လူငယ်တွေလုပ်သင့်သည့် အလုပ်အကိုင် (၅) မျိုး

business.jpg

နေ့စဥ်နဲ့အမျှ ကုမ္ပဏီတွေက အလုပ်ခေါ်စာတွေခေါ်နေသည်။ ထိုခေါ်သည့် အလုပ်တွေထဲမှာမိမိအရည်အချင်းနဲ့ ကိုက်ညီမှုမရှိတာက များနေတယ်မဟုတ်လား..။ ဘာကြောင့်လဲဆိုတော့ကိုယ့်မှာ တတ်ထားတဲ့ ပညာနဲ့လိုအပ်နေတဲ့ အလုပ်တွေက အံ၀င်ခွင်ကျ မဖြစ်တာများလို့သင်တန်းတွေတက်၊ အလုပ်သင်တွေလုပ်ပြီး အရည်အချင်းတွေ ဖြည့်ရတာမဟုတ်လား…။ လက်ရှိကာလမှာ များသောအားဖြင့် မည်သည့်ကုမ္ပဏီ၊ အဖွဲ့အစည်း၊ စီးပွားရေးတွေမှာပဲဖြစ်စေ အားလုံးလိုအပ်နေတဲ့ အလုပ်တွေမှာ၀င်တိုးနိုင်အောင် လူငယ်တွေအတွက် ဗဟုသုတအဖြစ် မျှ​ဝေပေးလိုက်ပါတယ်။ တကယ်တော့ အလုပ်လို့ပြောလိုက်ရင် မိမိစိတ်၀င်စားတဲ့ နယ်ပယ်ဖြစ်နိုင်ရင်တော့ ပိုကောင်းတာပေါ့၊ သို့သော် အလုပ်မရှိတာထက်စာရင် ရှိတဲ့အလုပ်ကိုလုပ်ရင်းနဲ့ ၀င်ငွေတွေ ရယူနိုင်တယ်ဆိုတာကို လူငယ်တွေကို သိစေချင်ပါတယ်။ ဒါကြောင့်အောက်ပါ အလုပ်တွေကိုဆက်လက်ဖတ်ရှုပြီး အကြံဥာဏ် ကောင်းတွေကို ရယူလိုက်ပါ။

(၁)။ Graphic Designer အလုပ်

ဖေ့ဘွတ်တစ်ခွင်နဲ့ ကြော်ငြာတွေမှာ မြင်တွေ့ရနိုင်တဲ့ အလုပ်ခေါ်စာ ဖြစ်လို့ ဒီဇိုင်း၀ါသနာပါတဲ့ လူငယ်တွေအနေနဲ့ ဒီလိုသင်တန်းတွေကို တက်ထားသင့်ပြီး အတွေ့အကြုံ ယူထားသင့်ပါတယ်။အရိပ်ထဲ သက်သောင့်သက်သာ လုပ်ရမယ့်အပြင် မိမိရဲ့ ကိုယ်ပိုင်ဖန်တီးမှု နဲ့ လုပ်ကိုင်ရလို့ အလွန်မှ စိတ်ကျေနပ်ဖို့ကောင်းပြီး အချိန်မရွေး အလုပ်တွေရရှိနိုင်ပါတယ်။ ကုမ္ပဏီတိုင်း၊ စီးပွားရေလုပ်ငန်းတိုင်း ယခုခေတ်ကာလအရ ကြော်ငြာတွေနဲ့ လုပ်ငန်းမြင့်တင်နေရလို့ဒီအသက်မွေး၀မ်းကြောင်းပညာက သင့်ကိုအလုပ်ရဖို့ အာမခံချက်ပေးမှာ ဖြစ်ပါတယ်။

