုအကျော် မဟာဂန္ဓာရုံဆရာတော်ဘုရားကြီး ရေးသားစီရင်တော်မူခဲ့တဲ့ ‘အခြေပြု မင်္ဂလသုတ်’ကျမ်းစာမှာ ”ကြီးပွားချမ်းသာခြင်း၏ အကြောင်းဖြစ်သောအလုပ်ကို မင်္ဂလာဟုခေါ်၏”လို့ ရိုးရှင်းလွယ်ကူစွာ အဓိပ္ပာယ် ဖွင့်ပြပါတယ်။ ကြီးပွားကြောင်း၊ ချမ်းသာကြောင်း၊ အောင်မြင်ကြောင်းများကို မင်္ဂလာလို့ခေါ်တာပါပဲ။
”ကြီးပွား၊ ချမ်းသာ၊ အောင်ကြောင်းဖြာ၊ မင်္ဂလာဟုခေါ်”လို့ ကျေးဇူးတော်ရှင် အင်းစိန်ရွာမဆရာတော်ကြီးက အကျဉ်းချုပ်မှတ်ဖို့ လင်္ကာစပ်ပေးထားပြီး ”ကြီးပွား၊ ချမ်းသာ၊ အောင်မြင်လိုသူများသည် မင်္ဂလာတရားတော်များအတိုင်း လိုက်နာကျင့်သုံးဖို့လိုသည်။ မည်သူမဆို မင်္ဂလာတရားတော်များအတိုင်း လိုက်နာကျင့်သုံးပါက ကြီးပွား၊ ချမ်းသာ၊ အောင်မြင်မည်သာ ဖြစ်ပါလိမ့်မည်”လို့လည်း လမ်းညွှန်ထားပါတယ်။ ကျောင်းသားလူငယ်များ လွယ်လွယ်ကူကူ နားလည်နိုင်ဖို့ ဆရာတော်များ စပ်ဆိုခဲ့တဲ့ မင်္ဂလာအဓိပ္ပာယ် လင်္ကာတစ်ပုဒ်လည်း ရှိပါသေးတယ်။
”တိုးတက်ကြီးပွား၊ အကျင့်များ၊ မှတ်သားမင်္ဂလာ။
မကောင်းပယ်ဖြတ်၊ အကျင့်မြတ်၊ မှတ်အပ်မင်္ဂလာ။
အကုသိုလ်ဖြတ်၊ ကုသိုလ်မြတ်၊ ခေါ်အပ်မင်္ဂလာ”လို့ ဆိုထားတာပါ။ ဒီအတွက် ”မကောင်းမှုရှောင်ပြီး ကောင်းမှုကို ဆောင်တာဟာလည်း မင်္ဂလာပါပဲ”လို့ မှတ်သားရပါတယ်။
ကျေးဇူးတော်ရှင် မဟာဗောဓိမြိုင်ဆရာတော်ကြီးကတော့ ”မကောင်း ရာ ရှောင်၊ ကောင်းရာဆောင်၊ ကြီးပွားအောင် လုပ်၊ မင်္ဂလာ အချုပ်”လို့ မင်္ဂလာ ဓရဏကထာကျမ်းမှာ လမ်းညွှန်ထားကြောင်း ဆရာမောင်သွေးချွန် စုစည်းပူဇော်တဲ့ ”အောင်မြင်ကြီးပွား မင်္ဂလာ ခြေလှမ်းများ”စာအုပ်မှာ ဖော်ပြ ပါရှိပါတယ်။
ဒီလိုဆိုတော့ နေ့စဉ်ဘဝမှာ ကျွန်တော်တို့တွေ တစ်ဦးနဲ့တစ်ဦး ”မင်္ဂလာပါ”လို့ နှုတ်ဆက်ပြောဆိုနေကြတာဟာ မကောင်းမှုအလုပ်တွေ တတ်နိုင်သမျှ ဝေးဝေးရှောင်ဖို့၊ ကုသိုလ်ကောင်းမှုအလုပ်တွေ ကို လုပ်ဆောင်နိုင်သမျှ လုပ်ဆောင်ကြဖို့၊ ကိုယ့်ဘဝ တိုးတက်ရာ တိုးတက်ကြောင်း နည်းလမ်းကောင်းတွေကို တရားသဖြင့် လုပ် ဆောင်ကြဖို့ အပြန်အလှန် အသိပေး၊ လမ်းပြနေကြတယ်လို့ပဲ နားလည်၊ လက်ခံကြရမှာပါ။ တကယ်ကို ချစ်စရာကောင်းတဲ့ယဉ်ကျေးမှုနဲ့အတူ ဖြစ်တည်လာတဲ့ ဗုဒ္ဓဘာသာ မြန်မာလူမျိုးတွေရဲ့ အနှစ်အသားပါပါ နှုတ်ခွန်းဆက်မင်္ဂလာပဲ ဖြစ်ပါတယ်။
(၄) မင်္ဂလသုတ္တန်နဲ့ပတ်သက်လာရင် ”ဆယ့်နှစ်နှစ်မှာ မင်္ဂလာ”ဆိုတဲ့စကားတစ်ခုရှိပါတယ်။
ဒါဟာ ဘာကိုဆိုလိုတာလဲဆိုတော့ သာဝတ္ထိပြည်မွန်၊ ဇေတဝန် ကျောင်းတော်မှာ ဘုရားရှင်ဟောကြားတော်မူခဲ့ရာ မင်္ဂလာတရားတော်များ ပေါ်ပေါက်မလာခင် ၁၂ နှစ်ကတည်းက ကြိုတင်ပြီး သုဒ္ဓါဝါက ဗြဟ္မာကြီးတွေရဲကြွေးကြော်ချက်အရ ”မင်္ဂလာတရားတော်များ ပေါ်လာတော့မယ်”ဆိုတဲ့ အသံတွေထွက်ပေါ်ခဲ့တာပါ။
မင်္ဂလာတရားတော်ကို ဗုဒ္ဓမဟောကြားမီ နှစ်များ ကတည်းက လူတွေ၊ နတ်တွေ စဉ်းစားခဲ့ကြပေမယ့် အယူဝါဒအမျိုးမျိုး၊ ကွဲလွဲချက်အမျိုးမျိုးတွေနဲ့ ကျေနပ်လောက်စရာ အဖြေမရခဲ့ကြဘူး။
တချို့က ကိုယ်မြင်ချင်တဲ့ အမြင်ကောင်း၊ အဆင်းကောင်းလေး မြင်လိုက်ရရင် မင်္ဂလာလို့ ဆိုတယ်။ ကိုယ်ကြားချင်တာ၊ သာယာ နာပျော်ဖွယ်ရာလေး ကြားလိုက်ရရင် ဒါ မင်္ဂလာပဲလို့ ငြင်းခုန်သူက ငြင်းခုန်တယ်။ အနံ့ကောင်း၊ ရနံ့ကောင်းလေး ရှူလိုက်ရတာ၊ အစားကောင်း၊ အသောက်ကောင်းလေး စားလိုက်ရတာ၊ အထိအ တွေ့ကောင်းလေး တွေ့ထိလိုက်ရတာကိုမှ မင်္ဂလာလို့ဆိုကြသူတွေက ဆိုကြပြန်တယ်။
ကိုယ်ကြိုက်ရာ၊ ကိုယ်သန်ရာ အစွဲလေးတွေနဲ့ မင်္ဂလာအဓိပ္ပာယ်ကို လိုရာဆွဲပြီး ဖွင့်ဆို၊ ငြင်းခုန် အချိန်တွေကုန်ခဲ့ကြတာဟာ ၁၂ နှစ်လောက်ကြာသွားပါသတဲ့။ နတ်နဲ့တကွသော လူတွေဟာ သူတို့ထင်ရာ မြင်ရာ မင်္ဂလာတွေကြားမှာ အနှစ်အသား ရှာဖွေမတွေ့ခဲ့ကြပါဘူး။ နောက်ဆုံးမှာ မင်္ဂလာပြဿနာ အဖြေရှာနိုင်ဖို့အရေး နတ်သားတစ်ပါးကနေ ဗုဒ္ဓဘုရားရှင်ထံ လာရောက် လျှောက်ထားခဲ့ရတော့တာပါပဲ။ ဒီလိုနဲ့ မင်္ဂသုတ္တန်ဆိုတာ ဖြစ်ပေါ်လာတာပါ။
မင်္ဂလာတရားတော်များနဲ့ပတ်သက်ပြီး နောက်ထပ်မှတ်သားစရာတစ်ခုက ”ဧဝံ မေ သုတံ”စကားအစချီတဲ့ စကားစဉ်အရ အဲဒီနောက်ပိုင်း ”ဧကံ သမယံ ဘဂဝါ သာဝတ္ထိ ယံ ဝိဟရတိ” အစရှိတဲ့ မင်္ဂသုတ်စကားအားလုံးဟာ အရှင်မဟာကဿပကို အရှင်အာနန္ဒာက တစ်ဆင့်လျှောက်ထားတဲ့ လျှောက်ထားချက်တွေဖြစ် တယ်ဆိုတာပါ။