ဒါ့အပြင် သင့်အနေနဲ့ ကုမ္ပဏီတစ်ခုခုမှာ အလုပ်တွေ မရနိုင်သေးသည့်တိုင် အချိန်ပိုင်း အလွတ်တန်း အိမ်ကနေလုပ်နိုင်ပါသေးတယ်။ သင့်ရဲ့ ဖန်တီးမှုအားကောင်းရင်ကောင်းသလို နာမည်ကြီး ဒီဇိုင်းနဲ့ တံဆိပ်များ ကိုလည်း ဖန်တီးပေးနိုင်ပါ သေးတယ်။ ဒါတင်မကပဲ ဒီအလုပ်ကို အတိုင်းအတာထိတတ် ကျွမ်းမှုရှိထားရင် မိမိအနေနဲ့ ကိုယ်ပိုင်သင်တန်းများ ဖွင့်ပြီးတော့ လည်း အသက်မွေး၀မ်းကြောင်းပြုနိုင် တယ်ဆိုတာ ပြောပြပါရစေ။ ဒါကြောင့် ဂရပ်ဖစ်ဒီဇိုင်း သင်တန်းတွေတက်ချင်ရင် ဖေ့ဘွတ်ကနေ အလွယ်တကူရှာဖွေနိုင်ပြီး လူတွေ့ဖြစ်စေ၊ အွန်လိုင်းကနေဖြစ်စေ အချိန်ပိုင်း သင်တန်းများ တက် ရောက်နိုင်ပါတယ်။
ဖေ့ဘွတ်ကနေတစ်ဆင့်တက် ရောက်နိုင်သည့် သင်တန်းတွေကတော့ MIGT-Creative Myanmar-Edu, Myanga Myanmar, The World Design Institute တွေဆီစုံစမ်း နိုင်ပါ တယ်။ သင်တန်းတက်ထားတဲ့ ကောင်းကျိုးကတော့ လက်မှတ်တွေရရှိနိုင်ပြီး အာမခံချက် ပိုမိုရရှိစေပါတယ်။

၂။ ဗီဒီယိုတည်းဖြတ် အလုပ်

အထက်ကပြောခဲ့သလိုပဲ မိမိအနေနဲ့ ဗီဒီယိုတည်းဖြတ် ပြင်ဆင်တာ ၀ါသနာပါရင်တော့ အလုပ်မရှား ပါဘူးနော်။ ယခုအခါ လုပ်ငန်းတွေက အရောင်းမြင့်တင်တာဖြစ်စေ၊ကြော်ငြာတာဖြစ်စေ၊ လုပ်ငန်း လှုပ်ရှားမှုများကို မျှ​ဝေတာပဲဖြစ်စေ ဗီဒီယိုတည်းဖြတ် နိုင်သူတွေကို ဒုနဲ့ဒေး ခေါ်နေကြပါ တယ်။ ဆက်လက်ပြီး မီဒီယာကုမ္ပဏီတွေ၊ ရုပ်မြင်သံကြားဌာနတွေနဲ့ ဆက်စပ်သင်တန်းကျောင်းတွေ မှာလည်း ထိုအလုပ်ကို လုပ်နိုင်တဲ့သူတွေ ကိုရှာဖွေနေပါတယ်။ သင့်အနေနဲ့ ကျွမ်းကျင်စွာတည်းဖြတ် နိုင်ပါကအလုပ်ရနိုင်ချေပိုများပါတယ်။

ဒါ့အပြင် အချိန်ပိုင်းလုပ်မလား၊ ပရောဂျက် တွေကိုပဲလက်ခံပြီး အိမ်မှာပဲလုပ်မလား၊ ကိုယ်ပိုင် သင်တန်းလေးပဲ ဖွင့်စားမလား စတဲ့ အကြံဥာဏ်များကိုသုံးပြီး အသက်မွေး ၀မ်းကြောင်းမှုပြုလုပ်နိုင်ပါ တယ်။ ထိုတည်းဖြတ် သင်တန်းတွေကို တက်ဖို့ဆိုရင်တော့အွန်လိုင်းကနေတစ်ဆင့် အဆက် အသွယ်ပြု လုပ်နိုင်ပါတယ်။ ဖေ့စ်ဘွတ်ကနေဆိုရင်တော့ MMDC-Myanmar ကိုဆက်သွယ်နိုင် ပါတယ်။ အွန်လိုင်းကနေကိုယ်တိုင်သင်ယူချင်ရင်တော့ အားလုံးသိတဲ့ Youtube ကနေတစ်ဆင့်သင်ယူ လေ့လာ နိုင်ပါတယ်။ ဆက်လက်ပြီး ကိုယ်တိုင် တည်းဖြတ်မှုလေးတွေကို စတင် စမ်းလုပ်ပြီး အတွေ့အကြုံယူ ထားသင့်ပါတယ်။