ဗုဒ္ဓမြတ်စွာဟာ နတ်လူဗြဟ္မာ သတ္တဝါအပေါင်းတို့ အကျိုးများကြောင်း ဟုတ်မှန်သောစကားကောင်း မင်္ဂလာတွေကို ဇေတဝန်ကျောင်းတော်မှာ ဟောကြားတော်မူခဲ့တယ်။ ဗုဒ္ဓမြတ်စွာ ပရိနိဗ္ဗာန်စံတော်မူပြီးနောက် ၃ လကျော်အကြာမှာ ရှင်မဟာကဿပအစရှိတဲ့ ရဟန္တာအရှင်မြတ်ကြီးတွေ စုပေါင်း စည်းဝေးပြီး ဗုဒ္ဓတရားတော်များကို စီကာစဉ်ကာ သဘောတူရာ ပေါင်းစုထားကြတယ်။ ဒါကို သင်္ဂါယနာတင်တယ်လို့ ခေါ်ပါတယ်။ အဲဒီတရားတော်တွေထဲမှာ မင်္ဂလသုတ္တန်ပါဝင်ပြီး သင်္ဂါယနာတင်တဲ့အခါ ဒီမင်္ဂလသုတ်ဟာ ဘုရားရှင်ဟောကြားတော်မူခဲ့တယ်ဆိုတာသေချာစေဖို့ အရှင်မဟာကဿပက အရှင်အာနန္ဒာကို မေးရပါ တယ်။
အဲဒီအချိန်မှာ အရှင်အာနန္ဒာက ”ဘန္တေ-အရှင်မဟာ ကဿပ၊ တပည့်တော်သည် မင်္ဂလသုတ်ကို ဗုဒ္ဓမြတ်စွာ မျက်မှောက်တော်မှာ ဒီနည်းဒီအတိုင်း ကြားနာ မှတ်သားလိုက်ရပါသည်”လို့ လျှောက်ထားခဲ့ကြောင်း မှတ်သားဖို့ပဲ ဖြစ်ပါတယ်။ မင်္ဂလာအမွှန်းတင်ဂါထာဖြစ်တဲ့ ”ယံ မင်္ဂလံ”ကစပြီး ၃၈ ဖြာမင်္ဂလာတရားတော်တွေကို သက်ဆိုင်ရာဂါထာအလိုက် စီစဉ်ထားတဲ့ မင်္ဂလသုတ်ပါဠိဟာ တကယ်တမ်း ရွတ်ဖတ်ကြည့်လိုက်ရင် ၂ မိနစ်သာသာ ၃ မိနစ်နီးပါးပဲ ရှိပါတယ်။
ဒါပေမဲ့ ဒီမင်္ဂလာတရားတော်တွေဟာ ချဲ့ယူရင်ချဲ့ ယူသလောက် ကျယ်ပြန့်ပြီး မြန်မာ့လူ့အဖွဲ့အစည်းအတွက် ခေတ်အဆက်ဆက်မှာ အရေးပါခဲ့တာကြောင့် မင်္ဂလသုတ်ကို ဗုဒ္ဓဘာသာ သင်ရိုးညွှန်းတမ်းတွေထဲမှာ ထည့်ခဲ့ကြကြောင်း အောက်စဖို့ဒ်ဆရာတော် ဒေါက်တာ အရှင်ဓမ္မသာမိက မိန့်ပါတယ်။
(၅) ၂ဝ၂ဝ၊ နှစ်ဦးဓမ္မလက်ဆောင်အဖြစ်နဲ့ အောက်စဖို့ဒ်ဆရာတော် ဟောကြားပို့ချထားတဲ့ ”မင်္ဂသုတ်တော်ကို ခြုံငုံသုံးသပ်ခြင်း”ထဲက မင်္ဂလာတရားတော်များနဲ့ဆက်စပ်ရာ ဟောကြားချက်တချို့ကို တင်ပြ ပေးလိုပါတယ်။ မြန်မာနိုင်ငံ၊ မြန်မာ့လူ့အဖွဲ့အစည်း ခေတ်အဆက်ဆက်မှာ မင်္ဂလသုတ်ဟာ အရေးပါလို့ ဗုဒ္ဓဘာသာသင်ရိုးညွှန်းတမ်းထဲ ထည့်သွင်းခဲ့ကြသလိုပါပဲ။ တခြား ဗုဒ္ဓဘာသာဝင်နိုင်ငံများဖြစ်တဲ့ သီရိလင်္ကာ၊ ထိုင်း၊ ကမ္ဘောဒီးယား၊ လောနိုင်ငံတို့မှာလည်း မင်္ဂလသုတ်အကြောင်း မသိသူ မရှိဘူးလို့ ဆိုနိုင်ပါတယ်။
သီရိလင်္ကာနိုင်ငံ၊ အစိုးရကျောင်းတွေမှာ အတန်းကျောင်းက ကလေး ဗုဒ္ဓဘာသာမှန်တယ်ဆိုရင် မင်္ဂလသုတ်၊ ရတနသုတ်နဲ့ မေတ္တသုတ်ဆိုတဲ့ ပရိတ်ကြီးသုံးသုတ်ကို အလွတ်ကျက်မှတ်ကြရပါတယ်။ သီရိလင်္ကာမှာတော့ ဗုဒ္ဓဘာသာမှန်ရင် မင်္ဂလသုတ်ကို အကုန်ရကြပြီး သူတို့နိုင်ငံသားတွေဟာ လူနာမည်မှည့်ရင်တောင် Mangala (မင်္ဂလာ)ဆိုတဲ့စကားပါအောင် မှည့်ခေါ်တတ်ကြတယ်လို့ အောက်စဖို့ဒ်ဆရာတော်က ထောက်ပြထားတာပါ။
ထိုင်းနိုင်ငံမှာလည်း ထိုင်းဘာသာစကားနဲ့ရေးထားတဲ့ ”မင်္ဂလတ္ထဒီပနီ”စာအုပ်ရှိပြီး ထိုင်းသံဃာတော်များရဲ့ သင်ရိုးညွှန်းတမ်းထဲမှာ မင်္ဂလသုတ်အကျယ် ထည့်သွင်းထားကြောင်း၊ ထိုင်းလိုရေးထားတဲ့ ”မင်္ဂလတ္ထဒီပနီ”၊ မင်္ဂလသုတ်အကျယ်ကို ကမ္ဘောဒီးယား နဲ့ လောနိုင်ငံတို့မှာလည်း လေ့လာသင်ကြားကြကြောင်း သိရပါတယ်။
ဇေတဝန်ကျောင်းတော်မှာ မင်္ဂလသုတ်ကို ဗုဒ္ဓမြတ်စွာဟောကြားခဲ့တုန်းက ဘုရားရှင်ကို လာပြီးတော့ မေးလျှောက်တာဟာ နတ်သားတစ်ပါးဖြစ်ပါတယ်။ နတ်သားဟာ အသိဥာဏ်ထက်မြက်ပြီး ဆိုလိုချက်တွေကို နားလည်လွယ်ပါတယ်။ ဒီအတွက် ဘုရားရှင်က မင်္ဂလသုတ်ကို ဟောတဲ့နေရာမှာ ကဗျာဆန်ပြီး၊ ခပ်ကျဉ်းကျဉ်းနဲ့ လိုရင်းကိုပဲ ပြောထားတာကြောင့် တော်ရုံတန်ရုံလူဆိုရင် ဘက်စုံအောင် နားလည်နိုင်ဖို့ခက်ခဲပါတယ်။
ဗုဒ္ဓဘာသာ မြန်မာလူငယ်တွေအနေနဲ့ မင်္ဂလသုတ်လာ မင်္ဂလာတရားတော်များအကြောင်း စနစ်တကျ ချဉ်းကပ်လေ့လာကြည့်ဖို့အတွက်-
”ဒီထဲမှာပါတဲ့ Message တွေ ဘာဖြစ်လို့စာအုပ်အစုံ ဖတ်စေချင်တာတုန်းဆိုတော့ မင်္ဂလသုတ်က မြတ်စွာဘုရားဟောထားတာ အရမ်းကို သိပ်သည်းပြီးတော့ အရမ်းကို ကျဉ်းလွန်းတဲ့အခါကျတော့ တော်ရုံတန်ရုံလူဆိုရင် ဘက်စုံအောင်နားမလည်နိုင်ဘူး။ ကိုရင်လေးတည်းက၊ အသက်ဆယ်နှစ်လောက်တည်းက စပြီးတော့ ဘုန်းဘုန်းအလွတ်ရတာ ဒီမင်္ဂလသုတ်ပဲ။ ဒါပေမဲ့ ဒီမင်္ဂလသုတ်ကို နားလည်ဖို့အတွက် ဘုန်းဘုန်းနှစ် ၃ဝ လောက် တခြား စာတွေလည်း ဖတ်၊ တရားတွေလည်း နာ၊ ပိဋကတ်သုံးပုံမဟုတ်တဲ့ ဗဟုသုတစာတွေလည်း ဖတ်၊ လူ့လောကအတွေ့အကြုံလည်းပဲ တစ်နိုင်ငံပြီး တစ်နိုင်ငံ အဲဒီလိုရရှိလာတဲ့အခါကျမှ မင်္ဂလသုတ်အကြောင်း နည်းနည်းနားလည်လာတယ်’လို့ ”မင်္ဂလသုတ်တော်ကို ခြုံငုံသုံးသပ်ခြင်း”မှာ အောက်စဖို့ဒ်ဆရာတော်က မိန့်ကြားထားတာပါ။