၃။ Content Writer

သင့်မှာ စာရေးရတာ ကြိုက်တဲ့ ၀ါသနာရှိရင်တော့ ဒီအလုပ်ကသင့်အတွက် အလွန်မှလုပ်သင့်တဲ့ အလုပ်ဖြစ်ပါ တယ်။ များစွာသော သတင်းမီဒီယာဌာနများ၊ လုပ်ငန်းများ၊ အမှတ်တံဆိပ်များနဲ့ ကုမ္ပဏီများ၊ ခရီးသွားလုပ်ငန်း၊ အစားအသောက်၊ စျေးကွက် နဲ့ ဘလော့ဂ်များဟာ ဒီအလုပ်ကို လုပ်ကိုင်နိုင် တဲ့လူများကို ရှာဖွေ နေကြပါတယ်။ နေ့စဥ်နဲ့အမျှ သတင်းနဲ့ လုပ်ငန်းများဟာ မတူကွဲပြားတဲ့ အကြောင်းအရာ အသစ်အသစ် တွေကိုပဲ ပေးချင်တဲ့အတွက်ကြောင့် ဒီလို content writer အလုပ်ကအခြားသောအလုပ်တွေထက် ရှာဖွေရလွယ်ကူတာကို သင်သိနိုင်မှာဖြစ်တယ်။ ဒါ့အပြင်သင့်မှာ ဘလော့ဂ်ထောင်တာရှိရင် ပုံမှန်စာရေးပြီးတော့ ပရိသတ်ရှိလာအောင်ကြိုးစားနိုင်ပါသေးတယ်။


ဒီလို တင်မက သင်ဟာ သူမတူတဲ့ ကိုယ်ပိုင်စိတ်ကူးစိတ်သန်း ကောင်းသူဆိုရင်တော့ ဖြည်းဖြည်းခြင်း မိမိကိုယ်ပိုင်စာအုပ်စာပေတွေကို ပရိသတ်တွေဆီ​ဝေမျှနိုင်ပြီး လူတွေရဲ့ဘ၀ကို တစ်ထောင့်တစ် နေရာကနေတိုးတက်လာအောင် လုပ်ဆောင်ပေးနိုင်တယ်ဆိုတာ မမေ့ပါနဲ့။ ဒီအလုပ်ဟာ ၀ါသနာပါတာနဲ့ တင်လုံလောက်ပေမယ့် စနစ်တကျရေးသားနိုင်ဖို့ကိုတော့ လက်လှမ်းမှီရာ သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာတွေဆီကနေ ဗဟုသုတ လေ့လာစုဆောင်းနိုင်ပါတယ်။ ဒါကြောင့် ပိုမိုတိုးတက် လာဖို့ဆိုလျှင် စာများစွာဖတ်ပါ၊ ဒီအလုပ်ကိုလုပ်နိုင်ဖို့ အင်္ဂလိပ်စာကို တတ်ထားရင်ကောင်း ပါတယ်။ ဒါမှလည်း ဘာသာပြန်နိုင်ပြီး အကြောင်းအရာများကို ပိုမိုကိုးကား နိုင်ပါမယ်။ အကြောင်းအရာ သစ်တွေကို ရှာဖွေစု ဆောင်းပါ၊ စာပေဟောပြောပွဲ၊ လူထု စကား၀ိုင်း စတဲ့ အရာများနဲ့ရင်းနှီးကျွမ်း၀င်မှု ရှိထားသင့်ပါတယ်။ Content Writer လုပ်နိုင်ဖို့ နီးစပ်ရာ မဂ္ဂဇင်း၊ သတင်းစာတိုက်၊ ဂျာနယ် များဆီဆက်သွယ်ပါ၊ သူတို့စိတ်၀င်စားရင် မိမိအနေနဲ့ အလုပ်ရနိုင်ပါတယ်။

၄။ ဘလော့ဂ်ဂါ အလုပ်

ဘလော့ဂ်ဂါ အလုပ်လို့ ဆိုလိုက်ရင် မိမိစိတ်၀င်စားမှုအပေါ်မူတည်ပြီးတော့ အကြောင်းအရာများကို ပရိသတ်ဆီ နည်းမျိုးစုံ (စာရေးခြင်း၊ ဗီဒီယိုတင်ခြင်း၊ အသံလွင့်ခြင်း)ဖြင့် မျှ​ဝေကြလေ့ရှိပါတယ်။ ဒီအလုပ်ကတော့ ၀ါသနာပါတဲ့လူတိုင်း လုပ်နိုင်တယ်လို့ ထင်မြင်မိပါတယ်။ အသက်အရွယ်အကန့်အသတ်မရှိ၊ နယ်ပယ်အကန့်အသတ်မရှိ၊ မိမိစိတ်၀င်စားတဲ့ အကြောင်းအရာတွေကို နေ့စဥ်၊ အပတ်စဥ် သို့ လစဥ် မျှ​ဝေနိုင်ပါတယ်။ ဒီအလုပ်ရဲ့ ထူးခြားချက်ကတော့ မိမိရဲ့ ကိုယ်ပိုင်အလုပ်တွေကို ပုံမှန်လုပ် ကိုင်နိုင်ပြီး ဘလော့ဂ်အတွက်အချိန်ကို တော့ အားရင်အားသလိုပေးနိုင်လို့ ဖိအားသိပ်မရှိပဲ လွတ်လပ် ပေါ့ပါးစွာ လုပ်နိုင်ပါတယ်။ ဒီအလုပ်ကိုလုပ်ချင်ရင်တော့ အနည်းဆုံး စမတ်ဖုန်း နဲ့ အင်တာနက်ရှိဖို့တော့လိုပါတယ်။

ဒါ့အပြင်မိမိ ရွေးချယ်တဲ့ အကြောင်းအရာက ပရိသတ်ဆီထိုး ဖောက်မှုရှိနိုင်တဲ့အရာ တွေဆိုရင်ပို ကောင်းပါ တယ်။ ဖေ့စ်ဘွတ်မှာ စာမျက်နှာဖွင့်ပြီး မိမိနှစ်သက်တဲ့ အကြောင်းအရာများကို မျှ​ဝေနိုင်ပါ တယ်။ ဥပမာ အားဖြင့်၊ သီချင်းဆိုခြင်း၊အလှအပနဲ့အနုပညာ၊ ပန်းချီဆွဲပြခြင်း၊ ဗဟုသုတမျှ​ဝေခြင်း၊ ခရီးသွားမှု တင်ဆက်ခြင်း၊ အမှတ်တံဆိပ် ကြော်ငြာများကို ရောင်းချမျှ​ဝေပေးခြင်း နဲ့ ပြန်လည်သုံးသပ်ပေးခြင်း၊စာရေးသားခြင်း၊ အင်တာဗျူးခြင်း၊ ဓာတ်ပုံရိုက်တင်ခြင်း နဲ့ ဟင်းလျာများ ချက်ပြုတ်ခြင်း စတဲ့အခြား သော စိတ်၀င်စားဖွယ် အကြောင်း အရာများကို မိမိအနေနဲ့ လုပ်နိုင်ရင်လုပ်ဖို့အကြံပေးပါတယ်။

၅။ ဘာသာပြန်ခြင်း

သင့်မှာ ဘာသာစကားတစ်မျိုး ပိုတတ်ထားပါသလား၊ မိခင်ဘာသာစကားအပြင် အခြားသောဘာသာစကားတွေတတ်ထားရင် အသုံးတည့်ပါတယ်။ အနည်းဆုံးတော့ ဘာသာစကား တစ်ခုပိုတတ် ထားရင်အကောင်းဆုံးပါ။ အလုပ်လျှောက်တဲ့သူအများကြီး ထဲမှာအားသာစေတဲ့အချက်က ဘာသာ စကားများကို ကျွမ်းကျင်စွာပြောဆိုနိုင်တဲ့ အချက်ဖြစ်ပါတယ်။ ဥပမာ အင်္ဂလိပ်၊ ထိုင်း၊ ကိုရီးယား၊ ဂျပန်၊ တရုတ်၊ စပိန်၊ ဂျာမန် စတဲ့ ဒုတိယ ဘာသာစကားတစ်ခုခုကို တတ်မြောက်ထားရင် အကောင်းဆုံးဖြစ် ပါတယ်။ မိမိသွားလိုတဲ့နိုင်ငံ (သို့) လုပ်လိုတဲ့ ကုမ္ပဏီ ကိုလိုက်ပြီး ဘာသာစကား များကို သင်ယူ တတ်မြောက်ထားသင့်ပါတယ်။ ဒါကြောင့်ရတဲ့အချိန်လေးတွေကို မဖြုန်းမိစေပဲ မိမိစိတ်၀င်စားတဲ့ (သို့) လူသုံးများတဲ့ဘာသာစကားတွေကို လေ့လာသင်ယူထားပါ။