မင်္ဂလာတရားတော်တွေကို လေ့လာတဲ့အခါ
အသေဝနာစ ဗာ လာန အစရှိတဲ့ ပေါင်းသင်းဆက်ဆံရေးမင်္ဂလာ သုံးပါး၊
ပတိရူပ ဒေသဝါသ အစရှိတဲ့ နေထိုင်ရေးမင်္ဂလာသုံးပါး၊
ဗာဟုဿစ္စဉ္စ အစရှိတဲ့ သင်ကြားရေးမင်္ဂလာလေးပါး၊
မာတာပိတုဥပဋ္ဌာန အစရှိတဲ့ ပြုစုရေးမင်္ဂလာ သုံးပါး၊
ဒါနဉ္စအစရှိတဲ့ လိုက်နာကျင့်သုံး ရေးမင်္ဂလာ လေးပါး၊
အာရတီပါပါ အစရှိတဲ့ ရှောင်ကြဉ်ရေးမင်္ဂလာ လေးပါး၊
ဂါရဝေါစအစရှိတဲ့ စိတ်ထားရေးမင်္ဂလာ ငါးပါး၊
ခန္တီစအစ ရှိတဲ့ သည်းခံရေးမင်္ဂလာ လေးပါး၊
တပေါစ အစရှိတဲ့ ခြိုးခြံရေး မင်္ဂလာလေးပါး၊
ဖုဋ္ဌဿ လောကဓမ္မေ ဟိ စိတ္တံ ယဿ န ကမ္ပတိအစရှိတဲ့ စိတ်ထားခိုင်ခံ့ရေးမင်္ဂလာ လေးပါးဆိုပြီး စနစ်တကျ ခွဲခြားညွှန်ပြထားတဲ့ ဆရာစဉ်ဆက် လေ့လာလမ်းညွှန်ချက်တွေ ရှိပြီးသား ဖြစ်ပါတယ်။
ကျမ်းတတ်ပေတတ် ဆရာမြတ်များစွာ ရေးသားရှင်းလင်းပြီး သားဖြစ်တဲ့အတွက် မင်္ဂလသုတ်ရဲ့အာဘော်တွေကို ဗုဒ္ဓဘာသာဝင် တော်တော်များများ ရင်းနှီးပြီးသားဆိုတာလည်း အထူးပြောစရာ မလိုတော့ပါဘူး။ ကျေးဇူးတော်ရှင်ပါမောက္ခချုပ်ဆရာတော်ကြီး မိန့်ကြားထားသလို စာပေအရ လေ့လာထားကြပေမယ့် လက်တွေ့ဘဝမှာ အလှမ်းကွာသလို ဖြစ်နေသူတွေကို ကျွန်တော်လက်လှမ်းမီသမျှ ပြန်လည်ပြီး တင်ပြတဲ့သဘောအနေနဲ့သာ ကိုးကား၊ မျှဝေရခြင်းဖြစ်ပါတယ်။
အထူးသဖြင့် ”ဘာသာတရားဆိုတာနဲ့ တို့နဲ့မဆိုင်ဘူး” လို့ ထင်နေကြတဲ့ ညီငယ်၊ ညီမငယ်တွေကို ဒီမင်္ဂလာတရားတော်များဟာ ကျွန်တော်တို့အားလုံးအတွက် အခြေခံအကျဆုံး၊ အကောင်းဆုံးသော ဘဝနေနည်းလမ်းပြမြေပုံ၊ ဘဝတိုးတက်အောင်မြင်ရေး နည်းလမ်းကောင်းများဖြစ်တယ်ဆိုတာ စေတနာစကား ပြောကြားလို ရင်းပါပဲ။
၂၁ ရာစုသားရွှေဥတို့ လူမှုဘဝ တိုးတက်အောင်မြင်ဖို့ရာ မင်္ဂလာကျင့်စဉ် ကိုယ်နှင့်မကွာ ဖြစ်ကြပါစေ ခင်ဗျာ။
မိုးအောင်လင်းနိုင် ( ရိုးရာလေး)