လုပ်ငန်းတိုင်းမှာ လူအများနဲ့ ချိတ်ဆက် လုပ်ကိုင်ရလို့ ဒုတိယဘာသာစကားဟာလိုအပ်ပါတယ်။ ဒါကြောင့် ဘာသာစကား ကိုလျှော့မတွက် သင့်ပဲ တစ်ခုခုကိုတတ်ထားပြီး အသက်မွေး၀မ်းကြောင်းပြုနိုင်ပါတယ်။ ဘာသာစကား တိုးတက်စေဖို့ နီးစပ်ရာ ကျောင်း၊ သင်တန်း၊ အွန်လိုင်းဖြစ်စေ သင်ဆရာ၊ မြင်ဆရာ နဲ့ ကြားဆရာတွေဆီမှာ သင်ယူနိုင်ပါတယ်။ အကြံပြုချင်တာက ဘာသာစကားကို အသက်ငယ်ရွယ် တုန်းမှာသင်ယူသင့်ပါတယ်။ ဒါမှလည်း မြန်ဆန်ပြီး ထိရောက်စွာလေ့လာ မှတ်သား နိုင်မှာဖြစ်တယ်။ သင့်အနေနဲ့ ဒီအလုပ်ကို စပြီးလုပ်ကိုင်လိုလျင် လက်လမ်းမီတဲ့ စကားပြန်အလုပ်တွေ၊ ဘာသာပြန် အလုပ်တွေကိုရှာဖွေပြီး အတွေ့အကြုံယူနိုင်ပါတယ်။ နိဂုံးချုပ်မှာတော့ အထက်ပါ တင်ပြထားတဲ့အလုပ်တွေက အကြံပြုချက်တွေသာဖြစ်လို့ ကိုယ်ပိုင်ဆုံးဖြတ်ချက် ချပြီးမှသာ အလုပ်တွေကိုလုပ်စေချင်ပါတယ်။

မိမိအနေနဲ့လည်း အခြားသော စိတ်၀င်စားပြီး လုပ်ကိုင်နိုင်တဲ့ အလုပ်တွေရှိပါကလည်း ရှေ့ဆက်သွားပါ။ အကောင်းဆုံးကတော့အသက်မွေး၀မ်းကြောင်းတစ်ခုခုကို သင်ယူတတ်မြောက်ထားဖို့ အထူးလိုအပ်ပါတယ်။ တိုးတက်နေတဲ့ ခေတ်ကာလကြီးမှာ ၀င်ဆန့်စေဖို့ မိမိမှာ ရှိသင့်တဲ့အရည်အချင်းများကို ရှာဖွေစုဆောင်းထားပါ။ နေ့စဥ်ကြုံ တွေ့နေ ရတဲ့ အခြေအ နေတွေကအပြောင်းအလဲမြန်နေတဲ့ အတွက်ကြောင့် သမားရိုးကျ အလုပ် တွေ ထက် လွတ်လပ်စွာရပ်တည်နိုင်ပြီး အရည်ချင်းရှိရင်ရှိသလို လုပ်ကိုင်နိုင်တဲ့အလုပ်တွေကို ပိုမိုဦးစားပေးလုပ်ကိုင်ဖို့ တိုက်တွန်းပါရစေ။ တကယ်တော့ သင့်မှာအရည်အချင်းရှိရင် အလုပ်ကမရှားပါဘူး။ အားလုံး အခွင့်အလမ်းကောင်းတွေကို ကြုံဆုံနိုင်ကြပါစေ။

Ref: personal experiences

TharHtoo ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top